သွားနှင့်ခံတွင်း သန့်ရှင်းကျန်းမာရေး

သွားနှင့်ခံတွင်း သန့်ရှင်းကျန်းမာရေး

သွားနှင့်ခံတွင်းသန့်ရှင်းကျန်းမာမှ လူကျန်းမာမည် ဖြစ်သည်။ ခံတွင်းကအစာခြေစနစ်၏ ဂိတ်ဝဖြစ်သလို ခန္ဓာကိုယ်ကြီး  တစ်ခုလုံးအတွက် အစာအာဟာရ ထောက်ပံ့ပေးမှုလုပ်ငန်းစဉ်၏ ရှေ့တန်းတိုက်စစ်မှူး ဆိုလည်းမမှားပေ။ တစ်နည်းဆိုသော် ခံတွင်းကခန္ဓာကိုယ် ကျန်းမာစေရန်အတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။   ပါးစပ်ကို ခံတွင်းဟု ခြုံငုံ၍ခေါ်လေ့ရှိပြီး အထက်၊ အောက်နှုတ်ခမ်းများမှစ၍ သွား၊ သွားဖုံး၊ အာခေါင်မာ၊ အာခေါင်ပျော့၊ လျှာ၊ ပါးစောင်၊ တံတွေး၊ လည်မျို စသည့် အစိတ်အပိုင်းအားလုံး သန့်ရှင်းမှုရှိနေစေရေးကို ဆေးပညာအရ    သွားနှင့်ခံတွင်းသန့်ရှင်းရေး (Dental  Hygiene)ဟုခေါ်သည်။

ဖော်ပြပါခံတွင်း၏  အစိတ်အပိုင်းတစ်ခုခုတွင် ချို့ယွင်းချက်တစ်စုံတစ်ရာ ပြဿနာဖြစ်ပေါ်လာပါက အဆိုးဆုံး အခြေအနေ၌ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုမထိန်းနိုင်ခြင်း၊ လမစေ့ဘဲကလေးမွေးခြင်း စသည့် ကျန်းမာရေး ပြဿနာများ ဖြစ်လာနိုင်သည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးသုတေသီများက လူသားအားလုံး သွား၊  ခံတွင်းတို့နှင့်ပတ်သက်သော ကျန်းမာရေးအကြောင်းများကို သဘောပေါက်နားလည်ကြစေရန် ရည်ရွယ်၍ နှစ်တစ်နှစ်၏ အောက်တိုဘာလ တစ်လလုံးကို Happy National Dental Hygiene Month- ပျော်ရွှင်ဖွယ်ရာ တစ်မျိုးသားလုံး သွားနှင့်ခံတွင်း   သန့်ရှင်းကျန်းမာရေးအသိပညာပေးလ အဖြစ် အထူးတလည် သတ်မှတ်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအဖြစ်များနေသော ခံတွင်းရောဂါများမှာ သွားပိုးစားခြင်းနှင့် သွားဖုံးရောင်ခြင်းတို့ ဖြစ်သည်။ ၎င်းဝေဒနာများ၏အစသည် သွားနှင့်ခံတွင်း မသန့်ရှင်းခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် သွားနှင့်ခံတွင်း သန့်ရှင်းကျန်းမာကြစေရန် ရည်ရွယ်၍ စာရေးသူက   အောက်ပါအတိုင်း  အကျယ်တဝင့် ရေးသားဖော်ပြလိုပါသည်။ 

သွားနှင့်ခံတွင်း မသန့်ရှင်းရသောအကြောင်းများ

လျှာရင်းပိုင်းနှင့် သွားအောက်ခြေရှိ အနယ်အနှစ်များသည် မမြင်နိုင်သောပိုးများပေါက်ပွားခြင်းကြောင့်ဖြစ်ကာ ခံတွင်းရနံ့ဆိုးများ ပေါ်ထွက်လာရသည်။ အာပုပ်နံ့ (ခေါ်) ရနံ့ဆိုးများကြောင့် ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေရုံသာမက လူမှုအသိုင်းအဝိုင်းမှာပါ မိမိကိုယ်ကိုယုံကြည်မှု နည်းလာစေပါ သည်။ ထို့ကြောင့် အာပုပ်နံ့ပျောက်အောင် အမြန်ဆုံး နည်းလမ်းရှာဖွေသင့်သည်။   ရနံ့ဆိုးရွားစေသော အစားအစာများ စားသောက်လေ့ရှိခြင်း၊ သွားတိုက်နည်းပုံစံမမှန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ သောက်သုံးနေရသော  ပဋိဇီဝဆေးများ၏ ဘေးထွက်ဆိုးကျိုး စသည်တို့ကြောင့်  ခံတွင်းရနံ့ကို ဆိုးရွားစေသလို ခံတွင်းခြောက်၍  ဇင့်ဓာတ်ချို့တဲ့ခြင်း၊ ဝမ်းချုပ်ခြင်း၊ အူနှင့် အစာအိမ်လမ်းကြောင်းပြဿနာများ၊ သွားနှင့်ခံတွင်းရောဂါအမျိုးမျိုး၊ လေပြွန်ဖောင်းပွသည့် ရောဂါ၊ ထိပ်ကပ်နာရောဂါ၊ ဆီးချိုရောဂါ၊ အသည်း သို့မဟုတ် ကျောက်ကပ်ပျက်စီးခြင်း စသည့်ဝေဒနာများကြောင့်လည်း ခံတွင်းရနံ့ဆိုးရွားလာစေပါသည်။ ခံတွင်းကင်ဆာကြောင့် အာပုပ်နံ့သိသိသာသာ ထွက်လာသည်။ ထို့ကြောင့် ယာယီမဟုတ်ဘဲ ကာလအတန်ကြာ ခံတွင်းနံ့ ဆိုးရွားသူများအဖို့  အချိန်မဆိုင်းသင့်ဘဲ ဆရာဝန်ဖြင့် ကုသမှုခံယူသင့်ပါသည်။

သဘာဝနည်းဖြင့် သွားနှင့်ခံတွင်းသန့်စေခြင်း

အောက်ဖော်ပြပါနည်းလမ်းများကိုသုံး၍ မိမိကိုယ်တိုင် ခံတွင်းသန့်စင်အောင် ပြုလုပ်နိုင်ပါသည်။ ဆား သို့မဟုတ် လက်ဖက်ရွက် သို့မဟုတ် ပင်စိမ်းရွက် စသည်တို့ကိုအခြေခံ၍ ဖော်စပ်ထားသော သွားတိုက်ဆေးများကို ရွေးချယ်သုံးစွဲပါ။ နံနက်အိပ်ရာထနှင့် ညအိပ်ရာဝင်ခါနီးတိုင်း တစ်နေ့နှစ်ကြိမ်ကျ ပုံမှန်သွားတိုက်သည့်အပြင် အစာစားပြီးတိုင်း သွားတိုက်သည့်  အလေ့အကျင့်ကောင်းများကို ကြိုးစားမွေးမြူပါ။ အကယ်၍ အစာစားပြီးတိုင်း သွားမတိုက်နိုင်ပါက စားကြွင်းစားကျန်များ ကပ်ငြိမနေအောင် အာလုတ်(ပလုတ်)ကျင်းပါ။ လျှာကိုအပေါ် သွားများဖြင့် ခြစ်ချပါ။  ပင်စိမ်းရွက်နံ့ သို့မဟုတ် မေရီဂိုးလ်ပန်းရနံ့ပါသော ခံတွင်းသန့်ဆေးရည်ဖြင့် အာလုတ်(ပလုတ်)ကျင်းပါ။ အယ်လ်ကိုဟောဖြင့် အခြေခံဖော်စပ်ထားသော   ခံတွင်းသန့်ဆေးရည်များကိုရှောင်ပါ။ အချိုမပါသော   ပီကေဝါးပါ။ ပီကေဝါးခြင်းဖြင့် သွားကြိုသွားကြားရှိ    အစာဟောင်းများကို အလိုအလျောက်ဖယ်ရှားပေးနိုင်သလို တံတွေးများထွက်ရှိခြင်းကြောင့် ခံတွင်းမခြောက်စေတော့ဘဲ ခံတွင်းသန့်ရှင်းစေပါမည်။ စိတ်ဓာတ်ကျခြင်းကြောင့် ခံတွင်းထဲမှာ ဆာလ်ဖာဓာတ်ပေါင်းစုထွက်ရှိလာပြီး ခံတွင်းရောဂါဖြစ်ကာ အနံ့ဆိုးတွေ ထွက်ပေါ်လာနိုင်ပါသည်။ ထို့ကြောင့် စိတ်ဓာတ်မကျအောင် ကြိုးစားနေထိုင်ပါ။ လျှာကို ဓာတ်ခွဲခန်းသုံးအနုစိတ်ကြည့် မှန်ဘီလူးဖြင့် ကြည့်ပါက မှိုပွင့်ကဲ့သို့ မျက်စိဖြင့်မမြင်နိုင်သော အမွေးများ ဖုံးအုပ်ထားသည်။ စားကြွင်းစားကျန်များသည် အရိအရွဲအဖြစ် ၎င်းမှိုပွင့်အောက်တွင် ကပ်ငြိနေတတ်သဖြင့် အနံ့ဆိုးများထွက်လာကာ ခံတွင်းမသန့်စေတော့ပေ။ ထို့ကြောင့် သွားတိုက်သည့်အခါတိုင်း လျှာကိုတိုက်ပေးရန်မမေ့ပါနှင့်။      အကယ်၍ အံပုံအတုစွပ်ထားရပါက ညအိပ်ချိန်၌ ၎င်းအံပုံကိုချွတ်ထုတ်ပြီး ခွက်ထဲမှာရေစိမ်ထားပါ။ နံနက်အိပ်ရာထချိန် အံပုံကို ပြန်လည်တပ်ဆင်ခါနီးတွင် စင်ကြယ်စွာဆေးကြောပါ။

တရုတ်နံနံပင်ထဲတွင် ကလိုရိုဖီးနှင့် သဘာဝပိုးသတ်ဆေးတို့ မြင့်မားစွာပါရှိနေကြသဖြင့် ခံတွင်းသန့်ရှင်းစေကာ အူလမ်းကြောင်း အပုပ်နံ့အထက်သို့ဆန်တက်ခြင်းကိုလည်း   ပြေပျောက်စေသည်။ လေးညှင်းပွင့်ဝါးစားခြင်းက   မိနစ်အနည်းငယ် အတွင်းမှာပင် ခံတွင်းသန့်စေပါသည် သို့မဟုတ် လေးညှင်းပွင့်ကို လက်ဖက်ရည်ကြမ်းတွင် ခတ်သောက်ပါ သို့မဟုတ် ၎င်းပြုတ်ရည်ဖြင့် အာလုတ်ကျင်းပေးပါ။

ရှလကာရည်ထဲတွင်ပါရှိသော တာတာရစ်အက်စစ် နှင့် အက်သနောလစ်အက်စစ်အစွမ်းများက ခံတွင်းသန့်စေရန် အထောက်အပံ့ဖြစ်သည်။ ထို့ကြောင့် ရှလကာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာပမာဏကို ရေတစ်ဖန်ခွက်ရော၍ ထမင်းစားပြီးတိုင်း ၁၀ စက္ကန့်ကြာ ငုံထား အာလုတ်ကျင်းပေးပါ။ အိန္ဒိယနိုင်ငံတွင် သွားနှင့်ခံတွင်းရောဂါအမျိုးမျိုးခံစားရသူများကို ဖာလာစေ့ ဝါးစားစေသောကုထုံးဖြင့် ခေတ်အဆက်ဆက် ကုသပေးခဲ့ရာ ပျောက်ကင်းလျက်ရှိကြောင်း သိရသည်။

သွားနှင့်ခံတွင်းသန့်စေရန် ဆောင်ရန်/ရှောင်ရန် အစားအစာများ

ရေများများသောက်ပါ။   သွား၏အရင်းပိုင်း(သွားဖုံးနေရာ)ကနေ သွားပွတ်တံကို ၄၅ ဒီဂရီစောင်းပြီး အထက်အောက် ညင်သာစွာတိုက်ပါ။ သွား၏ အပြင်မျက်နှာပြင်၊ အတွင်းမျက်နှာပြင်၊ အစာဝါးခြေသည့်မျက်နှာပြင် အနှံ့အပြားကိုတိုက်ပေးပါ။  သွားတစ်ကြိမ်တိုက်လျှင် နှစ်မိနစ်ပြည့်အောင် တိုက်ပါ။  Fluoride ပမာဏမှန်ကန်စွာပါသော သွားတိုက်ဆေးကိုအသုံးပြုပါ။  အဓိကအချက်မှာ မိမိရွေးချယ်သောပစ္စည်းသည်  Fluoride ပမာဏ 1000 - 1500 ppm ပါဝင်သော သွားတိုက်ဆေးဖြစ်ဖို့လိုပါသည်။ ကောင်းမွန်သင့်တော်သည့် သွားပွတ်တံ ကိုရွေးချယ်ပါ။ နူးညံ့ပျော့ပျောင်းကာ အမျှင်လေးများပါသော သွားပွတ်တံကိုအသုံးပြုပါ။ သွားမျက်နှာပြင်အကုန်လုံးကိုရောက်ရှိနိုင်မည့် သွားပွတ်တံအရွယ်အစားကိုရွေးဝယ်ပါ။ အသုံးပြုနေသော သွားပွတ်တံကို သန့်ရှင်းစွာထားပါ။ သွားပွတ်တံကို အနည်းဆုံး သုံးလတစ်ကြိမ်အသစ်လဲပါ။ အစာစားပြီးနောက် သွားကြားနှင့် သွားခေါင်းပေါက်တို့ထဲ အစာများ မကျန်ရစ်စေအောင် စက္ကန့် ၂၀ ကြာ ရေငုံထားပြီး အာလုတ်ကျင်းပါ။ ထိုနည်းက အစာဟောင်းများ ပုပ်သိုးဆွေးမြည့်၍ ဗက်တီးရီးယားပေါက်ပွားကာ ခံတွင်းရောဂါဖြစ်ခြင်းမှ လျော့နည်းသွားစေပါသည်။ အစားစားပြီးနောက်သွားပွတ်ကြိုး (dental floss) သုံး၍ စားကြွင်းစားကျန်များကို ရှင်းထုတ်ပါ။ လက်ဖက်ရွက်တွင် ပါရှိသော သဘာ၀ olyphenols ဓာတ်က ခံတွင်းထဲရှိ ဗက်တီးရီးယားပိုးများ ပေါက်ပွားမှုကို တိုက်ထုတ်ပေးနိုင်သောအစွမ်းပါရှိသည်။ ထို့ကြောင့် လက်ဖက်ခြောက် (ရေနွေးကြမ်း)ကို မကြာမကြာ သောက်ပေးခြင်းက ခံတွင်းသန့်စေကြောင်း သွားဘက်ဆိုင်ရာဆရာဝန်များက အကြံပြုထားသည်။ ချိစ်အပါအဝင် အချို့သော နို့ထွက်ပစ္စည်းများက ခံတွင်းထဲရှိ ပိုးမွှားများကို အားပေးသဖြင့်  ၎င်းနို့ထွက်ပစ္စည်းများကို စားသောက်ပြီးသည့်အခါတိုင်း ရေဖြင့်ပလုတ်(အာလုတ်)ကျင်းပါ။ ဘီယာ၊ ဝိုင်၊ ဝီစကီစသော အဖျော်ယမကာတို့က လျှာအရင်းပိုင်းနှင့် သွားအောက်ခြေတို့မှာ အကြွင်းအကျန် ချေး(ဂျီး)တက်စေပြီး အစာခြေလမ်းကြောင်းသို့ ထိုးဖောက်စိမ့်ဝင်ကာ ခံတွင်းရနံ့ဆိုးများ ထွက်လာသည်။ ၎င်းအနံ့က  အထက်သို့ပြန်လည်၍ ဆန်တက်လာနိုင်သည်ကို သတိထားသင့်ပါသည်။ အဖြူရောင်သကြား၊ ပေါင်မုန့်၊ အသား၊ ကြက်ဥ၊ ဘဲဥ စသည့် ဥအမျိုးမျိုး၊ ငါးနီတူအပါအဝင် ပင်လယ်ငါးများနှင့် ပင်လယ်ရေညှိ တို့ကလည်း    ခံတွင်းအနံ့အသက် ထွက်ပေါ်စေ၍ သတိထားသင့်ပါသည်။  အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် သန့်ရှင်းလတ်ဆတ်သော အော်ဂဲနစ်သစ်သီးများက ခံတွင်းသန့်ရှင်းစေရုံသာမက ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါသည်။ ထမင်းစားပြီးတိုင်း နေကြာစေ့လှော်စား၍ ရေသောက်ခြင်းက ခံတွင်းသန့်စေရန် အထောက်အကူပြုသည်။ ကြံကို  အခွံနွှာ၍ အချောင်းလိုက်ကိုက်ဝါးခြင်းက အစာစားရင်း သွားကြိုသွားကြားများကို ပွတ်တိုက်ရာရောက်၍ သွားချေးမတက်တော့ဘဲ သွားသန့်စေပါသည်။အိန္ဒိယနိုင်ငံတွင် ခံတွင်းသန့်ကုထုံးအဖြစ် ပဲနံ့သာပင်အစေ့ပြုတ်ရည်ကို တိုက်ကျွေးလေ့ရှိသည်။ လိမ္မော်သီးနှင့် သံပရာသီးတွင်ပါရှိသော ဆစ်ထရစ်အက်စစ်က  လျှာနှင့်သွားဖုံးများ၌ ဗက်တီးရီးယားများ တိုးပွားလာခြင်းကို ကာကွယ်ပေးပြီး dry mouth (ခေါ်) ပါးစပ်ခြောက်ရောဂါမှလည်း ကြိုတင်ကာကွယ်ပေးသည်။  မာလကာသီးအစိမ်းထဲရှိ အက်စစ်ဓာတ်များနှင့် သတ္တုဓာတ်တို့က သွားနှင့်သွားဖုံး သွေးယိုစီးခြင်းမှ ကောင်းစွာကုသပေးနိုင်ပြီး အံ့သြဖွယ်ကောင်းအောင် ခံတွင်းကျန်းမာစေသည့် အစွမ်းသတ္တိများ ပါရှိနေကြသည်။ ထောပတ်သီးက ခံတွင်းသန့်စေသဖြင့် အမေရိကတိုက်မှာ ၎င်းကို ပါးစပ်လိုးရှင်း(Oral Lotion)ဟု  တင်စားခေါ်ကြသည်။ ဒိန်ချဉ်က ပါးစပ်ထဲရှိမကောင်းသော ဗက်တီးရီးယားပိုးများကို သေစေပြီး ခံတွင်းရနံ့ဆိုးများ ပြေပျောက်စေသည်။

အချုပ်အားဖြင့်ဆိုသော် သွားနှင့်ခံတွင်းသန့်ရှင်းကျန်းမာရေးက ခန္ဓာကိုယ်ကြီးတစ်ခုလုံးအတွက် အစာအာဟာရ ဖြည့်တင်းရေးနှင့် ဘက်ပေါင်းစုံကျန်းမာရေးအတွက်သာမက   လူမှုပတ်ဝန်းကျင်တွင် ပြောဆိုဆက်သွယ်မှု အတွက်ပါ အရေးပါလှသည်။  ထို့ကြောင့် သွားမှန်မှန်တိုက်ခြင်း၊ သွားကို ပုံမှန်စစ်ဆေးမှုပြုခြင်း၊ သွားနှင့်ခံတွင်းကျန်းမာစေမည့်  အစားအစာများကို ရွေးချယ်စားသောက်ခြင်း၊ ရေများများသောက်ခြင်း စသည့် နည်းစနစ်ကောင်းများကို  အကျင့်လုပ်ကာ မွေးမြူထားသင့်ပါကြောင်းနှင့်  သွားနှင့်ခံတွင်း ထိခိုက်စေမည့် အပြုအမူများကို ရှောင်ရှားသင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ ခံတွင်း၌အနာများမကုသဘဲ ကြာရှည်စွာထားရှိခြင်း၊ ကျန်းမာရေးအတွက် မသင့်တော်သော အစားအသောက်များ ရေရှည်စားသုံးခြင်း၊ ကိုယ်ခံအားနည်းခြင်းနှင့် ဓမ္မတာကိုဆန့်ကျင်၍ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှတစ်ဆင့် human papilloma virus ကူးစက်ခြင်းတို့ကြောင့်  ခံတွင်းကင်ဆာ ဖြစ်စေနိုင်ပါကြောင်း ထပ်လောင်းသတိပေးအပ်ပါသည်။   ။

ပေါက်ပေါက်