ဧရာဝတီတိုင်းဒေသကြီး အသင်း အုပ်စုပထမဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်
နေပြည်တော် အောက်တိုဘာ ၂၄
၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၆ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)နှင့်(၃)တို့၌ ယနေ့ညနေ ၃ နာရီခွဲတွင် ဆက်လက် ယှဉ်ပြိုင်ကစားကြသည်။
ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ ၃ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ကွင်းအမှတ်(၁)၌ ဧရာဝတီတိုင်း ဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဂိုးမရှိသရေဖြင့် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ကွင်းအမှတ်(၃)၌ မန္တလေးတိုင်းဒေသကြီး အသင်းက ရှမ်းပြည်နယ်အသင်းကို ၃ ဂိုး -၂ ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အသင်းက အုပ်စု(က)တွင် အုပ်စုပထမဖြင့်လည်းကောင်း၊ ကချင်ပြည်နယ် အသင်းက အုပ်စု ဒုတိယဖြင့် လည်းကောင်း ကွာတားဖိုင်နယ်သို့ တက်ရောက်သည်။
အောက်တိုဘာ ၂၅ ရက်(ယနေ့)တွင် ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ကွင်းအမှတ်(၃)၌ တနင်္သာရီတိုင်းဒေသကြီး အသင်းနှင့် မွန်ပြည်နယ် အသင်း၊ ညနေ ၃ နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် အမှတ်(၁)၌ ကရင်ပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ကွင်းအမှတ်(၃)၌ ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် မကွေးတိုင်း ဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ရာ ဘောလုံး အားကစားနည်းကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။