ပြည့်ဖြိုးမြဲစွမ်းအင်များနဲ့ လျှပ်စစ်ကားများကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု လျော့ကျမယ့် ဒီနှစ်

ပြည့်ဖြိုးမြဲစွမ်းအင်များနဲ့ လျှပ်စစ်ကားများကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု လျော့ကျမယ့် ဒီနှစ်

    ဒီနှစ်ကတော့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့ ပတ်သက်လို့ ပညာရှင်တွေရဲ့ စေ့ဆော်တိုက်တွန်းမှုတွေ စတင်အရာ ထင်လာတဲ့နှစ်လို့ ပြောလို့ရပါတယ်။

ဘာကြောင့်လဲဆိုရင်  ဒီနှစ်အတွက် ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းမှုကနေ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုမြင့်တက်တဲ့ ပမာဏက ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ၁ ရာခိုင်နှုန်းအောက်သာ ရှိမယ်လို့ ခန့်မှန်းရတဲ့ အတွက်ပါပဲ။  တစ်နည်းပြောရရင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ကျမယ်လို့ ဆိုနိုင်ပါတယ်။

ဒီလိုအဆိပ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျော့ကျရတဲ့ အကြောင်းရင်းကတော့ ကမ္ဘာ့နိုင်ငံအသီးသီးဟာ  မရှိမဖြစ်လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်အတွက်  ပြည်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်များကို ပိုမိုဦးစားပေး အသုံးပြုလာခြင်းနဲ့   ရုပ်ကြွင်းလောင်စာ အသုံးပြုမော်တော်ကားတွေ အစား  လျှပ်စစ်စွမ်းအင် အသုံးပြု မော်တော်ကားများကို ပိုမိုအသုံးပြု လာကြခြင်းကြောင့်ဖြစ်တယ်လို့ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) က အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ှုနဗ ရဲ့ခန့်မှန်းချက်အရဆိုရင် ဒီနှစ်အတွက် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု ပမာဏက  ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် တန်ချိန်သန်း ၃၀၀ နီးပါးသာမြင့်တက်ပြီး စုစုပေါင်းတန်ချိန် ၃၃ ဒသမ ၈ ဘီလီယံအထိရှိမယ်လို့ သိထားပါတယ်။

ဒီလို  အဆိပ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်တက်လာတဲ့ ပမာဏဟာ ၂၀၂၁ ခုနှစ်က ထက်များစွာ နည်းပါတယ်လို့ ဆိုနိုင်ပါတယ်။ မနှစ်တုန်းကဆိုရင် အဲဒီဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏက  တန်ချိန် ၂ ဘီလီယံနီးပါး အထိမြင့်တက်ခဲ့တာပါ။

ဒီနှစ်အတွက် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု ဖြစ်ပေါ်ရတဲ့ အဓိက အကြောင်းရင်းများကတော့ ကျောက်မီးသွေးကဲ့သို့  ရုပ်ကြွင်းလောင်စာ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုပ်ငန်းများနဲ့ ကမ္ဘာမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု သိသိသာသာ ကျဆင်းသွားတဲ့အတွက် လေကြောင်းခရီးသွား လုပ်ငန်းများ ပြန်လည်တွင်ကျယ် လာမှုတို့ကြောင့်ဖြစ်ပါတယ်။

မနှစ်တုန်းကဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါကနေ   နာလန်ထတယ်ဆိုပြီး  စီးပွားရေး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်လာတာကို တွေ့ရတဲ့အတွက်  ရုပ်ကြွင်းလောင်စာတွေ ပိုမိုလောင်ကျွမ်းရပြီး ဖန်လုံအိမ်ဓာတ်ငွေ့များ ထွက်ရှိလာကာ ကမ္ဘာ့ရာသီဥတု အခြေအနေကိုလည်း  ထိခိုက်လာစေတာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ တစ်ဖက်မှာ စီးပွားရေး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်ပေမယ့်  အထက်မှာ တင်ပြခဲ့သလိုမျိုးပဲ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များနဲ့ လျှပ်စစ်ကားများကို အသုံးပြုမှု ပိုမိုများပြားလာတာကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု ပမာဏက ကျဆင်းသွားရတာ ဖြစ်တယ်လို့ အခိုင်အမာ ဆိုနိုင်တာပါ။

ဒါ့အပြင် ဒီနှစ်ထဲမှာ ကမ္ဘာ့နိုင်ငံရေး အခြေအနေ အပြောင်းအလဲတွေကြောင့် ဈေးကွက်အတွင်း သဘာဝဓာတ်ငွေ့လိုမျိုး ရုပ်ကြွင်းလောင်စာတွေ ဝင်ရောက်မှုနည်းပါးသွားပါတယ်။

အဲဒီအတွက်  သမားရိုးကျ ရုပ်ကြွင်းလောင်စာတွေနေရာမှာ အစားထိုးနိုင်ဖို့ နေရောင်ခြည်စွမ်းအင်နဲ့ လေစွမ်းအင်လိုမျိုး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို ပိုမိုအသုံးပြုလာကြတာ  တွေ့ရပါတယ်။ ဒါကြောင့်လည်း ဒီနှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု ကျဆင်းလာတာ ဖြစ်ပါတယ်။

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေဖြစ်တဲ့ နေရောင်ခြည်စွမ်းအင်နဲ့ လေစွမ်းအင်တွေကနေ နိုင်ငံတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်ယူမှုပမာဏက နာရီပေါင်း ၇၀၀ တဲရာဝပ်အထိ မြင့်တက်လာတာကိုလည်း တွေ့ရပါတယ်။ ဒီပမာဏဟာ အလားတူနည်းလမ်းနဲ့ နှစ်စဉ်လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မှုမှာ အမြင့်ဆုံး ပမာဏဖြစ်ပါတယ်။

တကယ်လို့သာ ဒီလိုနည်းနဲ့ လျှပ်စစ်ဓာတ်အား ထုတ်ယူမှုပမာဏ မတိုးတက်လာဘူးဆိုရင် ဒီနှစ်အတွက် ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ထွက်ရှိမှုက  တန်ချိန်သန်း ၆၀၀ ကျော်အထိမြင့်တက် လာနိုင်ပါတယ်။

ဒီလိုပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများ အနက် သုံးပုံနှစ်ပုံက နေရောင်ခြည် စွမ်းအင်နဲ့ လေစွမ်းအင်တို့ကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူမှုဖြစ်ပြီး လျင်မြန်စွာတိုးတက် အသုံးပြုလာတာကိုလည်း တွေ့ရပါတယ်။

တစ်ဖက်မှာ နေရောင်ခြည်စွမ်းအင်နဲ့ လေစွမ်းအင်တို့ကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူမှုပမာဏ များပြားလာပေမယ့် တစ်ဖက်မှာကျတော့ ဈေးကွက်ထဲမှာ သဘာဝဓာတ်ငွေ့ ဈေးနှုန်းတွေမြင့်တက်လာတာကြောင့် ကျောက်မီးသွေးကိုသာ ပြန်လည်အသုံးပြုပြီး ထုတ်လုပ်ရတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏ မြင့်မားလာတာကိုလည်း တွေ့ရပါတယ်။

ဒီအတွက်ကြောင့်   ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေ မည်သို့ပင်ဖြစ်နေစေကာမူ  အဓိကကျတဲ့ စွမ်းအင်အရင်းအမြစ် အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကိုသာ တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်းက ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်ရှိမှုကို  သိသိသာသာ ကျဆင်းစေပြီး သူ့ရဲ့အကျိုးဆက်အနေနဲ့ ကမ္ဘာ့ရာသီဥတုသည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတစ်နိုင်ငံကို စီမံခန့်ခွဲနေရတဲ့ နိုင်ငံ့ခေါင်းဆောင်များရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ တစ်ကမ္ဘာလုံး အတိုင်းအတာအထိပါ သက်ရောက်မှုရှိတာကြောင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်နိုင်ရေးအတွက် နိုင်ငံတိုင်း မရှိမဖြစ် လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်ကို  ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များအပေါ် ပိုမိုမှီခို အားထား ထုတ်လုပ်ကာ သယ်ယူပို့ဆောင်ရေး အတွက်  လျှပ်စစ်ကားများကိုသာ ဦးစားပေး အသုံးပြုကြစေဖို့ နိုင်ငံတိုင်းရဲ့ ခေါင်းဆောင်များက အလေးထား ဆုံးဖြတ်သင့်ကြောင်း ရေးသားလိုက်ရပါတယ်။

ထက်မြတ်