မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့တွင် ပုလဲအတွဲပေါင်း ၁၇၃ တွဲ ရောင်းချခဲ့ရ
နေပြည်တော် အောက်တိုဘာ ၂၁
၂၀၂၂ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲ တတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
ယနေ့နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။
ယနေ့ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲအမှတ် ၂၀၁ မှ အတွဲအမှတ် ၄၀၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။
ထို့နောက် ပုလဲအတွဲအမှတ် ၂၀၁ မှ အတွဲအမှတ် ၄၀၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက တင်ဒါအမှတ် (၃) ကို မွန်းလွဲ ၁ နာရီနှင့် တင်ဒါအမှတ် (၄) ကို ညနေ ၅ နာရီတွင် ဖွင့်ဖောက်စစ်ဆေးကာ ပုလဲ အတွဲပေါင်း ၁၆၈ တွဲနှင့် လက်ကျန် ပုလဲအတွဲ (၅) တွဲ စုစုပေါင်း ၁၇၃ တွဲ ရောင်းချရကြောင်း ကြေညာသည်။
ပြပွဲစတုတ္ထနေ့တွင် ကျောက်မျက်အတွဲ အမှတ် ၁ မှ အတွဲအမှတ် ၁၂၀ ကိုအိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကျင်းပသည့် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်း ခန်းမ၌ အောက်တိုဘာ ၁၉ ရက်မှ စတင်၍ ၂၅ ရက်အထိ ကျင်းပနေခြင်း ဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ စုစုပေါင်း ပုလဲအတွဲပေါင်း ၃၆၂ တွဲ ရောင်းချခဲ့ရပြီး ကျောက်မျက်အတွဲ ၁၂၀ နှင့် ကျောက်စိမ်းအတွဲ ၂၁၅၀ တို့ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာ၌ ပြည်တွင်းပြည်ပ ရတနာကုန်သည်များ အနေဖြင့် ငွေပေးချေရာတွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်၊ ဘတ်နှင့် ကျပ်ငွေများဖြင့် ပေးချေနိုင်ကြောင်း သိရသည်။