လားရှိုးမြို့အတွင်းရှိ ဒေသခံ ကိုးကန့်တိုင်းရင်းသား ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ ပြုလုပ်ဆောင်ရွက်ပေး
နေပြည်တော်၊ အောက်တိုဘာ - ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်းရှိ ဒေသခံကိုးကန့်တိုင်းရင်းသား ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယပြည်နယ် ဦးစီးမှူးရုံး သစ္စာခန်းမ၌ ပြုလုပ်ရာ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ခရိုင်/ပြည်နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများ၊ ဝ ယဉ်ကျေးမှုနှင့် ပလောင် ယဉ်ကျေးမှုတို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် ဒေသခံကိုးကန့်တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန် ရှိသူများက လားရှိုးမြို့အတွင်းရှိ သံလွင်စံပြကျေးရွာနေ ဒေသခံကိုးကန့် တိုင်းရင်းသား ပြည်သူ ၅၀ ဦးကို ပန်းခင်းစီမံချက် အဆင့်(၂)အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များအား တစ်ဦးချင်း အခမဲ့ဆောင်ရွက် ပေးအပ်ခဲ့ရာ အဆိုပါကျေးရွာနေ ကိုးကန့် တိုင်းရင်းသားပြည်သူများ ကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။