သိပ္ပံနှင့်နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၂) ဆဋ္ဌမအကြိမ် အောင်မြင်စွာ ကျင်းပပြီးစီး

သိပ္ပံနှင့်နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၂) ဆဋ္ဌမအကြိမ် အောင်မြင်စွာ ကျင်းပပြီးစီး

ပြင်ဦးလွင် အောက်တိုဘာ ၂၈

          အဆင့်မြင့်ပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂၀၂၂) “Conference on Science and Technology Development – 2022” ကို အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီ တွင် ပြင်ဦးလွင်တပ်နယ် စစ်တက္ကသိုလ် အဆင့်မြင့်စာပေပညာဗဟိုဌာန ငါးထပ် စာသင်ဆောင်ရှိ MultifunctionHall၌ ကိုဗစ်-၁၉ ရောဂါစည်းကမ်း သတ်မှတ်ချက် များနှင့်အညီ ကျင်းပပြုလုပ်သည်။

          အဆိုပါကွန်ဖရင့်သို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ တပ်မတော်တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များနှင့် အရာရှိများ၊ အရပ်ဘက် တက္ကသိုလ်များမှ ပါမောက္ခများ၊ တပ်နယ်မှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်း တက်ရောက်နေသော သင်တန်းသားအရာရှိများ၊ ဗိုလ်လောင်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကိုယ်တိုင်လာရောက်စာတမ်းမဖတ်ကြားနိုင်သော Keynote Speaker များ၊ အရပ်ဘက် တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများက Video Conferencing ဖြင့် အခမ်း အနားသို့ တက်ရောက်ကြသည်။

          ၂ ရက်တာ ကွန်ဖရင့်ကျင်းပစဉ်ကာလအတွင်း ဖိတ်ကြားထားသော ပါမောက္ခ များ၏ စာတမ်း ၄ စောင် အပါအဝင် စုစုပေါင်း သုတေသနစာတမ်း ၁၂၃ စောင် ဖတ်ကြား နိုင်ခဲ့ပြီး ပိုစတာ ၂၃ စောင်ကို ပြသနိုင်ခဲ့သည်။

          သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်(၂၀၂၂)တွင် အကောင်းဆုံး စာတမ်းဆု ၇ ဆုနှင့် အကောင်းဆုံးပိုစတာဆု ၂ ဆု ပေးအပ်ချီးမြှင့်ခဲ့ရာ တပ်မတော် နည်းပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)တို့မှ ပေးအပ်ချီးမြှင့်ခဲ့သည်။

သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အရပ်ဘက်တက္ကသိုလ်များက တက်ရောက်ပြီး စာတမ်းဖတ်ကြားခြင်းနှင့် ဆွေးနွေး အကြံပြုခြင်းများ လုပ်ဆောင်ပေးခဲ့ကြသည့် ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် စာတမ်းရှင်များအား ဂုဏ်ပြုသောအားဖြင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့သော ဂုဏ်ပြုလက်ဆောင်များကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပေးအပ်ချီးမြှင့်ခဲ့သည်။

          ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က အမှာစကားပြောကြားပြီးနောက် သိပ္ပံနှင့်နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၂) ကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။