မြန်မာနိုင်ငံ၌ ပထမဆုံးဖြစ်လာမည့် မှန်တံတားနှင့် အပန်းဖြေစခန်းစီမံကိန်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားအနီး၌ ယခုနှစ်အတွင်း အကောင်အထည်ဖော် တည်ဆောက်မည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၏ပြောကြားချက်အရ သိရသည်။
အဆိုပါ စီမံကိန်းကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ပြီး စီမံ ကိန်းတွင် မှန်တံတားအပြင် ခေတ်မီကစား ကွင်း၊ အပန်းဖြေဥယျာဉ်၊ ဘန်ဂလိုများ၊ ရွက်ဖျင်တဲများ၊ စိုက်ခင်းများ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်နှင့် စားသောက်ဆိုင်များ ပါဝင်မည် ဖြစ်သည်။
စီမံကိန်းအတွက် လိုအပ်တဲ့ခွင့်ပြုမိန့် တွေကတော့ ကျပြီးပါပြီ။ လုပ်ငန်းစတင်ဖို့ပဲ ရှိပါတော့တယ်။ ဂုတ်ထိပ်တံတား၊ ဘန့်ဘွေးကျင်းရေတံခွန်နဲ့ မှန်တံတားက မနီးမဝေးပါပဲ။ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်တာပါ။ COVID-19 ရောဂါကာလအလွန်မှာ ရှမ်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းတွေ စနစ်တကျပြန်လည်ဖွံ့ဖြိုးစေဖို့ ပြည်နယ်နဲ့ကိုက်ညီတဲ့ Tourism Master Plan ကိုလည်း ရေးဆွဲပြီးပါပြီ ဟု ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။
ယင်းစီမံကိန်းမှ ဝန်ထမ်းဦးရေ ၃၀၀ ခန့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကာ ကုမ္ပဏီအနေဖြင့် အပန်းဖြေစခန်းစီမံကိန်းမှ ရရှိသော အကျိုးအမြတ်များထဲမှ ၅ ရာခိုင်နှုန်းကို ကျန်းမာရေး၊ ပညာရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်အတွင်း ကောင်းမွန်ပြီး မပျက်စီးဘဲ ကျန်ရှိနေသည့်သဘာဝပတ်ဝန်းကျင်များနှင့် ထင်ရှားသောဒေသ ထွက်ကုန်များရှိသည့် ကျေးရွာများကို Eco-Tourism ကျေးရွာများအဖြစ် ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။ အိအိ