ဒါနသီကုံး ပျော်ရွှင်ပြုံးသည့် လတန်ဆောင်မုန်း
“မိုးအကုန်ဆောင်းအကူး”တွင်မြောက်ပြန်လေတို့မြူးလေသည်။ မှိုင်းညို့ညို့အေးမြမြနှင့် ကောင်းကင်တစ်ခွင်သည်လည်း လွမ်းရိပ်တို့စိုနေသဟန် ရှိပေသည်။ သီတင်းကျွတ်၍ တန်ဆောင်မုန်းလ ရောက်သည်နှင့် “ဆီးနှင်းတစ်ပြိုက်မိုးတလိုက်” ဆိုသည့်အတိုင်း ဆီးနှင်းတို့ အရိပ်အရောင်ကိုမြင်ရသော်လည်း အကြွင်းအကျန်မိုးသားတို့သည် တစ်ခါတစ်ရံ ပြိုကျကာ ရွာသွန်းလျက်ရှိပေသည်။ မိုးအကုန်မို့ သတိပေးသည့်အလား ထစ်ချုန်းသံများကလည်း သံစဉ်ပီသစွာ ထွက်ပေါ်လျက်ရှိပေသည်။ မိုးခြိမ်းသံများဖြင့် သတိပေးသော်လည်း မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းသည် မဟုတ်ချေ။ ထို့ကြောင့်ပင် ‘မီးပန်းပွင့်တုန်းတန်ဆောင်မုန်း၊ ထစ်ချုန်းမဖွဲ့”ဟု ကဝိလက္ခဏာ သတ်ပုံကျမ်းတွင် ဖော်ပြထားလေသည်။ တန်ဆောင်မုန်းလ၏ ရာသီခွင်မှာ ဗြိစ္ဆာရာသီဖြစ်ပြီးစန်းဟူသော လမင်းသည် ကြတ္တိကာနက္ခတ်နှင့် ယှဉ်ပြိုင် ထွန်းလင်းပေသည်။တာရာမှာ ကျီးတာရာဖြစ်ပြီး ခဝဲပန်းတို့သည် လှိုင်လှိုင် ဖူးပွင့်ကြသည်ကို “မိုးဝသန်ချိန်ဆုံးလို့ တန်ဆောင်မုန်းဗြိစ္ဆာ၊ ဖဝါးနှစ်စွန်းခါဝယ်ကြတ္တိကာကြယ်မင်း၊ ခဝဲပွင့်မာလာငယ်၊ သည်ချိန်ခါမွှေးထုံပျံ့သင်း”ဟု စလေဦးပုညက ရေးဖွဲ့ခဲ့ပါသည်။
ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် အလျောက်ဆန်စပါးကို အဓိကထား၍ စိုက်ပျိုးကြသည်။ “ယာဆီမြေကောင်းကျသည့်ပြောင်း”ဆိုသကဲ့ သို့စိုက်ပျိုးမြေများသည် သီးနှံများကို ဖြစ်ထွန်းအောင်မြင်စေသည်။ သီတင်းကျွတ် လပြည့်အတွင်းတွင် “စံပြလယ်မြေ”ဟုခေါ်သော ယာမြေများ၌ စပါးနှံများ ဖြစ်ထွန်းအောင်မြင်မှု ရှိသည်။ သို့သော် တန်ဆောင်မုန်းလ၌မူကား လယ်ယာမြေတိုင်းလိုလို၌ စပါးနှံများ ဖြစ်ထွန်းလာပြီဖြစ်သည်။ လယ်ယာမြေ အတွင်းသို့ ရောက်သွားသည်နှင့် စပါးနှံအညွန့်အဖူးများ၏ သင်းပျံ့သောရနံ့ကို ရှူရှိုက်ကြရသည်။ တချို့ကျေးလက် ဒေသများတွင် ကလေးသူငယ်များသည် ယာတောထဲ၌ စပါးနှံအဖူးအညွန့်များကို ဆွတ်ယူစားသုံးလေ့ရှိသောကြောင့် လယ်ယာပိုင်ရှင်များက သတိထားစောင့်ကြည့် ရသည်ကိုလည်းတွေ့မြင်ကြရသည်။ တချို့ လယ်ယာပိုင်ရှင်များသည် ကောက်ရိုးနွယ်များဖြင့် ပြုလုပ်ထားသော “စာခြောက်ရုပ်”များကို တန်ဆောင်မုန်းလမှ စတင်၍ ယာတောထဲတွင်ကျေးငှက်တို့ စားသောက်ခြင်း၏ အန္တရာယ်မှကာကွယ်ရန် ထားရှိသည်ကို တွေ့မြင်ကြရသည်။ လယ်ယာပိုင်ရှင်များ ပျော်ရွှင်ကြည်နူးကြရသော ရာသီတန်ဆောင်မုန်းဟုလည်း ဆိုရမည်ဖြစ်သည်။ စပါးနှံစတင်ဖြစ်ထွန်း အောင်မြင်၍ လယ်ယာပိုင်ရှင်များ ပျော်ရွှင်ကြည်နူးရသော“ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း”ပင်ဖြစ်ပေသည်။
ကထိန်ဒါနတန်ဆောင်မုန်းလ
တန်ဆောင်မုန်းလ ရောက်သည်နှင့် အလှူဒါနပွဲများနှင့်အတူ ပျော်ပွဲရွှင်ပွဲများလည်း ပါဝင်လာကြသည်။
ဝါလကင်းလွတ် သီတင်းကျွတ်သည်နှင့် “ကထိန”ဟူသော ကထိန်သင်္ကန်း အလှူဒါနပြုကြရန် ပြင်ဆင်ကြတော့သည်။ မဟာဘုံကထိန်ပွဲတော်များကို ကျေးလက်၊မြို့ပြ၊ ရပ်ကွက်များပါမကျန် အပြိုင်အဆိုင် ကျင်းပရန် ပြင်ဆင်ကြသည်။ အလှူဒါနအတွက် “လူအင်အား၊ ငွေအင်အား}}ဖြင့် တစ်တပ်တစ်အား ပါဝင်ဆင်နွှဲကြသည်။ အများသူငါ မုဒိတာ ပွားများနိုင်ရန်အတွက် လည်း “ပဒေသာပင်”များစိုက်ထူ၍ “ဘုံကထိန်” လှည့်လည်ကြသည်။ ဗုဒ္ဓဘာသာဝင်တို့၏ အလှူဒါနရက်ရောပုံ၊ ဘာသာတရား ကိုင်းရှိုင်းပုံတို့ကို “ဘုံကထိန် အလှူဒါန”တွင် ကြက်သီးမွေးညင်းများ ပေါ်ပေါက်လာသည်အထိ ကြည်နူးစွာတွေ့မြင်ကြရပေသည်။
ဤသို့အလှူဒါနများဖြင့် မဂ်လမ်းသို့ရောက်ကြရမည်ကို “လှူကထိန်သင်္ကန်းနှင့်၊ မဂ်လမ်းတဲ့ ဆုပန်ရွယ်”ဟု ဖိုးသူတော်ဦးမင်းက လည်းကောင်း၊ “လှူကထိန်ခါတော် ပွဲရယ်နှင့်ခဝဲပွင့်ဝါစီစီ၊ သာကြည်လဲ့မြူရှင်း”ဟုဦးပြုံးချိုက လည်းကောင်း၊ “တန်ဆောင်ငယ်မာသ၊ ဆယ့်နှစ်လတွင်၊ ချမ်းမြဧရင်၊ ဗြိစ္ဆာခွင်သို့၊ ရင်ငယ်ပြောင်းခွာ၊ ခဝဲညှာလဲ၊ ခိုင်လွှာဝတ်မှုံ၊ ရနံ့သာထုံတော့တယ်၊ ဘုန်းဂုဏ်ကြော့သမ္ဘိန်မှာ၊ လှူသဘင်ကထိန်ခင်းလို့၊ ကျင်းကြတယ်လေး”ဟု မဟာအတုလမင်းကြီးက လည်းကောင်း ရေးဖွဲ့ခဲ့သည်ကို လေ့လာမှတ်သားရပေသည်။
နိဗ္ဗာန်ဈေးပွဲတော်
နိဗ္ဗာန်ဈေးပွဲတော် ဟူသည်ကား မိမိတို့လှူဒါန်း ကျွေးမွေးလိုသော အစားအစာများ၊ အဝတ်အထည်များ၊ ဆေးဝါးများ၊ အသုံးအဆောင်ပစ္စည်းများ၊ ငွေကြေးများ စသည်တို့ကို မဲစနစ်ဖြင့်သော် လည်းကောင်း၊ အလှူရှင်များ တစ်နေရာ၌စုပေါင်း၍ နေရာသတ်မှတ်ပြီးရောက်လာသမျှအား မကုန်မချင်း ပေးဝေ၍လည်းကောင်း၊ မည်သူရပါစေဟူသော ဆန္ဒတစ်စုံတစ်ရာမရှိဘဲ “ပရစေတနာ”အပြည့်အဝဖြင့် ပြတ်သားစွာ လှူဒါန်းသော အလှူဒါနပွဲတစ်ခုဖြစ်ပေသည်။ အနှောင်အဖွဲ့ အစွဲအလမ်းမရှိဘဲ လှူဒါန်းခြင်းဖြင့် နိဗ္ဗာန်အထိ ရောက်ရှိနိုင်သည်ကို ယုံကြည်သက်ဝင်ကြသောကြောင့် “နိဗ္ဗာန်ဈေးပွဲတော်”ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ နိဗ္ဗာန်ဈေးပွဲတော်ကို များသောအားဖြင့် တန်ဆောင်မုန်း လပြည့်နေ့၌ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။ မြန်မာတို့၏ရိုးရာ ဓလေ့အလှူပွဲတော် တစ်ခုပင်ဖြစ်ပေသည်။
မသိုးသင်္ကန်း ရက်ကန်းအလှူ
တန်ဆောင်မုန်းလပြည့်ညတွင် ဘုရားစေတီများ၌ “မသိုးသင်္ကန်း” ရက်လုပ်ပူဇော်ပွဲများ ကျင်းပကြပေသည်။ “မသိုးသင်္ကန်း”ဟူသည်မှာနေ့မကူးဘဲ တစ်ရက်အတွင်း အပြီးရက်လုပ်ထားသော သင်္ကန်းကိုဆိုလိုခြင်းဖြစ်သည်။
“မသိုးသင်္ကန်း”ဟူသည်ကား သက်တော်ထင်ရှား ဖြစ်တော်မူသော မြတ်စွာဘုရားအား ရည်မှန်းပူဇော်၍ ရက်လုပ်လှူဒါန်း ဆက်ကပ်သော “ကထိန်သင်္ကန်း”တစ်မျိုးပင်ဖြစ်သည်။ ရပ်ကွက်၊ မြို့နယ်အလိုက် ရက်ကန်းစင်များကို ဘုရားရင်ပြင်တော်ပေါ်တွင် ဆင်ယင်၍ အပြိုင်အဆိုင် ရက်ကန်းရက်လုပ်ပွဲများ ဆင်နွှဲလျက်ကပ်လှူ ပူဇော်သော ပွဲတော်လည်း ဖြစ်သည်။ မြန်မာလူမျိုးတို့၏ သဒ္ဓါတရား ထက်သန်မှု၊ ရိုးရာလက်မှုပညာကို ထိန်းသိမ်း၍ မြတ်နိုးတွယ်တာမှု၊ စည်းလုံးညီညွတ်မှုတို့ကို ဖော်ပြသော ပွဲတော်တစ်ခုဟုပင် ဆိုနိုင်ပေသည်။ ထို့ပြင် “ရက်ကန်း”ရက်လုပ်ပူဇော်ကြသည့် အမျိုးသား၊ အမျိုးသမီးများ၏ ဟန်ချက်နှင့်အညီ မြန်မာ့ဆိုင်းဝိုင်းကြီးမှ “လက်ခတ်သံ၊ လက်ခတ်သံ၊ မလေးလက်ခတ်သံ၊ လက်ခတ်သံကျွန်းဖိုသား၊ သောင်းတိုင်ကကြားသလေ့လေ့”ဟူသောတေးသွားတို့မှာ မြန်မာ့အားမာန်နှင့် မြန်မာ့ရိုးရာ အနုသုခုမပညာတို့ကို “ကမ္ဘာမှာမြန်မာဟု”ဖော်ကျူးပြသသကဲ့သို့ ရှိနေပေသည်။ မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းခြင်းသည် အင်းဝခေတ်ကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်ကို “တန်ဆောင်မုန်းကား၊ မချုန်းမိုးသား၊ တိုင်ထွတ်ဖျားဝယ်၊ ငါးပါးကျိုးရှိ၊ မီးပွင့်ညှိ၍၊ ပြည့်ကြီးဖွယ်ရာ၊ သဒ္ဓါအကျိုး၊ မသိုးသင်္ကန်း၊ လှူရွှင်လန်းလျက်၊ ရဟန်းသံဃာ၊ အရိယာအား၊ ပရိက္ခရာရှစ်စုံ၊ ရွှေစည်းခုံဝယ်၊ ကြည်ယုံလှချင်၊ ပွဲပုံယင်လျက်၊ အောက်ထက်ကျော်ရှိန်၊ ညှိလှူချိန်သည်၊ ကထိန်လှူသင်္ကန်းတည့်လေး”ဟု အင်းဝမြို့ဘွဲ့ဆယ့်နှစ်ရာသီ လူးတားတွင် ဖော်ပြထားသည်ကို လေ့လာဖတ်ရှု၍ သိရှိရပေသည်။
တန်ဆောင်တိုင်ည မီးထွန်းပူဇော်ကြ တန်ဆောင်မုန်းလပြည့်ညတွင် “တန်ဆောင်တိုင် မီးထွန်းပွဲတော်”ကိုလည်း ကျင်းပကြသည်။ မြတ်စွာဘုရားရှင်အား ပူဇော်ကြသည့်အနေဖြင့် ဆီမီးပူဇော်ခြင်း၊ ကောင်းကင်ယံသို့ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းတို့ကို ပြုလုပ်လေ့ရှိကြသည်။ တချို့သောမြို့ကြီးများတွင် “မီးပုံးပျံလွှတ်တင်သည့်ပွဲတော်”များကို တခမ်းတနား ကျင်းပလေ့ရှိကြသည်။ တချို့ကမူ မီးပုံးပျံအတွင်း လက်ဆောင်ပစ္စည်းများ၊ ငွေစက္ကူများကို ချိတ်ဆွဲလွှတ်တင်၍ ပူဇော်ကြပြီးမီးပုံးပျံ မှိုင်းကုန်၍ ကျရောက်သည့် အရပ်ဒေသမှ လူပုဂ္ဂိုလ်များအတွက် “ပံ့သကူအလှူဒါန”အဖြစ် လှူဒါန်းချိတ်ဆွဲကြခြင်း ဖြစ်ပေသည်။ တန်ဆောင်တိုင်ည၏ ကောင်းကင်ယံ အလှသည် မိုးသားကင်းစင်၍ ကြယ်နက္ခတ်တာရာများ စုံလင်ပြီး လူသားတို့ လွှတ်တင်သော မီးရှူးမီးပန်းများ၊ မီးပုံးပျံများ၊ ငွေလစန္ဒာနှင့် ပြိုးပြိုးပြက်ပြက် လက်နေသည့် ကြယ်လေးများ၏ အရှိန်ကြောင့် အာကာတစ်ခွင်လုံး ထွန်းလင်းတောက်ပနေပေတော့သည်။ စိတ်နှလုံးချမ်းမြေ့ဖွယ်ရာသော တန်ဆောင်တိုင်ည အလှပင်ဖြစ်ပေတော့သည်။ “လတန်ဆောင်မှာ၊ ကြွပြောင်ပြောင်အသရေတင့်ပါဘိ၊ ရွှေမြင်းမိုရ်ဝါ ထိန်ထိန်နှင့်၊ ခါအချိန်မြောက်လေသွေးတယ်၊ အေးတဲ့ငွေနှင်း”ဟူ၍ ဆောင်းရာသီအစ တန်ဆောင်တိုင်ညမှ ဆီမီးပူဇော်ကြပုံကို စာဆိုဦးပြုံးချိုက သရုပ်ဖော်ရေးဖွဲ့ထားခဲ့ပေသည်။
ကျီးမနိုးပွဲနှင့်ပံ့သကူ
“ကျီးမနိုးပွဲ}}ဟူသည်ကား ပျော်ပွဲရွှင်ပွဲ တစ်ခုပင်ဖြစ်သည်။ ရှေးခေတ်အခါက ထိုးကွင်း၊ မင်ကြောင်ထိုးထားသော ပုဂ္ဂိုလ်တချို့သည် နက္ခတ်စုံသော တန်ဆောင်မုန်းည ၁၂ နာရီအချိန်၌ စီရင်ထိုးနှံထားကြသည်ဆို၏။ ထိုသူတို့သည် တန်ဆောင်မုန်းည ၁၂ နာရီအချိန်၌ပင် ဆေးစွမ်းထက်သည်ကို ပြသ၍ တချို့သော သူဌေးသူကြွယ်အိမ်များက ပစ္စည်းတချို့ကို အပျော်တမ်းယူဆောင်၍ ကျေးရွာ၊ ရပ်ကွက် စသည်တို့၏ အဝင်လမ်းရှိ သစ်ပင်ကြီးများတွင် ချိတ်ဆွဲထားလေ့ရှိသည်။ နောက်တစ်နေ့နံနက်၌ ပစ္စည်းပိုင်ရှင်များမှ လာရောက်ရွေးယူသည့်အခါ ထိုငွေကြေးတို့ဖြင့် ရှင်သာမဏေ မပြုနိုင်သော ကလေးသူငယ်များကို ရှင်ပြုနားသပြုလုပ် ပေးလေ့ရှိကြသည်။ ဤသည်ကို “ကျီးမနိုးပွဲ”ဟုခေါ်ဆိုကြပြီး ခေတ်ကာလရွေ့လျားလာသည့်အခါ “သူခိုးကြီးည”ဟူ၍ ပျော်ပွဲရွှင်ပွဲအဖြစ် ပြုလုပ်လေ့ရှိကြသည်။
တန်ဆောင်မုန်းလပြည့်ညတွင် တချို့သော လူပုဂ္ဂိုလ်များသည် အလှူဒါန တစ်ခုပြုကြသည်။
မည်သူ့ကိုမျှမမြင်မသိစေဘဲ “ကံထိုက်သူရပါစေ”ဟူသောဆန္ဒဖြင့် မိမိတို့လှူဒါန်းလိုသော အသုံးအဆောင်များ၊ ငွေကြေးများ၊ စားသောက်ဖွယ်ရာများကို မိမိတို့ဆန္ဒရှိရာ လမ်းမများတွင် ပံ့သကူပစ်လေ့ရှိကြပေသည်။ ပံ့သကူ အလှူဒါနသည်လည်း “ပရစေတနာ”ပြဋ္ဌာန်းသော မြန်မာလူမျိုးတို့၏ မွန်မြတ်သည့် အလှူဒါနပင်ဖြစ်ပေသည်။
ဆေးပေါင်းခသည့်ည
တန်ဆောင်မုန်းလပြည့်ညသည် နက္ခတ်စုံသော ညဖြစ်သည်။ နက္ခတ်စုံညီသောကြောင့် ဆေးပေါင်းခပြီး သိဒ္ဓိထူးသော အချိန်အခါပင်ဖြစ်သည်။ ဆေးပင်အပေါင်းကို စောင့်ရှောက်သော နတ်တို့သည် မဲဇလီပင်အား စောင့်ရှောက်သော မီးနတ်မင်းအား တညီတညွတ်တည်း လာရောက်ခစား၍ မဲဇလီဖူးသုပ်နှင့် ပူဇော်ကြသည်ဟု ရှေးလူကြီးများ အဆိုအမိန့်အရ မှတ်သားရပေသည်။ ထို့ကြောင့် ဆေးပေါင်းခသော ညတွင် မဲဇလီဖူးသုပ်များကို သုပ်စားခြင်းအားဖြင့် ရောဂါဝေဒနာများ သက်သာပျောက်ကင်းသည်ဟု ယုံကြည်သက်ဝင်၍ စိတ်တန်ခိုးကို တိုးပွားစေရန် မဲဇလီဖူးကို သုပ်စားကြခြင်းဖြစ်ပေသည်။ မဲဇလီဖူး မရခဲ့သည်ရှိသော် အလွယ်ရနိုင်သည့် စား၍ရသော အသီးအရွက်များကို တန်ဆောင်မုန်းလပြည့်ညတွင် စားသောက်ခြင်းဖြင့်လည်း ရောဂါဝေဒနာများ သက်သာပျောက်ကင်းကြသည်ဟု ရှေးလူကြီးများ ဆိုမိန့်ခဲ့ကြပါသည်။ ဂမ္ဘီရအတတ်ပညာရှင် အချို့သည်လည်း တန်ဆောင်မုန်းလပြည့်ညတွင် ဆေးပေါင်းခသည့်”ဆေးကြိတ်ပွဲ၊ ဆေးစွမ်းရည်ပြသပွဲ” များကို ကျင်းပကြသည်။ ရှေးအလင်္ကာ တေးကဗျာတွင် “တန်ဆောင်မာသ၊ ကြတ္တိက၊ ရွှန်းပရောင်လျှံမြူး၊ မီးနတ်ဒဟဆင်းသက်ကြွ၊ ပေါင်းခမဲဇလီဖူး၊ နက္ခတ်သဘင်ဆေးစီရင်၊ လူတွင်ထက်ခေါင်ကျူး၊ စီးပွားတက်ခါ မင်္ဂလာ၊ ချိန်ခါသိဒ္ဓိထူး”ဟု ရေးဖွဲ့ထားသည်ကို လေ့လာသိရှိရပါသည်။
ပွဲတော်မြိုင်ဆိုင် လတန်ဆောင်တိုင်
တန်ဆောင်မုန်းလသည် ဆယ့်နှစ်လရာသီတွင် ရှစ်လမြောက်လဖြစ်ပြီး ပွဲတော်များပြားသော လတစ်လပင်ဖြစ်သည်။ အလှူဒါနပွဲများနှင့် အတူ ပျော်ပွဲရွှင်ပွဲများကို တစ်လလုံးနီးပါး ဆင်နွှဲကြသော လတစ်လပင်ဖြစ်သည်။ ဗုဒ္ဓဘာသာမြန်မာ လူမျိုးတို့၏ အလှူဒါန ရက်ရောပုံကိုမြင်သာစေသည့် ဘာသာရေးပွဲများ၊ ရိုးရာဓလေ့လှူဒါန်းပွဲများ၊ မြတ်နိုးဖွယ်ကောင်းသော ရှေးရိုးအစဉ်အလာ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသော တန်ဆောင်မုန်းလပင်ဖြစ်သည်။ ပျော်ရွှင်ကြည်နူးဖွယ် အတိနှင့်ပြည့်စုံသော တန်ဆောင်မုန်းလတွင် အလှူဒါနများပြုလုပ်၍ ရိုးရာဓလေ့ ပွဲတော်များကို ပျော်ရွှင်အေးချမ်းစွာ ပါဝင်ဆင်နွှဲနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းဖြင့် ရေးသား လိုက်ရပေသည်။ ။
မေတ္တာမိုးနှင်း(ပဲခူး)