၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ရွေးကောက်ပွဲသုံး ပစ္စည်းများနှင့် စားသောက်ကုန် ပစ္စည်းများအား ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့သို့ တပ်မတော် ရဟတ်ယာဉ်ဖြင့် ကူညီပို့ဆောင်

နေပြည်တော်၊ အောက်တိုဘာ - ၁၈

   

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံခေါင်ဖျားသည့် ခေါင်လန်ဖူးဒေသသို့ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ဆန္ဒမဲလက်မှတ်များ၊ မဲရုံသုံးပစ္စည်းများနှင့် ဒေသခံပြည်သူများအတွက် စားသောက်ကုန်ပစ္စည်း များအား တပ်မတော် ရဟတ်ယာဉ်ဖြင့် ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့သို့ ယနေ့တွင် ကူညီပို့ဆောင်ပေးသည်။

   

ထိုသို့ ပို့ဆောင်ရာတွင် ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများဖြစ်သည့် မဲပုံး ၂၇၉ ပုံး၊ ဆန္ဒမဲလက်မှတ် ၁၁ အိတ်၊ ကြိုတင်မဲ လက်မှတ်စာအိတ် ၁ အိတ်၊ အမှန်ခြစ်တံဆိပ် ၄၃၂ ခု၊ ချိပ်တောင့် ၁၁၉ တောင့်၊ ချိပ်ထိုးတံဆိပ် ၈၃ ခု၊ လည်ဆွဲအိတ်/လည်ဆွဲကြိုး ၄၆၈ ခုနှင့် စားသောက်ကုန်ပစ္စည်းများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပူတာအိုတပ်နယ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ရဟတ်ယာဉ်ပေါ်သို့ ပစ္စည်းများကူညီသယ်ဆောင် ပေးခဲ့ပြီး ခေါင်လန်ဖူးမြို့မှ နယ်မြေခံ တပ်မတော်သားများနှင့် ဒေသခံပြည်သူများက ရဟတ်ယာဉ် ပေါ်မှပစ္စည်းများအား ရွှေ့ပြောင်း သယ်ဆောင်ခဲ့ပါသည်။

   

ထို့နောက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၉ ဦးကို ခေါင်လန်ဖူးမြို့မှ ပူတာအိုမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။