မန်ယူအသင်းက စီရော်နယ်ဒိုကို ချယ်လ်ဆီးအသင်းနှင့် ပွဲစဉ်တွင် အသုံးပြုမည် မဟုတ်ဘဲ အသင်းနှင့် လေ့ကျင့်ခန်းဆင်းခွင့်ပါ ပိတ်ပင်ပြီး ပြစ်ဒဏ်ချမှတ်
မန်ယူအသင်းမှ ဝါရင့်တိုက်စစ်မှူး စီရော်နယ်ဒို စပါးအသင်းနှင့် ပွဲစဉ်တွင် ပွဲစဉ်မပြီးဆုံးသေးဘဲ အရန်ခုံမှ ထကာ ကွင်းအတွင်းမှ ထွက်ခွာသွားသည့်အတွက် မန်ယူအသင်းက ၎င်းကိုပြစ်ဒဏ်ပေးသည့် အနေဖြင့် ချယ်လ်ဆီးအသင်းနှင့် ပွဲစဉ်တွင်လည်း အသုံးပြုမည် မဟုတ်သည့်အပြင် အသင်းနှင့်လည်း လေ့ကျင့်ခန်း လုပ်ဆောင်ခွင့်ပိတ်ပင်ပြီး လူငယ်အသင်းနှင့်သာ လေ့ကျင့်စေခဲ့ကြောင်း သိရသည်။
မန်ယူအသင်းက စပါးအသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည့် ပွဲစဉ်တွင် စီရော်နယ်ဒိုအနေဖြင့် ပါဝင်ကစားခွင့် မရရှိဘဲ အရန်ခုံတွင်သာ ထိုင်နေခဲ့ရကာ ပွဲချိန် ၈၉ မိနစ်အရောက်တွင် ကွင်းအတွင်းမှ ထွက်ခွာသွားသည့်အတွက် နည်းပြတန်ဟတ်နှင့် ဆက်ဆံရေး ပိုမိုဆိုးရွားလာခဲ့ပြီး ၎င်းကို ပရိသတ်များကလည်း ပရော်ဖက်ရှင်နယ် မပီသသည့်လုပ်ရပ် လုပ်ဆောင်ခဲ့သည်ဟု ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။
စီရော်နယ်ဒိုသည် ယခုဘောလုံးရာသီ မတိုင်မီ ကတည်းက မန်ယူအသင်းမှ ထွက်ခွာရန်ကြိုးပမ်းခဲ့ပြီး အသင်းနှင့်ရာသီကြို ခြေစမ်းပွဲခရီးစဉ်များတွင် လိုက်ပါလုပ်ဆောင်ခြင်း မရှိဘဲ နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက အသင်းပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
သို့သော် ၎င်းကိုခေါ်ယူလိုသည့် အသင်းမရှိသည့် အတွက် ဘောလုံးရာသီစတင်ချိန်တွင် မန်ယူအသင်းနှင့် ပြန်လည်ပူးပေါင်းခဲ့သည့် အချိန်တွင် နည်းပြတန် ဟတ်နှင့် ဆက်ဆံရေး မပြေလည်မှုများရှိခဲ့ကာ ပွဲထွက် ကစားသမားစာရင်းမှ ချန်လှပ်ခံခဲ့ရကာ လူစားဝင် ကစားသမားအဖြစ်သာ ကစားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
စပါးအသင်းနှင့်ပွဲစဉ်မှ လုပ်ရပ်အတွက် နည်းပြ တန်ဟတ်နှင့် စီရော်နယ်ဒိုတို့ ကာရင်တန်လေ့ကျင့် ရေးကွင်းတွင် သီးသန့်တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီးနောက် စီရော်နယ်ဒိုအနေဖြင့် လာမည့် ချယ်လ်ဆီးအသင်းနှင့် ပွဲစဉ်တွင်လည်း ပါဝင်ခွင့်ရရှိမည် မဟုတ်ကြောင်း သိရသည်။