အားမာန်ဝင့်ချီ ဝေဟင်ဆီ စွမ်းရည်ထက်မြက် ခက်လက်ဝေဝေတပ်မတော်(လေ)
လူတစ်ယောက်၏ဘဝကို ချင့်တွက်ပါက မွေးဖွားစအချိန်မှ သေဆုံးသည့် အချိန်ထိ ကာလအတွင်းဟု ဆိုကြသည်။ မွေးဖွားစ ကလေးငယ်သည် စကားမပြော တတ်သေးသော်လည်း သူ့၌အသိရှိ၏။ အတွေးအခေါ်ရှိ၏။ ဆင်ခြင်သုံးသပ် နိုင်စွမ်းရှိ၏ဟုဆိုချင်ပါသည်။ ဗီဇအသိဉာဏ်ဟုပင် ဆိုရမည်ဖြစ်သည်။ ကလေးငယ်သည် နို့ဆာ၏။ နို့ဆာသောအခါ ငို၏။ ငိုသောအခါ မိခင်ကနို့တိုက်၏။ မငိုဘဲငြိမ်နေသော အခါ မိခင်ကအလေးမထား၊ ဂရုမပြု။ ထို့ကြောင့် ကလေးက နို့စို့လိုသောအခါငို၏။ ငိုလျှင် နို့ချိုတိုက်ကျွေးသည်ကို ဆင်ခြင်မိ၏။
ကလေးငယ်သည် လသားအရွယ်မှ နှစ်သားအရွယ် တဖြည်းဖြည်းကြီးလာသောအခါ အမြင် အကြား စသည့်အာရုံများဖြင့် အသိပညာ တိုးပွားလာခဲ့သည်။
“ပုဗ္ဗာစရိယ မိနှင့်ဖ”ဆိုသည့်စကားကဲ့သို့ပင် မိဘများကား သူ၏လက်ဦးဆရာများ ဖြစ်လာခဲ့သည်။ မိဘများက “တို့သားလေးကြီးရင် ပညာတတ်ကြီးဖြစ်ရမယ်၊ ဆရာဝန်ကြီး ဖြစ်ရမယ်၊ စစ်ဗိုလ်ကြီးဖြစ်ရမယ်၊ လေသူရဲကြီးဖြစ်ရမယ်”စသည့် စကားများကို ကြားနေရ၏။ ကြာသော် နားရည်ဝလာ၏။ ကလေးငယ်တို့၏ အသိ သည်လည်း ဆရာဝန်ကြီး၊ စစ်ဗိုလ်ကြီး၊ ပညာတတ်ကြီး စသည်ဖြင့် ဖြစ်ချင်လိုစိတ်များ သန္ဓေတည်လာခဲ့ကြသည်။ အသိစိတ်မှသည် ဗီဇစိတ်သို့ စွဲမြဲစေခဲ့သည်။
ကလေးသူငယ်များ ကျောင်းနေအရွယ်သို့ ရောက်သည့်အခါ မိဘများက ကျောင်းသို့အပ်နှံကြ၏။ ဆရာ၊ ဆရာမများ၏သင်ကြားမှု၊ သွန်သင်ဆုံးမမှုနှင့် လေ့ကျင့် ပျိုးထောင်မှုကို ခံကြရပြန်သည်။ ဆရာ၊ ဆရာမများက တစ်ဦးချင်းစီ၏ ဖြစ်လိုသည့် ဆန္ဒများအား မေးမြန်းသောအခါ ကိုယ်စီကိုယ်စီ ဖြေဆိုကြရပြန်သည်။
ကျောင်းနေအရွယ် မရောက်မီ မိဘတို့ သင်ပြခဲ့သည်များ ပြန်လည်နိုးကြားလာခဲ့ရသည်။ ဗီဇအသိများ ရှင်သန်စေခဲ့သည်။ ဆရာ၊ ဆရာမများက ပညာတတ်ကြီး ဖြစ်လိုလျှင် လုပ်ဆောင်ရမည့်အချက်များ သင်ပြပေး၏။ ဆရာဝန်ကြီးဖြစ်လိုလျှင် မည်သို့မည်ပုံ ကြိုးစားရမည်ကို လမ်းညွှန်ပေး၏။ စစ်ဗိုလ်ကြီးဖြစ်လိုသူတို့ကိုလည်း အဘယ်သို့ ကြိုးစား အားထုတ်ရမည်ကို အလင်းပြပေး၏။ ဗီဇဓာတ်ခံပါလာခဲ့သော ကလေးများကား အတတ်ပညာတစ်ခု အတွက် အလင်းရခဲ့ကြရသည်။ ဗီဇဓာတ်ခံ အခြေခံမကောင်းခဲ့သော ကလေးသူငယ်များအနေဖြင့် အတတ်ပညာတစ်ခုအား လေ့လာရန်၊ သင်ယူရန်၊ ကြိုးစား အားထုတ်ရန် လိုအပ်ကြောင်း သိလာစေ၏။ ဆရာ၊ ဆရာမများ၏ လမ်းညွှန်မှုကြောင့် ဗီဇဓာတ်ခံကောင်းသူဖြစ်စေ၊ ညံ့သူဖြစ်စေ အတတ်ပညာတစ်ခုခုကို တတ်မြောက်ခဲ့ကြရသည်။ ကျောင်းသူ၊ ကျောင်းသားများ သည်လည်း မူလတန်း၊ အလယ်တန်း၊ အထက်တန်း စသည်ဖြင့် ပညာသင်ကြားကြရသည်။ မိမိတို့နိုင်ငံ၏ သဘောသဘာဝအရ အခြေခံပညာ အထက်တန်း စာမေးပွဲအောင်မြင်သောအခါ တက္ကသိုလ်အသီးသီး တက်ရောက်၍ ပညာသင်ကြားရန် ပြင်ဆင်ကြရပြန်သည်။ ကျောင်းသား၊ကျောင်းသူများ အနေဖြင့် စိတ်တွင်စွဲထင် နေသည့် ဆန္ဒများအား အကောင်အထည်ဖော်ကြရသည်။ စစ်ဗိုလ်ကြီးဖြစ်လိုသည့် သူက ဗိုလ်လောင်းသင်တန်း တက်ရောက်ခွင့်ရရှိရေးကြိုးပမ်းကြသည်။ ဆရာဝန် ဖြစ်လိုသူများသည်လည်း ဆေးတက္ကသိုလ် ဝင်ခွင့်ရရှိရေး၊ အင်ဂျင်နီယာ ဖြစ်လိုသူကလည်း နည်းပညာတက္ကသိုလ် ဝင်ရောက်ခွင့်ရရှိရေး၊ ဆရာ၊ ဆရာမကြီးများဖြစ်လိုသူတို့ကလည်း ပညာရေးကောလိပ်၊ ပညာရေး တက္ကသိုလ်များသို့ တက်ရောက်နိုင်ရေး ကြိုးပမ်းကြရသည်။ သင်ယူကြရသည်။ ကျက်မှတ်ကြရသည်။ လေ့ကျင့်ကြရသည်။ နိုင်ငံကျော်စာရေးဆရာကြီး ဆရာဇော်ဂျီက “ဗီဇဓာတ်ခံကောင်းသူတို့အနေဖြင့် အိမ်တွင်းပုန်း အခန်းအောင်း၍မနေသင့်၊ သဘာဝပတ်ဝန်းကျင်၏ အခြေအနေအရပ်ရပ်ကို လေ့လာရမည်၊ သုံးသပ်ရမည်၊ အားထုတ်ကြိုးပမ်း လေ့ကျင့်ရမည်”ဟု ဆိုခဲ့သည်။ မိမိတို့၏ဘဝ တိုးတက်လိုသူတို့ အတွက် အမြဲသင်ယူနေရမည်၊ လေ့ကျင့် နေရမည်ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်ကို လေ့လာသုံးသပ်လျက် မတတ်သေးသည်များကို သင်ယူကြရမည်ဖြစ်သည်။
လေသူရဲတစ်ဦး ဖြစ်လိုသူတို့သည်လည်း ဗိုလ်လောင်းသင်တန်း တက်ခွင့်ရရှိရေး ဦးစွာကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။ ဗိုလ်လောင်းသင်တန်း၌ လေးနှစ်တာ အစွမ်းကုန်ကြိုးပမ်း အားထုတ်ပြီးသောအခါ လေယာဉ်မောင်းသင်တန်း တက်ရောက်နိုင်ရေး လုပ်ဆောင်ကြရပြန်သည်။ လေသူရဲတစ်ဦး ဖြစ်လာစေရေးအတွက် ကိုယ်ခန္ဓာ သန်စွမ်းမှုစစ်ဆေးခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး စစ်ဆေးခြင်း၊ ကျန်းမာရေးဆေးစစ်ခြင်း စသည်တို့ကို ထပ်မံစစ်ဆေးမှု ခံယူကြရသည်။ဗိုလ်လောင်းသင်တန်း တက်ရောက်နိုင်ရေးအတွက် ပထမအကြိမ် ဆန်ခါတင်စစ်ဆေးခြင်း၊ လေယာဉ်မောင်း သင်တန်းတက်ရောက်ခွင့် ရရှိရေးအတွက် ဒုတိယအကြိမ် ဆန်ခါတင်စစ်ဆေးခြင်း ခံယူကြရပြန်သည်။ လေသူရဲတစ်ဦး ဖြစ်လာစေရန်မှာ လွယ်ကူလှသည် မဟုတ်။ လေယာဉ်မောင်းသင်တန်း တက်ရောက်ခွင့် ရရှိသည့်အခါ လေယာဉ်သားလောင်း သင်တန်း၊ အခြေခံလေယာဉ်မောင်း သင်တန်း၊ တန်းမြင့်လေယာဉ်မောင်း သင်တန်း စသည်ဖြင့် အဆင့်ဆင့် တက်ရောက်အောင်မြင်မှသာ လေသူရဲတစ်ဦးအဖြစ် တောင်ပံအပ်နှင်းခြင်း ခံရမည်ဖြစ်သည်။
လူသားတစ်ဦးအတွက် စိတ်သည် အရေးကြီးကြောင်း ရှေးပညာရှိတို့ ဆိုမိန့် ခဲ့သည်။ စိတ်သည်ကောင်းရာသို့လည်း ပို့ဆောင်နိုင်သကဲ့သို့ ဆိုးရာသို့လည်း ပို့ဆောင်နိုင်စွမ်းရှိသည်ဟု ဆိုခဲ့သည်။ လူတို့၏ ပင်ကိုစိတ်သည် အားငယ်တတ်မှုရှိ၏။ မည်သည့်နေရာသို့ သွားလိုသည်ဖြစ်စေ အဖော်အပေါင်းပါမှသာ သွားလိုတတ်ကြသည်။ ထို့ကြောင့် ဆရာ၊ ဆရာမများက ရိုင်းပျသောစိတ်ကို ယဉ်ကျေးအောင် သင်ပြပေးရသည်။ နိမ့်ကျနေသောစိတ်ကို မြှင့်တင်ပေးကြရသည်။ ဖရိုဖရဲဖြစ်နေသော စိတ်ကိုကြံ့ခိုင်လာအောင် အားပေးကြရသည်။ ထို့ကြောင့် သင်ကြားပြသမှု ခံယူရသူတို့သည် မိမိကိုယ်ကို အားကိုးလိုသူများအဖြစ် ရောက်ရှိခဲ့ကြရသည်။ ကတ္တရာလမ်းမကြီးများအား မြေပြင်ပေါ်၌ ဖောက်လုပ်ထားကြ၏။ ထိုလမ်းမများပေါ်၌ မော်တော်ယာဉ်များအား မောင်းနှင်နေသူ တို့ပင် အဖော်အပေါင်းနှင့်မှ သွားတတ်ကြ သည်။ သို့သော် လေသူရဲများကား တစ်ဦးတည်း မောင်းနှင်ကြရ၏။ ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်လျက် စက်တပ်ယာဉ်အား ဝေဟင်ထဲတွင် တစ်ကိုယ်တည်း မောင်းနှင်ကြရ၏။ ထို့ကြောင့်ပင် လေသူရဲဟု ခေါ်ဆိုခြင်း ဖြစ်ပေလိမ့်မည်။ မောင်းနှင်ရုံမျှမက အမိနိုင်ငံတော်အတွက် ရန်အပေါင်းကို တိုက်ခိုက်ချေမှုန်းနေကြရသည်။ လေသူရဲတစ်ဦးတည်း မောင်းနှင်ပျံသန်းနေသော ခရီးလမ်းကား ပန်းခင်းသည့် လမ်းမဟုတ်ပေ။ ဆူးခင်းလမ်းထက်ပင် ကြမ်းတမ်းသည်ဟုဆိုပါက ပိုမည်မထင်။ ဆူးခင်းလမ်း၌ ဆူးစူးသော် အပ်ဖြင့်ထွင်နိုင်ပေသေးသည်။ ရန်သူကို တိုက်ခိုက်နှိမ်နင်းနေသည့် ဝေဟင်ခရီးလမ်းမှာ အသက်ကိုပင် စတေးထားရသည်။
သတ္တိ၊ ဇွဲ၊ လုံ့လအကြောင်း ရေးဖွဲ့ထားသည့် ဆရာမငွေတာရီ၏ ကဗျာတစ်ပုဒ် အားဖတ်ခဲ့ဖူးသည်။ အလွန်ထူထပ်သည့် တောမြိုင်ကြီးအတွင်း၌ ခရီးသွားနေသည့် လူသားတစ်ဦးအား တစ်ယောက်တည်း ခရီးသွားနေတာ မကြောက်ဘူးလားဟု မေးမြန်းထားခြင်းဖြစ်သည်။ ခရီးသွားယောက်ျားက ကျွန်ုပ်တွင် သတ္တိ၊ ဇွဲ၊ လုံ့လ စသည့် သူရဲကောင်း သုံးယောက်အဖော် ပါနေသည့်အတွက် ဘယ်အရာကိုမှ မကြောက်ပါဟု ပြန်လည်ဖြေကြားဟန် ရေးဖွဲ့ထားသည်ကို တွေ့ရှိရသည်။ တပ်မတော်(လေ)မှ လေသူရဲများသည်လည်း သတ္တိ၊ ဇွဲ၊ လုံ့လဆိုသည့် အလွန်သစ္စာရှိသော မိတ်ဆွေများဖြင့် ဝေဟင်တွင်းဝယ် မောင်းနှင်ပျံသန်းနေကြရသူများ ဖြစ်သည်။ မိမိအသက်ကိုပင် ပဓာနမထားဘဲ နိုင်ငံတော်အတွက်၊ ပြည်သူအတွက်၊ အဖျက်ရန်စွယ်များအား ဝေဟင်အထက်မှ အသက်ပေး စောင့်ရှောက်နေသူများဖြစ်သည်။ ဤသို့ တစ်ဦးတည်း မောင်းနှင်ပျံသန်း တိုက်ခိုက်နိုင်ရန်အတွက် သင်ကြားပြသပေးနေသည့် လေယာဉ်မောင်းနည်းပြ ဆရာများသည်လည်း နိုင်ငံတော်အတွက် တန်ဖိုး မဖြတ်နိုင်သူများဖြစ်သည်။ မြန်မာ့လေသူရဲများ၏ အစကား ခက်ခဲစွာ ရုန်းကန်ခဲ့ရသည်။ မြန်မာ့ဝေဟင်ကို မြန်မာတို့ပိုင်ဆိုင်ရေး စွန့်စားခဲ့ကြရသည်။
မြန်မာ့လေသူရဲများ၏ ရာဇဝင်ကား အံ့မခန်းပင်ဖြစ်သည်။ အမိမြန်မာပြည်ကြီး တိုင်းတစ်ပါးသားတို့၏ အုပ်ချုပ်မှု လက်အောက်၌ ရှိနေစဉ်ကပင် အစပျိုးခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ်တို့သည် မြန်မာတို့အား လေယာဉ်မောင်းပညာ သင်ပေးလိုသည့် စေတနာရှိလွန်း၍ မဟုတ်ပေ။ သူတို့၏စစ်ရေး အခက်အခဲတွင် မြန်မာ့လေသူရဲများအား အသုံးချလိုသောကြောင့်သာ သင်ပေးခဲ့ခြင်း ဖြစ်သည်။ မြန်မာတို့ကလည်း “အင်္ဂလိပ်အခက် မြန်မာတို့အတွက် အခွင့်ကောင်း”ဖြစ်စေရမည်ဟူ၍ လေယာဉ်မောင်း သင်ခဲ့ကြသည်။ ဗြိတိသျှတို့သည် စစ်ရေး အခက်အခဲတွေ့နေချိန်တွင် စစ်အင်အားကို ပြန်လည် တည်ဆောက်လိုကြသည်။ ကိုလိုနီနယ်များမှ ပြည်သူများအား စစ်ရေးတွင် အသုံးပြုရန် စီမံခဲ့ကြသည်။၎င်းတို့၏ စိတ်ကူးကို အကောင်အထည်ဖော်ရာ၌ ဗမာ့အပျော်တမ်း လေတပ် ((Burma Volunteer Air Force - BVAF)) ကို ဖွင့်လှစ်ရန် အစပျိုးခဲ့သည်။ ၁၉၃၄ ခုနှစ် ဧပြီလတွင် ရန်ကုန် လေယာဉ်မောင်း အသင်း (Rangoon Flying Club) ကိုဖွင့်လှစ်ခဲ့သည်။ ဤသို့ဖြင့် မြန်မာနိုင်ငံသို့ လေယာဉ်မောင်း အတတ်ပညာ စတင်ရောက်ရှိခဲ့သည်။ ပထမဦးဆုံးသော လေယာဉ်မောင်း သင်တန်းအား သင်တန်းသား ၁၂ ဦးဖြင့် ၁၆-၁၁-၁၉၄၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ပို့ချခဲ့ပြီး မြန်မာလူမျိုး ငါးဦး ပါဝင်ခဲ့ပါသည်။ အခြေခံလေယာဉ်မောင်း သင်တန်းပြီးသောအခါ အထက်တန်း လေယာဉ်မောင်း သင်တန်းအား အိန္ဒိယ၌ လည်းကောင်း၊ စစ်ဆင်ရေး လွှဲပြောင်း သင်တန်းအား နယူးဇီလန်ကျွန်း၌ လည်းကောင်း တက်ရောက်ခဲ့ကြရသည်။ လေယာဉ်များ ရှိလာသောအခါ စက်မှုလက်မှု ပညာရှင်များလည်း လိုအပ်လာပြီဖြစ်၍ အင်းစိန်စက်မှုလက်မှု ကျောင်း၌ပင် မော်တော်ကားအင်ဂျင်ကို အခြေခံအဖြစ် သင်ကြားခဲ့ကြရသည်။ လေယာဉ်မောင်း သင်တန်းပြီးသူများနှင့် စက်မှုလက်မှု သင်တန်းပြီးသူများအား ဗြိတိသျှဘုရင့် လေတပ်မတော်၌ အများစုကို တာဝန်ထမ်းဆောင်စေခဲ့ပြီး အချို့ကို မြန်မာ့အပျော်တမ်း လေတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်စေခဲ့သည်။ အချုပ်အခြာအာဏာ မပိုင်ဆိုင်ခြင်းကြောင့် မိမိတိုင်းပြည်၌ပင် သူတစ်ပါး၏အကျိုးကို ဆောင်ရွက်ခဲ့ကြရသည်။
ဒုတိယအသုတ် လေယာဉ်မောင်းသင်တန်းအား ၁၉၄၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ခေါ်ယူခဲ့ပြီး သင်တန်းသား ကိုးဦး အောင်မြင်ခဲ့သည်။ ထိုကိုးဦးတွင် မြန်မာလေသူရဲလေးဦး ပဝင်ခဲ့သည်။ လေးဦးမှာ တပ်မတော်(လေ)တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဒုတိယဗိုလ်မှူးကြီးအောင်ညွန့်၊ ဗိုလ်မှူးကြီး ထွန်းသာ၊ ဒုတိယဗိုလ်မှူးကြီးစောရှီးရှိုး နှင့် ဒုတိယဗိုလ်မှူးကြီးပယ်ရီအေးချိုတို့ဖြစ်သည်။
မြန်မာနိုင်ငံသည် နယ်ချဲ့ဗြိတိသျှနှင့် ဖက်ဆစ်ဂျပန်တို့၏ ကျွန်ပြုစိုးမိုးမှုအောက်မှ ရုန်းထွက်ရန်ကြိုးစားရင်း လွတ်လပ်ရေး ရရှိခဲ့သည်။ ဗမာ့လေတပ်မတော် ပေါက်ဖွားလာခြင်းသည်လည်း လွတ်လပ်ရေး၏ အသီးအပွင့်တစ်ခုဖြစ်သည်။ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဗမာ့လေတပ်မတော် (Burma Air Force - BAF) စတင်ပေါ်ပေါက်ခဲ့သည်။ မြန်မာနိုင်ငံသည် ရှေးဘုရင်များ လက်ထက် ဗြိတိသျှအစိုးရ၏ လက်အောက်ခံဘဝနှင့် ဂျပန်တို့၏ ရွှေရည်စိမ် လွတ်လပ်ရေးကာလတို့တွင် မြန်မာ့ဝေဟင်ကို မြန်မာတို့ပိုင်စိုးနိုင်ခွင့် မရခဲ့ကြပေ။ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထည်ဝါစွာပေါ်ပေါက်ခဲ့သော မြန်မာ့လေတပ်မတော်သည် မြန်မာ့ဝေဟင်ကို မြန်မာတို့ပိုင်ဆိုင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထိုစဉ်အချိန်က သန္ဓေတည်ခဲ့သော တပ်မတော်(လေ)သည် ယခုအခါ စိန်ရတုတပ်မတော်(လေ)အဖြစ် ခန့်ညား ထည်ဝါခဲ့ပြီဖြစ်သည်။ ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများ အလယ်တွင် ငွားငွားစွင့်စွင့်၊ ကြွားကြွားဝင့်ဝင့် ဂုဏ်ယူနိုင်ခဲ့ပြီဖြစ်သည်။ တပ်မတော်သည် စတင်ဖွဲ့စည်းသည်မှစ၍ မိမိနိုင်ငံ၏ အခြေအနေနှင့်အညီ ရရာလက်နက်တို့ဖြင့် ထူထောင်ခဲ့သည်။ တပ်မတော်(လေ) သည်လည်း မိမိနိုင်ငံ၏ အခြေအနေအလျောက် လက်လှမ်းမီရာ လေယာဉ်/ရဟတ်ယာဉ်များဖြင့် ကြိုးပမ်းတည်ဆောက်ခဲ့သည်။ ကြိုးစားအားထုတ်မှု၏ ရလဒ်၊ သတ္တိ၊ ဇွဲ၊ လုံ့လ၊ ဝီရိယတို့၏ အသီးအပွင့်များကို ခံစားသုံးဆောင်နေရပြီဖြစ်သည်။ ယနေ့မြန်မာ့တပ်မတော်သည် ကမ္ဘာ့နိုင်ငံများနှင့် ယှဉ်လျှင် အထိုက်အလျောက် အဆင့်အတန်း ရှိနေပြီဖြစ်သည်။ တပ်မတော်(လေ)သည်လည်း ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တစ်ဆင့်ထက် တစ်ဆင့် အရည်အချင်းမြင့်မားသော လေယာဉ်/ ရဟတ်ယာဉ်များဖြင့် မျိုးဆက်သစ် လေသူရဲများအား နှစ်စဉ်မွေးထုတ် ပေးလျက်ရှိသည်။
လေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၈၄)၏ သင်တန်းဆင်း တောင်ပံအပ်နှင်းပွဲသည် တပ်မတော်(လေ)၏ ဂုဏ်ယူဖွယ်နေ့ထူးနေ့မြတ် အခါသမယဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်မည်ဖြစ်သည်။ တပ်မတော်(လေ) အတွက် လူသားအရင်းအမြစ်များ ဖြစ်သည့် မျိုးဆက်သစ် အမျိုးသား လေသူရဲများ၊ အမျိုးသမီး လေသူရဲများ သွေးသစ်လောင်းသည့် နေ့ပင်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲများသည် တပ်မတော်အား အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်လျက်ရှိသည်။ တပ်မတော်(လေ) သည်လည်း ထိရောက်သည့် လေကြောင်းစွမ်းအား ပိုင်ဆိုင်လျက် အင်အားတောင့်တင်းပြီး နည်းပညာအဆင့်အတန်း မြင့်မားသည့် တပ်မတော်(လေ)အဖြစ် ကြိုးပမ်းအားထုတ် တည်ဆောက်လျက်ရှိသည်။ နိုင်ငံအတွက် ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရေး နေ့ညမပြတ် လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ဖြေရှင်းနိုင်ရေး အတွက် ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေး၊ ထိရောက်သည့် လေကြောင်းစွမ်းအားပိုင်ဆိုင်ရေး အစဉ်တစိုက် ကြိုးပမ်းလျက်ရှိသည်။ လေကြောင်းစွမ်းအား အတွက် လူသားအရင်းအမြစ်များဖြစ်သည့် လေသူရဲများအား နှစ်စဉ်မွေးထုတ် ပေးလျက်ရှိသည်။ နိုင်ငံတကာ လေတပ်များနည်းတူ အမျိုးသမီး လေသူရဲများ မွေးထုတ်ပေးခဲ့ရာ အမှတ်စဉ် (၈၀)မှ(၈၃)ထိ အမျိုးသမီးလေသူရဲ စုစုပေါင်း ၂၀ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ လေယာဉ်မောင်း သင်တန်းအမှတ်စဉ်(၈၄) ကျောင်းဆင်းတောင်ပံ အပ်နှင်းပွဲတွင်လည်း အမျိုးသမီး လေသူရဲ သုံးဦးပါဝင်ခဲ့သည်မှာ တပ်မတော်(လေ)၏ အထူးစွမ်းဆောင်မှု တစ်ရပ် ပင်ဖြစ်သည်။
တပ်မတော်(လေ)သည် အမိနိုင်ငံတော်၏ ဝေဟင်ပိုင်နက်ကို စိုးမိုးရန်ဖြစ်သည်။ မိမိတို့ဝေဟင်ပိုင်နက်မှ တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)တို့နှင့် ပေါင်းစပ်၍ အမိမြေနှင့် အမိအဏ္ဏဝါ ရေပြင်တို့ကို ကာကွယ်စောင့်ရှောက်သွားရန် ဖြစ်သည်။ လေကြောင်းစွမ်းအားစုဆိုရာ၌ ခေတ်မီလေယာဉ်စက်ပစ္စည်းများ၊ ခေတ်မီ စစ်လက်နက်ပစ္စည်းများ၊ အရည်အသွေး မြင့်မားသော လေသူရဲများ၊ အရည်အချင်း ပြည့်ဝသည့် စက်မှုလက်မှုအရာရှိ/စစ်သည်များ၊ အီလက်ထရွန်နစ်နှင့် အုပ်ချုပ်မှု ထောက်ပံ့မှုဆိုင်ရာ အရာရှိ/ စစ်သည်များ စသည့်ပေါင်းစုအင်အား ပင်ဖြစ်သည်။ ထိုပေါင်းစုအင်အား၌ စွမ်းရည်ထက်မြက်သည့် အရာရှိ/စစ်သည်များ ဖြစ်လာစေရေး အတွက် အစဉ်အမြဲ လေ့ကျင့်လျက်ရှိသည်။
လေယာဉ်မောင်းသင်တန်းဆင်း တောင်ပံအပ်နှင်းခံရပြီးသည့် လေသူရဲ မောင်မယ်များသည်လည်း ဆက်လက်၍ လေ့လာသင်ယူ နေရမည်ဖြစ်သည်။ ပျံသန်းလေ့ကျင့်နေရမည်ဖြစ်သည်။ တာဝန်ကျရာ လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်း၊ ပျံသန်းရေးအုပ်များ၌ သက်ဆိုင်ရာ လေယာဉ်/ရဟတ်ယာဉ်များဖြင့် လွှဲပြောင်း သင်တန်းများ တက်ရောက်ကြရမည်ဖြစ်သည်။ ပျံသန်းရေးအုပ်များနှင့် လေတပ်စခန်းဌာနချုပ်များ၏ နှစ်လုံးပေါက် လေ့ကျင့်ရေးဇယားများဖြင့် လစဉ်အလိုက်လေ့ကျင့်ခန်းများ ပြုလုပ်ကြရမည်ဖြစ်သည်။
လေသူရဲတစ်ဦးအနေဖြင့် အမြဲလေ့လာနေရမည်ဖြစ်သည်။ သဘာ၀ ပတ်ဝန်းကျင်အား မျက်စိကိုဖွင့် နားကိုစွင့်လျက် သင်ယူသင့်သည်များကို သင်ယူကြရမည်ဖြစ်သည်။ မိမိတို့၌ရှိသည့် လေယာဉ်/ ရဟတ်ယာဉ်များသာမက ကမ္ဘာ့နိုင်ငံများရှိ လေယာဉ်၊ ရဟတ်ယာဉ်များ၊ ခေတ်မီစက်ပစ္စည်းများအား လေ့လာကြရမည် ဖြစ်သည်။ လေ့ကျင့်နေရမည်ဖြစ်သည်။ ကြိုးပမ်းအားထုတ် နေကြရမည်ဖြစ်သည်။ တပ်မတော်(လေ)အား အရည်အချင်း/အရည်အသွေးပြည့်ဝသည့် လေသူရဲများ၊ စက်မှုလက်မှု အရာရှိ၊ စစ်သည်များ၊ အီလက်ထရွန်နစ် အရာရှိ၊ စစ်သည်များ စသည်တို့ဖြင့် ပေါင်းစုဖွဲ့စည်းကြရမည်ဖြစ်သည်။ သို့မှသာ တပ်မတော်(လေ)သည် ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး ထက်မြက်သည့် လေကြောင်းစွမ်းအား ပိုင်ဆိုင်မည် ဖြစ်ကြောင်းတင်ပြရင်း လေယာဉ်မောင်း သင်တန်းအမှတ်စဉ်(၈၄) သင်တန်းဆင်းပွဲနှင့် တောင်ပံအပ်နှင်း ခံယူကြမည့် လေသူရဲမောင်မယ်များ၊ နည်းပြလေသူရဲများ၊ တပ်မတော်(လေ)ရှိ အရာရှိ/စစ်သည်အားလုံးတို့အတွက် ဂုဏ်ပြုရေးသား တင်ပြလိုက်ရပါသည်။ ။
ရွှေညာမြေ မြတ်သင်းကြိုင်