နိုင်ငံ့စီးပွားတိုးတက်ဖို့ MSME လုပ်ငန်းများအားပေးစို့
မျက်မှောက် ၂၁ ရာစုကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် မိမိနိုင်ငံစီးပွားရေး ခိုင်မာတောင့်တင်းစေရန် နိုင်ငံအလိုက် စီးပွားရေးမူဝါဒများ ချမှတ်ကျင့်သုံးလျက်ရှိကြသည်။ အထူးသဖြင့် ကမ္ဘာ့လူသားများ၏ ခေတ်နှင့်အညီလိုအပ်မှု၊ အသုံးပြုမှု၊ ကုန်ထုတ်လုပ်နိုင်စွမ်းဝယ်လိုအား၊ တီထွင်ဆန်းသစ်မှု စသည်တို့ကိုတွက်ချက်၍ လိုအပ်သော ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ထူထောင်ကာ အပြိုင်အဆိုင် ကြိုးစားလာကြသည်။ စီးပွားရေးလုပ်ငန်းများ ထူထောင်ရာတွင် ပြည်တွင်းလိုအပ်ချက်နှင့် ပြည် ပတင်ပို့မှုတို့အဆင်ပြေအောင်လည်း တွက်ချက် အကောင်အထည်ဖော်ကြသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကောင်း၊ မကောင်းကို နိုင်ငံ၏ GDP ကို လေ့လာကြည့်ကသိနိုင်သည်။ အခြေခံအကျဆုံးအချက်ဖြင့် တွက်ချက်ကြည့်ပါက နိုင်ငံတစ်ခု၏စီးပွားရေးသည် ပြည်ပ ပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုးတို့၌ များစွာမူတည်လျက်ရှိသည်။ ပြည်ပမှမှာ ယူတင်သွင်းမှုများနေသမျှ စီးပွားရေး တိုးတက်မှုသည်လည်း အနုတ်လက္ခဏာပြနေမည်သာ ဖြစ်သည်။
ကမ္ဘာ့စီးပွားရေး အင်အားတောင့်တင်းသော နိုင်ငံများကို လေ့လာကြည့်သော် ခေတ်ပညာတတ်ပေါများသည်။ သိပ္ပံနှင့်နည်းပညာက အဆင့်မြင့်သည်။ ဆန်းသစ်တီထွင်မှု အားကောင်းသည်။ ထို့ကြောင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည်။ ထိုထက်ပို၍ လေးနက်သည့် အခြေခံအကြောင်း တရားတစ်ရပ်ကို ရှာဖွေတွေ့ရှိမိသည်။ ထိုအရာသည်ကား ပြည်တွင်း လိုအပ်ချက်ကို ပြည်တွင်း၌သာ ထုတ်လုပ်နိုင်ရေး အလေးပေးခြင်းပင်ဖြစ်သည်။ ပြည်တွင်းလိုအပ်ချက်ကို ပြည်ပမှမတင်သွင်းရသဖြင့် အသားတင် ထုတ်ကုန် တန်ဖိုးမြင့်မားသလို ပြည်တွင်းထုတ်ကုန် ပိုလျှံမှုအား ပြည်ပသို့တင်ပို့ခြင်းဖြင့် စီးပွားရေးအင်အား ပိုမိုခိုင်မာလာစေသည်။
တချို့နိုင်ငံများသည် စီးပွားရေးနှင့် ပတ်သက်သည့် သုတေသနမှုအားကောင်းကြသည်။ မည်သည့်ကုန်ပစ္စည်း အသစ်ထွက်ရှိ ကြောင်းကို အချိန်နှင့်တစ်ပြေးညီ သိအောင်ပြုသည်။ မကြာမီအချိန်ပိုင်းအတွင်း ထိုကုန်ပစ္စည်းကို မိမိနိုင်ငံအတွင်း ရအောင်ထုတ် သည်။ ထိုအခါထုတ်ကုန် လိုအပ်ချက်အနည်းအများ၊ ထုတ်ကုန်၏ အရည်အသွေးနှင့်ဝယ်လိုအားတို့ကို မူတည်လျက် အဆင့်မြင့် ထုတ်ကုန်ဖြစ်အောင်ပြုပြင်ရင်း ပြည်ပသို့ပို့ကုန်အဖြစ် ပို့ဆောင်နိုင်သည်အထိ အကျိုးပြုလာသည်။ အဓိကအားဖြင့် နိုင်ငံအတွင်း ၌ရှိနေသောအသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ အားကောင်းရေးကို ပုံဖော်ပြီးထိုမှ တစ်ဆင့်နိုင်ငံခြား ဝင်ငွေစီးဝင်လာအောင် ကြိုးစားနိုင်ကြခြင်းပင်ဖြစ်သည်။ ထိုအချက်သည် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အခြေခံကျသော အချက်ပင် ဖြစ်သည်။
ယနေ့ကမ္ဘာကြီးသည် အရွှေ့အပြောင်း အလွန်မြန်ဆန်လာနေပြီဖြစ်သည်။ သိပ္ပံနှင့်နည်းပညာများ အံ့မခန်းတိုးတက်လာမှုနှင့်အတူ ကမ္ဘာ့လူသားအများစုသည်လည်း ခေတ်မီတိုးတက်လာကြသည်။ ခေတ်မီတိုးတက်လာမှုနှင့် တစ်ဆက်တည်းတွင် လိုအပ်ချက်များ လာမှုက ဆက်နွှယ်ပတ်သက်လာသည်။ စားရေရိက္ခာ၊ အသီးအနှံ၊ စက်မှုပစ္စည်း၊ လူ့အသုံးအဆောင် အဝတ်အစား၊ စက်မှုနှင့် စိုက်ပျိုးမွေးမြူရေး သုံးဆက်စပ်ပစ္စည်း၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးလျှပ်စစ်နှင့် တခြားသောလိုအပ်ချက်များ ကြီးမားလာခြင်း သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆင်းရဲ၊ ချမ်းသာကွာဟချက် ပိုမိုများပြား လာခြင်းပင်ဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေး အတွက်ဆိုလျှင် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ တိုးတက်အောင်အားပေး၍ ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်သည်အထိ ကြိုးစားအကောင်အထည်ဖော်ရန် များစွာလိုအပ်သည်။
မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်း လေးသောင်းကျော်ရှိရာ ၂၀၁၅ ခုနှစ် မြန်မာ့ စီးပွားရေးလုပ်ငန်းစစ်တမ်းအရ စီးပွားရေးလုပ်ငန်း အရေအတွက်အများဆုံးသည် ကုန်ထုတ်လုပ်မှုကဏ္ဍတွင်ရှိပြီး စုစုပေါင်း လုပ်ငန်းများ၏ ၄၀ ရာခိုင်နှုန်းရှိသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းရာခိုင်နှုန်း ၉၀ ကျော်မှာ လုပ်ငန်းငယ်များသာဖြစ်သည်။ မြန်မာနိုင်ငံ MSME စီးပွားရေးလုပ်ငန်း ကုန်ထုတ်လုပ်မှုစစ်တမ်း(၂၀၁၇)တွင်မူ ထုတ်လုပ်မှုလုပ်ငန်းအများစုသည် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တည်ရှိကြပြီး တောင်ပိုင်းကမ်းရိုးတန်းဒေသ တစ်လျှောက်တွင် နည်းပါးကြောင်း၊ စားသောက်ကုန်လုပ်ငန်းသည် ထုတ်လုပ်မှုကဏ္ဍ၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် တီထွင်ဆန်းသစ်မှု လွန်စွာနည်းပါးကာ နည်းပညာပိုင်းနိမ့်ပါးကြောင်း၊ လုပ်ငန်းများအားလုံးသည် လျှပ်စစ်မီးနှင့်ရေပေးဝေရေးစနစ်မှ ဖြန့်ဝေသော ရေကိုအပြည့်အဝ မရရှိကြကြောင်း သိရသည်။
ထိုနည်းတူစွာ လုပ်ငန်းအများစုသည် လက်ဖြစ်ကိရိယာများနှင့် အသုံးပြုပြီး စက်ယန္တရားအဟောင်းများနှင့် တစ်ပတ်ရစ်များကို မှီခိုလုပ်ကိုင် နေရကြောင်း၊ ပြည်ပမှတင်သွင်းသည့် စက်ပစ္စည်းနှင့် နည်းပညာများကို အသုံးပြုဆောင်ရွက်သည့် လုပ်ငန်းများမှာ ၂၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း၊ သို့ဖြစ်၍ ဈေးကွက်လက်လှမ်းမီနိုင်သည့် နိုင်ငံတကာအဆင့်အတန်းမီမှု လွန်စွာနည်းပါးကြောင်း ထိုစစ်တမ်းတွင် ဖော်ပြပါရှိသည်။ အဆိုပါစစ်တမ်းအရ နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရန်အတွက် MSME စီးပွားရေး လုပ်ငန်းများ အားကောင်းလာအောင် များစွာပြုပြင်ပြောင်းလဲရမည်မှာ အထင်အရှားပင်ဖြစ်သည်။
ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် နိုင်ငံတော်တွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ် ချမှတ် ကျင့်သုံးဆောင်ရွက်လျက်ရှိရာ အောင်မြင်မှု အသီးအပွင့်များစွာ တွေ့မြင်နေရပြီဖြစ်သည်။ ဦးတည်ချက် (၉) ရပ်မှ စီးပွားရေး ဦးတည်ချက် သုံးရပ်မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ဈေးကွက် စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင်တည်ဆောက်ရေး၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးတို့ဖြစ်သည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးအားကောင်းရေးသည် စီးပွားရေးဦးတည်ချက် တတိယအချက်နှင့် သက်ဆိုင်သည်။
၂၀၂၂ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၇/၂၀၂၂)ကို နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။ ထိုသို့ မြွက်ကြားရာတွင် “တိုင်းပြည်အားသည် ပြည်တွင်းမှာသာရှိပြီး ပြည်ပကို တတ်နိုင်သမျှမှီခိုမှုမပြုရန် မိမိအနေဖြင့် အမြဲပြောကြားခဲ့ကြောင်း၊ ယင်းသည် ခေတ်အဆက် ဆက်တွေ့ကြုံသည့် သင်ခန်းစာများအရဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူနေချိန်တွင် ပြည်တွင်းစီးပွားရေး တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းများဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထားအားပေးဆောင်ရွက်နေကြောင်း” ထည့်သွင်းမြွက်ကြားခဲ့သည်။
ဆက်လက်၍ မိန့်ကြားရာတွင် “အရင်းအနှီးနှင့်ပတ်သက်၍လည်း MSME ဆောင်ရွက်နေသူများအနေဖြင့် ကိုယ်တိုင်ကြိုတင် အားထုတ် ဆောင်ရွက်ရန်လိုအပ်ပြီး ခိုင်မာသည့် လုပ်ငန်းများရှိချိန်တွင် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း၊ ယခင်နိုင်ငံတော်မှ ချေးယူခဲ့သည့်ရင်းနှီးမြှုပ်နှံငွေများ ပြန်လည်ပေးအပ်ရန်အတွက် အချိန်အတိုင်းအတာတစ်ခုအထိ ဖြေလျှော့ ပေးထားပြီးဖြစ်သည့်အတွက် အချိန်တစ်ခုတွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း” မှာကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ အတွင်းက မိတ္ထီလာ၊ မန္တလေး၊ ရန်ကုန်၊ ပြည်၊ ဘားအံမြို့၊ မော်လမြိုင်မြို့များသို့ သွားရောက်၍လည်းကောင်း၊ နေပြည်တော်တွင် လည်းကောင်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ MSME စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာ အောင်ဆွေးနွေးကာ လိုအပ်သည့် ပံ့ပိုးမှုအရပ်ရပ်ကို ပြုလုပ်ပေးခဲ့သည်။
အလားတူစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အစိုးရအဖွဲ့ဝန်ကြီးချုပ်များကိုယ်တိုင်လည်း ကျေးရွာများအထိ ကွင်းဆင်းကာ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း၊ ပံ့ပိုးဖြည့်ဆည်းပေးခြင်း၊ လုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်း၊ ဒေသတစ်ခု ထွက်ကုန်တစ်မျိုး ထွက်ရှိရေး အားပေးဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
MSME လုပ်ငန်းများအတွက် ကုန်ကြမ်းများ ရရှိရေး၊ လိုအပ်သည့်ငွေကြေးများရရှိရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးတို့ အပါအဝင် လိုအပ်ချက်များကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဖြည့်ဆည်းပေးခဲ့ပြီး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှာကြား မှုများ၊ တိုက်တွန်းအားပေးမှုများကို ပြုလုပ်ပေးခဲ့ရာ MSME စီးပွားရေးလုပ်ငန်းအတွက် ကြီးမားသည့်အင်အားကိုဖြစ်ပေါ်စေရာ နိုင်ငံ့စီးပွား တိုးတက်ရေးအတွက် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် အထူးကြိုးပမ်းဆောင်ရွက်ကြရေး လိုအပ်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။
လင်းအရုဏ်ဦး(ပဲခူး)