ရာသီအလိုက်ခံစားရသော စိတ်ဖိစီးမှုရောဂါအကြောင်း သိကောင်းစရာ
လူသားများသည် နိစ္စဓူဝလှုပ်ရှားရုန်းကန်နေကြရင်းနဲ့ ရာသီစက်ဝန်းကလည်း မရပ်မနား ပုံမှန်လည်ပတ်လျက်ရှိတာကို သတိမူမိတာ နည်းပါးတတ်
ကြပါတယ်။ သဘာဝတရားကလည်း သူ့ဟာနဲ့သူ ပြောင်းလဲဖြစ်ပေါ်နေသလို နေ့ည/ဥတုရာသီ တို့ကြောင့်လည်း လူသားတို့အနေနဲ့ ရောဂါလက္ခဏာများ ဖြစ်ပေါ်ခံစားရတတ်တာကို သတိပြုမှုနည်းပါးတတ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရာသီဥတုသမမျှတ
ပြီး ပူလွန်းခြင်း၊ အေးလွန်းခြင်း ဖြစ်ပွားတတ်တဲ့ဒေသများ နည်းပါးတာကြောင့် ရာသီအလိုက်ခံစားရသော စိတ်ဖိစီးမှုရောဂါကို သတိမထားမိကြသော်လည်း ဥရောပနိုင်ငံများ၊ ရေခဲဒေသများမှာ နေထိုင်သူများအနေနဲ့ ကြီးမားပြင်းထန်တဲ့ ရာသီဥတုအပြောင်းအလဲ
များကြောင့် ဖော်ပြပါရောဂါဟာ အဖြစ်များတဲ့ ရောဂါအမျိုးအစားထဲမှာပါဝင်ပါတယ်။ ထို့ကြောင့် ၎င်းင်းရောဂါအကြောင်း လေ့လာနိုင်စေရန် အကျဉ်းမျှရေးသားတင်ပြလိုပါတယ်။
အခြေခံအချက်များ
ရာသီအပြောင်းအလဲအလိုက်ဖြစ်တတ်သော စိတ်ကျရောဂါ (Seasonal affective disorder) ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်နေသော စိတ်ကျရောဂါ အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ၎င်းင်းရောဂါဟာ နှစ်စဉ် ရာသီအပြောင်းအလဲမှာ တူညီတဲ့အချိန် ကာလတစ်ခုမှာဖြစ်တတ်ပါတယ်။ ဥပမာ- ဆောင်းရာသီ အစပျိုးတာနဲ့ ၎င်းရောဂါလက္ခဏာများ စတင်ခံစားရတတ်ပြီး နွေဦးပေါက်ချိန်ရောက်မှသာ ခံစားနေရတဲ့ ရောဂါလက္ခဏာများ ပျောက်ပြယ်သွားတတ်ပါတယ်။
အဆိုပါရောဂါဟာ များသောအားဖြင့် ဆောင်းရာသီနှင့်သာ ဆက်စပ်ဖြစ်ပေါ်တတ်ပြီး နွေဦးပေါက်နှင့် နွေရာသီကာလတွေမှာတော့ ဖြစ်ပွားမှုနည်းတတ်ကြပါတယ်။ အေးမြသောရာသီပြောင်းလဲမှုအခြေပြု စိတ်ရောဂါလက္ခဏာများ သက်သာစေရန်အတွက် အကြမ်းဖျင်း ကုထုံးများကတော့ နေပူစာလှုံပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုရစေရန် ဆေးဝါးမပါသော စိတ်ရောဂါကုထုံးများဖြင့် ကုသမှုခံယူခြင်းနှင့် လိုအပ်လာပါက စိတ်ငြိမ်ဆေးအပါအဝင် ဆေးဝါးမှီဝဲခြင်း စသည်တို့ဖြစ်ပါတယ်။ ထိုသို့ ရာသီအပြောင်းအလဲအလိုက်ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာလက္ခဏာများကို ပေါ့ပေါ့ဆဆ မမှတ်ယူသင့်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ အတက်အကျကို တစ်နှစ်ပတ်လုံး ပုံမှန်ဖြစ်နေစေရန်
အတွက် လိုအပ်သော လေ့ကျင့်ကုသမှုများကို စနစ်တကျ ခံယူသင့်ပါတယ်။
ရောဂါလက္ခဏာများ
အများစုကတော့ ဆောင်းဦးပေါက်ရာသီက စတင်လို့ စိတ်ဖိစီး စိတ်ကျရောဂါလက္ခဏာများ ခံစားရတတ်ပြီး နွေဦးရာသီရောက်တာနဲ့ ရောဂါလက္ခဏာများ ပျောက်ကွယ်သွားတတ်ကြပါတယ်။ အနည်းငယ်သော လူတချို့တွင်တော့ နွေရာသီမှာ ခံစားရတတ်ပြီး ဆောင်းရာသီရောက်မှသာ ရောဂါလက္ခဏာများ သက်သာတတ်ကြပါတယ်။ မည်သည့်အခြေအနေတွင်မဆို ရောဂါလက္ခဏာများဟာ အစပိုင်းမှာ ခပ်ပျော့ပျော့သာ ခံစားရတတ်သော်လည်း ရာသီဥတု
ပိုမိုအေးမြလာသည်နှင့် လက္ခဏာများ ဆိုးရွားလာတတ်ကြပါတယ်။
ရာသီအလိုက်ခံစားရတတ်သော စိတ်ရောဂါ၏ လက္ခဏာများကတော့ နုံးချည့်ကာ အလိုလိုဝမ်းနည်း စိတ်ကျနေတတ်ခြင်း၊ တစ်ခါတစ်ရံ ဖော်ပြပါလက္ခဏာများကို နေ့တိုင်းနီးပါးရက်ဆက်ခံစားရတတ်ခြင်း၊ ယခင်က ပျော်ရွှင်ခဲ့ရဖူးတဲ့ လှုပ်ရှားမှုအဖြစ်အပျက်များကို စိတ်ဝင်စားမှုလျော့ကျလာခြင်း၊ အားမရှိသကဲ့သို့ ဖြစ်ကာ ထိုင်းမှိုင်းလေးလံနေခြင်း၊ အိပ်စက်ခြင်းနှင့်ဆိုင်သော ပြဿနာများ ဖြစ်လာတတ်ခြင်း၊ အစာစား လိုစိတ် လွန်ကဲလာခြင်း၊ ကိုယ်အလေးချိန်တက်လာတတ်ခြင်း၊ အာရုံစူးစိုက်မှုခက်ခဲခြင်း၊ မျှော်လင့်ချက်မဲ့၊ တန်ဖိုးမဲ့ကာ နောင်တရသလိုခံစားနေရခြင်း၊ အဆိုးဆုံးအနေဖြင့် အသက်ရှင် ရပ်တည်လိုစိတ်နည်းလာခြင်း စသည့်လက္ခဏာများ ဖြစ်ပါတယ်။ ၎င်းတို့အနက် တစ်ခုမဟုတ်တစ်ခုသော လက္ခဏာများကို ဆောင်းရာသီ ကာလတွင်ခံစားလာရပါက သတိထားပြီး လိုအပ်သော ကုထုံးများကို ခံယူသင့်ပါတယ်။
ဆောင်းရာသီခံစားရသော စိတ်ရောဂါလက္ခဏာများ
ဆောင်းရာသီတွင်ခံစားရတတ်သော စိတ်ကျရောဂါလက္ခဏာများကတော့ အအိပ်လွန်ကဲခြင်း၊ ကာဗိုဟိုက်ဒရိတ်နှင့် အစာစားသုံးမှု မြင့်မားလာခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်း၊ မောပန်းနွမ်းနယ်အားမရှိသကဲ့သို့ ခံစားရတတ်ခြင်းများ ဖြစ်ပါတယ်။
နွေရာသီခံစားရသော စိတ်ရောဂါလက္ခဏာများ
နွေဦးပေါက်နဲ့ နွေရာသီကာလမှာ ဖြစ်ပွားတတ်သော စိတ်ကျရောဂါလက္ခဏာများကတော့ အိပ်မပျော်ခြင်း၊ အိပ်ရခက်ခဲခြင်း၊ အစာစားမဝင်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ စိတ်ပူပန်တုန်လှုပ်နေတတ်
ခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာများပဲဖြစ်ပါတယ်။
ရာသီဥတုအပြောင်းအလဲများနှင့် စိတ်ကြွ(စိတ်ကျ)ရောဂါ(Bipolar disorder)
စိတ်ကြွ(စိတ်ကျ)ရောဂါ(Bipolar disorder)ဆိုတာကတော့ စိတ်အပြောင်းအလဲ အလွန်အကြူးမြန်ဆန်ခြင်း၊ စိတ်တက်ကြွလာပါက လွန်စွာတက်ကြွသလို စိတ်ကျသည့်အချိန်တွင်လည်း အလွန်ကျဆင်းတတ်ခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ အတက်အကျ အလွန်အကြူးဖြစ်တတ်သည့် ရောဂါကို ဆိုလိုပါတယ်။
မူလကတည်းက စိတ်ကြွ(စိတ်ကျ)ရောဂါ ခံစားနေရသူတွေကတော့ ရာသီဥတုကြောင့်ဖြစ်တတ်တဲ့ စိတ်ကျရောဂါခံစားရမှု ပိုမိုမြင့်တက်စေပါတယ်။ တချို့သော စိတ်ကြွ(စိတ်ကျ) ရောဂါခံစားနေသူတွေမှာ စိတ်ကြွနေတဲ့ အခိုက်အတန့်ကာလတွေမှာ ရာသီပြောင်းလဲမှုကြောင့်ဖြစ်တတ်တဲ့ စိတ်ရောဂါနဲ့ ဆက်နွှယ်မှုဟာ ထူးခြားနေတတ်ပါတယ်။ ဥပမာ-နွေဦးပေါက်နဲ့ နွေရာသီတို့မှာ မူလရောဂါအခံရှိသူတွေအနေနဲ့
စိတ်ကြွရောဂါ လက္ခဏာများ ဖြစ်ပွားတတ်ပြီး စိတ်လှုပ်ရှားခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ကယောက်ကယက် ဖြစ်ခြင်းများ ခံစားရလေ့ရှိကာ ဆောင်းရာသီမှာတော့ စိတ်ကျရောဂါလက္ခဏာများကို ပိုမိုဖြစ်ပွား တတ်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသရမလဲ
တချို့နေ့တွေမှာ သင့်အနေနဲ့ မလုပ်ချင်မကိုင်ချင် ခံစားရတတ်တာကတော့ ပုံမှန်ပါ။ သို့သော် သင့်အနေနဲ့ ထိုသို့ခံစားရမှုတွေဟာ ရက်ဆက်ဖြစ်လာပြီဆိုရင်၊ သင့်အနေနဲ့ ဘယ်လိုမှ စိတ်အားတက်ကြွမှု ပြန်မရတော့ဘူးဆိုရင်၊ သင့်အနေနဲ့ ပုံမှန်ပျော်ရွှင်မှုခံစားရတဲ့ လှုပ်ရှားမှုများမှာ မပျော်မရွှင်ဖြစ်နေတတ်ပြီ ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ အထူးသဖြင့် သင့်ရဲ့ စားသောက်မှုပုံစံနဲ့ အစာစားလိုစိတ်မှာ ပြောင်းလဲလာပြီဆိုရင်၊ အိပ်စက်မှုအချိန်ကာလ ပုံမှန်မဟုတ်တော့ဘူးဆိုရင်၊ အိပ်မပျော်တာ၊ အအိပ်လွန်တာတွေ ဖြစ်လာပြီဆိုရင်၊ စိတ်သက်သောင့် သက်သာဖြစ်ဖို့ အရက်ယမကာ မှီဝဲရပြီဆိုရင်၊ သင့်အနေနဲ့ မျှော်လင့်ချက်မဲ့သည့် စိတ်ခံစားမှုမျိုးဖြစ်ကာ လောကကြီးမှာ မနေပျော်တော့ဘူးလို့ တွေးထင်လာပြီဆိုရင် အန္တရာယ်ရှိလာပြီဖြစ်တာကြောင့် အမြန်ကုသမှု ခံယူသင့်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ရာသီပြောင်း/ဥတုပြောင်းကာလတွေမှာ ဖြစ်ပွားတတ်တဲ့ ကူးစက်ရောဂါများ ကိုသာမက စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုနှင့် ရောဂါလက္ခဏာများအား သတိထားစောင့်ကြည့်ကာ လိုအပ်သည့် ကုထုံးများကို အချိန်မနှောင်းစေဘဲ ခံယူနိုင်ကြစေရန် တိုက်တွန်း ရေးသားလိုက်ရပါတယ်။ ။
ကိုဇေ