ချယ်လ်ဆီးအသင်းနှင့် ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သည့် မန်ယူအသင်း ခံစစ်ကစားသမား ဗာရာနီ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ဖွယ်ရှိနေ
ပြင်သစ်အသင်းနှင့် မန်ယူအသင်း အဓိကခံစစ် ကစားသမား ဗာရာနီသည် ချယ်လ်ဆီး အသင်းနှင့် မန်ယူအသင်းတို့ တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့သည့် ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ပြီးနောက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။
အဆိုပါပွဲစဉ်၌ ဗာရာနီသည် ပွဲချိန် မိနစ် ၆၀ တွင် ချယ်လ်ဆီးအသင်း တိုက်စစ်ကစားသမား အူဘာမီယန်းနှင့်ဘောလုံးယှဉ်လုစဉ် ခြေထောက်အကျမတော်ဖြစ်ကာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီးနောက် ဆက်လက်ကစားနိုင်ခြင်းမရှိဘဲ လင်ဒီလော့နှင့် လူစားလဲ ထွက်ခွာခဲ့ရသည်။
လက်ရှိတွင် မန်ယူအသင်းက ဗာရာနီ၏ဒဏ်ရာနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ထားခြင်း မရှိသေး သော်လည်း ဗာရာနီ၏ တံကောက်ကြောဒဏ်ရာမှာ ပြင်းထန်ဖွယ်ရှိနေပြီး လူစားလဲထွက်ခွာသည့် အချိန်တွင်လည်း မျက်ရည်ကျသည်အထိ ဝမ်းနည်းနေခဲ့သည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့်ပါ လွဲချော်ရမည့် အခြေအနေနှင့် တွေ့ကြုံနေရခြင်းဖြစ်သည်။
မန်ယူအသင်း ခံစစ်ပိုင်းတွင် ဗာရာနီနှင့် မာတီနက်ဇ် တို့သည် အကောင်းဆုံး တွဲဖက်ကစားနိုင်ပြီး ပါဝင်ခဲ့သည့် ပွဲစဉ်များတွင်လည်း ပွဲစဉ်အများစုကို ပေးဂိုးမရှိ အောင်စွမ်းဆောင်ထားနိုင်ခဲ့သည်။ ယခုအခါ ဗာရာနီအနေဖြင့် ဒဏ်ရာကြောင့် အနားယူရမည်ဖြစ်သောကြောင့် မန်ယူအသင်းအတွက်သာမက ပြင်သစ်အသင်း အတွက်ပါ ထိုးနှက်ချက် ဖြစ်လာဖွယ် ရှိကြောင်း သိရသည်။