အဆို အက အရေး အတီး မြန်မာတို့၏ယဉ်ကျေးမှုအရင်းအနှီး
ရိုးရာဓလေ့ဟူသည် တိမ်ကောပျောက်ကွယ်ရန် မသင့်လျော်သည့် အခန်းကဏ္ဍတစ်ခုတွင် တည်ရှိနေသည်။ တိမ်မြုပ်နေလျှင် တူးဖော်ရပေမည်။ ဘိုးဘွားဘီဘင်တို့၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာတရားနှင့် ယဉ်ကျေးမှုဓလေ့စရိုက်များ
ကို စဉ်ဆက်မပြတ်ထိန်းသိမ်းရမည်က မျိုးဆက်သစ်တို့၏ တာဝန်ဖြစ်ပေသည်။ ယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏ အဆင့်အတန်း၊ ဂုဏ်ဒြပ်၊ ပုံရိပ်သမိုင်းတို့ကိုပြဆိုနေပေသည်။ အလားတူပင် ယဉ်ကျေးမှုကို အစဉ်အလာမပျက် ထိန်းသိမ်းသူများ၏ စိတ်နေစိတ်ထားကိုလည်း ညွှန်ပြသည်။ ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသူတို့၏ စိတ်နှလုံးသားသည် မရိုင်းနိုင်ပေ။ ယဉ်ကျေးမှုအမွေ ထိန်းသိမ်းမလေ စိတ်နှလုံးဖြင့် ရှေ့ဆက်မည့်ခရီးသမိုင်းမှတ်တမ်းဝင်နေဦးမည်ဖြစ်သည်။
လူတို့၏စိတ်နေစိတ်ထားသည် ဆန်းကြယ်သည်။ တခြားနိုင်ငံ၏ယဉ်ကျေးမှုကို လေ့လာသည်။ ခရီးသွားခြင်းဖြင့် စူးစမ်းဖော်ထုတ်သည်။ ခေတ်သစ်မီဒီယာနည်းလမ်းများဖြင့် အရုပ်အသံတည်းဖြတ်၍ ကမ္ဘာကိုချပြလိုကြသည်။
ယုံကြည်ရာအယူအဆအမှားများကြောင့် အချင်းချင်းစိတ်ဝမ်းကွဲနိုင်သည်။ သံသယအမြင်ကြောင့် အထင်အမြင်လွဲနိုင်သည်။
တခြားနိုင်ငံ၏ယဉ်ကျေးမှု စိမ့်ဝင်အားကြီးမှု၊ အတုခိုးမှုများလျှင် မိမိနိုင်ငံ၏ယဉ်ကျေးမှုအရည်အသွေးများ နိမ့်ဆင်းစေနိုင်သည်။
သို့ဖြစ်၍ မိမိနိုင်ငံ၏ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားရမည်ဖြစ်သည်။ ယဉ်ကျေးမှုဓလေ့စရိုက်တွင် အကျုံးဝင်သည့် ဝတ်စားဆင်ယင်မှု၊ အနုသုခုမလက်ရာ၊ စာပေတို့၏တန်ဖိုးရှိမှုကို မြှင့်တင်ရမည်ဖြစ်သည်။ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ယဉ်ကျေးမှုကိုတည်ဆောက်၍ ဘိုးဘွားတို့အမွေ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သည်။ နိုင်ငံ၏ အနာဂတ်ကို ယဉ်ကျေးမှုပေတံဖြင့် မတိုင်းတာလျှင် လူ့တန်ဖိုးများကွယ်ပျောက်နိုင်သည်။ တစ်ဦးချင်းစီ၏ ယဉ်ကျေးမှုအပေါ်ထားရှိသည့် အတွေးအမြင်များလည်း ပျက်စီးနိုင်သည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံဖြင့် အရောင်အသွေးစုံလင်စွာ လှပနေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ရေခံမြေခံကောင်းပြီး ဘာသာ၊ သာသနာထွန်းကားစည်ပင်ရာနိုင်ငံလည်း ဖြစ်သည်။ ဆည်၊ မြောင်း၊ ချောင်းကန်နှင့် အခင်းကျယ်စပါးခင်းကြီးများ၊ သီးနှံစိုက်ခင်းမျိုးစုံတို့ ရှင်သန်ကြီးထွားရာ ဘူမိနက်သန်ဖြစ်သည်။ သီးနှံမျိုးကွဲများရှိသည့်နည်းတူ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်စီရှိကြသည်။ အဆိုပါ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် တိုင်းရင်းသားအသီးသီးတွင် တာဝန်ရှိပေသည်။ သီးနှံများ ပိုးမထိုးအောင်ကာကွယ်ရသကဲ့သို့ ယဉ်ကျေးမှုဓလေ့စရိုက်များ ပျက်စီးမသွားစေရန် ကာကွယ်ရလေ့ရှိပါသည်။ ဘေးအန္တရာယ်မကျရောက်မီ ကြိုတင် ကာကွယ်ခြင်းသည် အကောင်းဆုံးလက်နက်ဖြစ်ပါသည်။
မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုဆိုင်ရာ အစဉ်အလာဖြင့်ကျင်းပခဲ့သော ဆယ့်နှစ်လရာသီပွဲတော်များရှိသည်။ သင်္ကြန်ပွဲတော် စိုရွှဲပျော် ဟူသည့်အတိုင်း ချစ်စရာမြန်မာ့ရေသဘင်ပွဲတော်ကို အရိုင်းမထွင် ယဉ်ယဉ်ကျေးကျေးနှစ်စဉ်မပျက် ကျင်းပခဲ့သည်။ အလားတူ ထင်ရှားသော ပွဲတော်များအနက် သီတင်းကျွတ်မီးထွန်းပွဲတော်သည် တစ်ခုအပါအဝင်ဖြစ်ပြီး ကလေး၊ လူကြီး မရွေး ကြည်နူးနှစ်သက်စွာပါဝင်ဆင်နွှဲကြလေ့ရှိသည်။ ရိုးရာယဉ်ကျေးမှုအရ ကျင်းပသည့် ပွဲတော်များသည် လူတို့၏ စိတ်နှလုံးကို ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိပေသည်။ ပွဲတော်များတွင် တွေ့ရလေ့ရှိသည့် အဆို၊ အက၊ တီးမှုတ်ကခုန်ဟန်က ခံစားသူအကြိုက် နှစ်သက်ဖွယ်ကောင်းလှသည်။ နှလုံးသားကိုလည်း အထူးနူးညံ့စေသည်။ တိုင်းဖင်းသားတို့၏ မြတ်နိုးတန်ဖိုးထားဖွယ် အဆို၊ အက၊ အတီးအမှုတ်သံစဉ်များ ရေရှည်တည်တံ့စေရေး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကျင်းပပေးခြင်းက လွန်စွာ
အဓိပ္ပာယ်ရှိလှပါသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကျင်းပခြင်း၏ ရည်ရွယ်ချက်ကို ဆန်းစစ်ကြည့်ပါလျှင် လူမှုရေးဦးတည်ချက်တွင်ပါရှိသည့် တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဟူသည့် အချက်တစ်ရပ်ပါဝင်သည်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ နှစ်စဉ်ကျင်းပခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် နိုင်ငံတော်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်ပါသည်။ တိုင်းရင်းသားများ၏ ရိုးရာအလှ ကကွက်ကဟန် ဂီတသံကို နားဆင်တွေ့မြင်ရပေတော့မည်။ အသက်အရွယ်မရွေး ပါရမီရှင် အနုပညာရှင်များ ပေါ်ထွက်လာရန် အခွင့်အရေးကောင်းသဖွယ်မြင်မိသည်။ နားဝင်ပီယံသူ့လက်သံဖြင့် အနုပညာအစွမ်းပြ ပြိုင်ဆိုင်ရာစင်မြင့်၊ ပြိုင်ပွဲဝင်သူများနှင့် အကဲဖြတ်သူတို့၏ စည်းဝါးညီညီရွေးချယ်ပွဲကြီးလည်း များမကြာမီ အသက်ဝင်လှုပ်ရှားလာတော့မည်ဖြစ်သည်။
အဆို၊ အက၊ အရေး၊ အတီးဝါသနာသည် တစ်ခဏချင်း ပြုစုပျိုးထောင်ရန် မစွမ်းသာပေ။ ဝါသနာအတွက် ပေးဆပ်ရသည့် အချိန်ကာလတစ်ခုနှင့်အတူ ဇွဲ၊ လုံ့လ၊ ဝီရိယအချိုးညီညီပါဝင်သည်။ ထိုက်တန်သောဆုအတွက် အရင်းအနှီးကကြီးမားသည်။ ရင်ထဲတွင် ယဉ်ကျေးမှုအုတ်မြစ်အခြေခံထားရှိဆောင်ရွက်မှသာ ကိုယ်နှင့်စိတ်နူးညံ့လျက် ဆေးစက်ကျရာအရုပ်ထင်စေမည် ဖြစ်သည်။ မျက်မှောက်ခေတ်ကာလကိုကြည့်လျှင် အတုမြင်အတတ်သင်စရာများစွာ တည်ရှိနေသည်။ သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေးဖြစ်နိုင်ပေသည်။ စိတ်အယဉ်၊ အရိုင်းကို ကိုယ်တိုင်ဖန်တီးခြင်းမှတစ်ဆင့်ရရှိသည်ကို သတိမူသင့်သည်။ တုသင့်သည်ကို တုပသင့်ပြီး မတုသင့်သော အနေအထိုင်အပြုအမူကို မယိမ်းခင်က ရှောင်ခွာတိမ်းမှသာ ဘေးကင်းလုံခြုံသောဘဝကိုရရှိမည်ဖြစ်သည်။
ပါရမီရှင်များ အဆို၊ အက ပညာသင်ယူပြီး အခက်အခဲအတားအဆီးများကို ကျော်လွှားအောင်မြင်ခွင့် ရှိပေသည်။
အနုပညာသည်စိတ်နှလုံးကို သိမ်မွေ့စေသည်။ အဆိုရှင်တစ်ယောက်၏အသံသည် စည်းဝါးနိုင်လျှင် လွန်စွာနားထောင်ကောင်းသည်။ စည်းလွတ်ဝါးလွတ် အော်ဟစ်သီဆိုခြင်းမျိုးမဟုတ်သဖြင့် ကြားရနားဝချမ်းသာစေသည်။ မြန်မာသံစဉ် ချစ်မြတ်နိုးသူတိုင်းအတွက် အဆိုပြိုင်ပွဲရှိရမည်။
အချိုးအကော့ ရင်ကိုမော့လျက် ကကွက်ကဟန်ပိုင်နိုင်သူများအတွက် အကပြိုင်ပွဲရှိသင့်သည်။ တေးရေးအပိုင် ကလောင်ကိုင်သူများအတွက် အရေးပြိုင်ပွဲလည်းရှိရမည်။ စိတ်နှလုံးသား သံစဉ်များနှင့် ရင်းနှီးဖော်ထုတ်လိုသူများအတွက် အတီးပြိုင်ပွဲများလည်းရှိရမည်။ ရွှေ၊ငွေ၊ ကြေးတံဆိပ်ဆုရှင်များ၏ ပီတိအပြုံးအပျော်မျက်နှာများဖြင့် အနုပညာခရီးလမ်းလျှောက်လှမ်းနိုင်မည့် ဆုမွန်ဦး ဖြစ်ပေသည်။
မြတ်နိုးစွာခံယူတတ်လျှင် ဂုဏ်ဒြပ်သဖွယ်ဖြစ်ပေသည်။ ယဉ်ကျေးမှုအမွေ လက်ဆင့်ကမ်းထိန်းသိမ်းသူ၊ မြတ်နိုးစွာသင်ယူလေ့လာသူများ၏ အတိတ်၊ အနာဂတ်သည် သိမ်မွေ့သောအသွင်အပြင်ကိုဆောင်သည်။ ယဉ်ကျေးမှုအရင်းအနှီးက ကြီးမားနက်ရှိုင်းသည်။ မြန်မာ့သမိုင်းတစ်လျှောက် မွန်မြတ်သောနှလုံးသားများဖြင့် ယဉ်ကျေးမှုအမွေအရပ်ရပ်ကို လက်ဆင့်ကမ်းထိန်းသိမ်းလာမှုကိုကြည့်၍ သိရှိနိုင်သည်။ အခက်အခဲမျိုးစုံ၊ သဘာဝဘေးမျိုးစုံကြားက ထိန်းသိမ်းလာခဲ့သည့် ယဉ်ကျေးမှု အငွေ့အသက်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်ရန် အရေးကြီးလှသည်။ မျက်ကွယ်ပြုပါများလျှင် ကွယ်ပျောက်သွားမည်ဖြစ်သည်။ ပညာရပ်များ မျိုးတုံးကွယ်ပျောက်မည့်အရေး အလေးထားဖော်ထုတ်ခြင်းနည်းလမ်းဖြင့် အသက်ဆက်ရမည်ဖြစ်ခြင်းကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကျင်းပခြင်းကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
ထက်ဝေအောင်(စစ်ကိုင်း)