ဆဋ္ဌမမြောက်မှတ်တိုင် သို့မဟုတ် မြဲမြံဆက်ချီ CSTD
အချိန်စက်ဝိုင်း ဒီရေလှိုင်းတို့
စောင့်ခြင်းကင်းသော ဤကမ္ဘာဝယ်
နုပျိုခြင်းမှသည် မြဲမြံခြင်းဆီသို့
ပြောင်းလဲဖြစ်တည် CSTD
ကုန်လွန်သွားခဲ့တဲ့ အချိန်တွေကို ပြန်တမ်းတကြည့်ရင် ဘာမှမဟုတ်သလို ပါပဲလား။ စစ်တက္ကသိုလ်၊ အဆင့်မြင့်စာပေပညာ ဗဟိုဌာနမှာ ၂၀၁၆ ခုနှစ်ကနေ စတင်ကျင်းပခဲ့တဲ့ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်ကြီးဟာ အခုဆိုရင် ဆဋ္ဌမ အကြိမ်ထိတိုင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီလေ။
တကယ်တော့ ဘာရယ်မဟုတ်တဲ့ လူ့သက်တမ်းနဲ့ နှိုင်းယှဉ်ရင်တောင် ခြောက်နှစ်သား ကွန်ဖရင့်ဆိုတာ ပီဘိကလေးသာသာပါပဲ။ ဒါပေမဲ့ စစ်တက္ကသိုလ်၊ အဆင့်မြင့်စာပေပညာဗဟိုဌာနမှာ နှစ်စဉ် ကျင်းပမြဲ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်ကြီးကတော့ (၆)ကြိမ်မြောက်ဆိုပေမယ့် နုပျိုလန်းဆန်းခြင်း တက်ကြွခြင်းတို့အပြင် ရင့်ကျက်မှုတွေနဲ့ တည်ငြိမ်ခဲ့လေပြီ။
အစကောင်းမှအနှောင်းသေချာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြား ချက်များနှင့်အညီ နိုင်ငံတကာနှင့် ပြည်တွင်းတက္ကသိုလ်အသီးသီးမှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရရှိပြီးသူများ၊ စစ်တက္ကသိုလ်၊ တပ်မတော် နည်းပညာတက္ကသိုလ်နှင့် အရပ်ဘက်တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းတက်ရောက်နေသော မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်း သားများ၏ သုတေသနဆိုင်ရာ ဖော်ထုတ်တွေ့ရှိချက်များကို မိမိတို့၏ တပ်မတော်တက္ကသိုလ်များတွင် စုစည်း၍ နိုင်ငံတကာအဆင့် စာတမ်းဖတ်ပွဲများ ပြုလုပ်ပေးကာ အရည်အချင်းများမြှင့်တင်ပေးနိုင်ရေးအတွက် ၂၀၁၆ ခုနှစ်တွင် Seminar On Science and Technology Deve-lopment-2016 ဆောင်ရွက်ရန် တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်အား လမ်းညွှန်မှုပေးခဲ့ခြင်းကပင် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်ကြီးတစ်ခု ခိုင်ခိုင်မာမာဖြစ်တည်လာရန် အစပြုခဲ့ခြင်း ဖြစ်လေသည်။ အခုတော့ ရည်ရွယ်ချက်ကောင်းများစွာဖြင့် စတင်ခဲ့လေသော ကွန်ဖရင့်ကြီးသည် ခိုင်မြဲသည်ထက် ခိုင်မြဲလာပေပြီ။
ကွန်ဖရင့်ကျင်းပရခြင်းရည်ရွယ်ချက်
မိမိတို့တပ်မတော်တွင် နိုင်ငံတကာအဆင့်စာတမ်းဖတ်ပွဲများကို လက်ခံကျင်းပခြင်းဖြင့် ပြည်တွင်းနှင့် ပြည်ပနိုင်ငံများတွင် ဘွဲ့လွန် သင်တန်းတက်ရောက်နေသူများ၏ သုတေသနစာတမ်းများတိုးတက်မှုကို အထောက်အကူပြုနိုင်စေရန်နှင့် နိုင်ငံတကာမှ ပညာရှင် များ၏ ပညာရပ်ဆိုင်ရာ အတွေ့အကြုံများကို တစ်နေရာတည်းတွင် စုစည်းရရှိနိုင်စေရန်အပြင် အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခများ၊ ဌာနမှူးများ၊ ပညာရပ်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များနှင့်လည်း Knowledge Sharing များ ပြုလုပ်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါတယ်။
တပ်မတော်အတွက် ဂုဏ်ယူဖွယ်ရာ
၂၀၁၆ ခုနှစ်၌ စစ်တက္ကသိုလ်၊ စာပေဌာနဘွဲ့လွန် (ယခု-အဆင့်မြင့်စာပေပညာ ဗဟိုဌာန)တွင် ပထမဆုံးအကြိမ်အဖြစ် သိပ္ပံနှင့် နည်းပညာဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးစာတမ်းဖတ်ပွဲ (၂၀၁၆)ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၁၇ ခုနှစ်မှ စတင်ကာ နိုင်ငံတကာမှ ပညာရှင်များ၊ ပြည်တွင်းရှိ နည်းပညာတက္ကသိုလ်များ၊ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များမှ သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ပညာရှင်များ ပါဝင်သည့် နိုင်ငံတကာကွန်ဖရင့်အဆင့်သို့ အောင်မြင်စွာတက်လှမ်းဆောင်ရွက်နိုင်ခဲ့သည်မှာ ယခု ၂၀၂၂ ခုနှစ်ဆိုလျှင် (၆)ကြိမ်တိုင် ခဲ့လေပြီ။ (၂၀၂၀ ပြည့်နှစ်တွင်ကား ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိပါ)။ CSTD-2022 အထိ နှစ်စဉ် ကျင်းပပြီးစီးခဲ့သည့် ကွန်ဖရင့်များတွင် နိုင်ငံတကာနှင့် ပြည်တွင်းရှိ စစ်ဘက်/အရပ်ဘက်တက္ကသိုလ်များမှ အတတ်ပညာရှင်၊ အသိပညာရှင်များ၊ သုတေသနပညာရှင်များအား ဖိတ်ကြားကာ နိုင်ငံတကာအဆင့်ကွန်ဖရင့်အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ သည်မှာ တပ်မတော်နှင့် နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ရာ အရာတစ်ခုပင်ဖြစ်ပါသည်။ မိမိတို့ တပ်မတော်တက္ကသိုလ်များ၏ အဆင့်အတန်းနှင့် ပြယုဂ်ကို နိုင်ငံတကာအဆင့်ထိ ထိုးဖောက်ဝင့်ကြွားနိုင်ခြင်းဟုလည်း ဆိုနိုင်ပေသည်။
သုတေသနဖွံ့ဖြိုးတိုးတက်မှုနှင့် စာတမ်းဖတ်ပွဲများ
ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် သုတေသနဌာနများကို ကိုယ်ပိုင်ဟန်များဖြင့် ထူထောင်ထားကြပြီး စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြသည်။ သုတေသနလုပ်ငန်းနှင့် ပညာရေးစနစ်ကို ချိတ်ဆက် ကာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး ကြိုးစားလာကြသည်။ သုတေသနမပါသော ပညာရေးစနစ်သည်လည်း ရေရှည်အောင်မြင်မှုမရှိနိုင်ပေ။ ယခုအခါ နိုင်ငံတကာ တက္ကသိုလ်များတွင် သုတေသနလုပ်ငန်းကို ထိထိရောက်ရောက်အားပေးနေကာ ပြင်ပကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ သုတေသနရန်ပုံငွေရရှိရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသလို ပြည်ထောင်စု အစိုးရများမှ လည်း သီးသန့်ရန်ပုံငွေများ သတ်မှတ်၍ တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။
သုတေသနလုပ်ငန်းများကို အကြမ်းဖျင်းအားဖြင့် စာတွေ့သုတေသနနှင့် လက်တွေ့သုတေသနဟူ၍ နှစ်မျိုးခွဲခြားနိုင်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် Research and Development ကို ဦးစားပေးသည့် လက်တွေ့သုတေသနလုပ်ငန်းများကို ဆောင်ရွက်ကြပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စာတွေ့သုတေသနကို ပိုမိုဦးစားပေး ဆောင်ရွက်ကြသည်။ သုတေသနပညာရှင်များအနေဖြင့် မိမိတို့ သက်ဆိုင်ရာ နယ်ပယ်၌ ဖော်ထုတ် တွေ့ရှိလာသော အချက်အလက်သစ်များကို နိုင်ငံတကာအသိအမှတ်ပြု ကွန်ဖရင့်များတွင် စာတမ်းများ တင်သွင်းဖတ်ကြားလာကြသည်။ ယခင်က မိမိတို့ တက္ကသိုလ်/ဒေသအလိုက်သာ Workshop များ၊ Seminar များ ပြုလုပ်ကြသော်လည်း နောက်ပိုင်းတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ International Conference များ ပြုလုပ်လာ ခဲ့ကြသည်။ မျက်မှောက်ကာလ ပညာခေတ်တွင် သုတေသနလုပ်ငန်းများနှင့် ကွန်ဖရင့်များသည် ခွဲခြား၍မရတော့ပေ။
ဖြတ်သန်းခဲ့လေသော အောင်မြင်မှုမှတ်တိုင်များ
၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် ကျင်းပခဲ့သော သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲ၌ Science and Information Technology နယ်ပယ်တွင် စာတမ်းအရေအတွက် ၁၁ စောင်နှင့် ပိုစတာခုနစ်စောင်၊ Engineering and Manufacturing Technology နယ်ပယ်တွင် စာတမ်းအရေအတွက် ၁၁ စောင်နှင့် ပိုစတာခုနစ်စောင် စုစုပေါင်း စာတမ်းအရေအတွက် ၂၂ စောင်နှင့် ပိုစတာ ၁၄ စောင် တင်သွင်းဖတ်ကြားနိုင်ခဲ့သည်။ Keynote Speaker များအဖြစ် ရုရှား ဖက်ဒရေးရှင်းနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ပါမောက္ခများက တက်ရောက်ဖတ်ကြားခဲ့သည်။
၂၀၁၇ ခုနှစ်တွင်မူ နိုင်ငံတကာကွန်ဖရင့်အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် အရပ်ဘက်တက္ကသိုလ်များမှ စာတမ်းတင်သွင်း ဖတ်ကြားလိုသူများကိုပါ ဖိတ်ကြားခဲ့ပြီး နယ်ပယ်ကြီး ၆ ခု (Technological Science၊ Environmental Science၊ Information Technology၊ Manufac-turing and Automation၊ Energy and Environment၊ Communication and Transportation) ကို အခန်း ၆ ခန်းခွဲကာ စာတမ်းစုစုပေါင်း ၁၀၈ စောင်နှင့် ပိုစတာ ၂၈ စောင် တင်သွင်းဖတ်ကြားခဲ့သည်။
Keynote Speaker များအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ပါမောက္ခများနှင့်ပညာရှင်များ၊ ပြည်ပရောက် မြန်မာနိုင်ငံသားပညာရှင်များကို ဖိတ်ကြားကာ စာတမ်းဖတ်ပွဲကို နိုင်ငံတကာအဆင့်အတန်းသို့ ရောက်အောင် တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့သည်။
၂၀၁၈ ခုနှစ်၌ ကျင်းပခဲ့သော သိပ္ပံနှင့် နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်(၂၀၁၈)တွင်လည်း CSTD-2017 နည်းတူ နယ်ပယ်ကြီး ၆ ခု ခွဲခြား ဖတ်ကြားခဲ့ပြီး စာတမ်းများ၏ အရေအတွက်နှင့် အရည်အသွေးကိုမူတည်၍ Techno-logical Science နှင့် Environmental Science နယ်ပယ်တို့၌ အခန်းတစ်ခုစီတိုးချဲ့ကာ စုစုပေါင်း အခန်း ၈ ခန်းတွင် စာတမ်းစုစုပေါင်း ၁၃၆ စောင်၊ ပိုစတာ ကဏ္ဍတွင် ၂၅ စောင်နှင့် နိုင်ငံတကာမှ Keynote Speaker ခြောက်ဦး တင်သွင်း ဖတ်ကြားခဲ့သည်။ Keynote Speaker များအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ပညာရှင်များက တက်ရောက် ဖတ်ကြားခဲ့သည်။
သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်(၂၀၁၉)ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့နှင့် နိုဝင်ဘာလ ၁ ရက် နေ့တို့တွင် ပြုလုပ်ခဲ့သည်။ စာတမ်းဖတ်ကြားမည့် နယ်ပယ် ၆ ခုနှင့် အခန်း ၈ ခန်းကိုလည်း ၂၀၁၈ ခုနှစ်ကထက် ပိုမိုကောင်းမွန်စွာ လက်ခံကျင်းပနိုင်ခဲ့သည်။ သက်ဆိုင်ရာနယ်ပယ် အလိုက် အခန်း ၈ ခန်းတွင် စာတမ်းစုစုပေါင်း ၁၃၆ စောင်၊ ပိုစတာကဏ္ဍတွင် ၂၅ စောင်နှင့် နိုင်ငံတကာမှ Keynote Speaker ခြောက်ဦး တင်သွင်းဖတ်ကြားခဲ့ကြသည်။ Keynote Speaker များအဖြစ် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပညာရှင်များက တက်ရောက် ဖတ်ကြားခဲ့သည်။
ထူးခြားချက်အနေဖြင့် CSTD-2019 တွင် ပြည်တွင်းမှ စာတမ်းဖတ်ကြားသူများ အပြင် ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှ မဟာဘွဲ့ကျောင်းသားများလည်း ဝင်ရောက်ဖတ်ကြားခဲ့သည်။ ဤသည်ကပင်လျှင် သိပ္ပံနှင့်နည်းပညာ ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်ကြီးသည် တစ်နှစ်ထက်တစ်နှစ် နိုင်ငံတကာ အဆင့်ဆီသို့ အဆင့်အတန်းမီမီဝင်ရောက်လာပြီဆိုသည့် သရုပ်ကို ပြသရာ ရောက် နေပါသည်။
CSTD-2020 ကို ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေကြောင့် နိုင်ငံတကာ စာတမ်းဖတ်ပွဲများနည်းတူ ကျင်းပနိုင်ခြင်း မရှိခဲ့ပါ။
သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်(၂၀၂၁)ကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်မှုများရှိနေလင့်ကစား ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ချက်များနှင့်အညီ အောက်တိုဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် ကျင်းပနိုင်ခဲ့သည်။ CSTD-2021 တွင် ပြောင်းလဲမှုအနေဖြင့် ယခင် Envir-onmental Science နယ်ပယ်အား Disaster Management and Envir-onmental Science အဖြစ်တိုးချဲ့ကာ သဘာဝဘေးအန္တရာယ်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အကူပြုနယ်ပယ်များမှ စာတမ်းများ ဖတ်ကြားနိုင်ရေးအတွက်ပါ ဆောင်ရွက်ခဲ့သည်။
အရပ်ဘက်တက္ကသိုလ်များမှ အချို့ပညာရှင်များအနေဖြင့် Online မှ Virtual Conferencing စနစ်ဖြင့် တက်ရောက် ဖတ်ကြားခဲ့ပြီး တပ်မတော်တက္ကသိုလ်များ၊ လက်ရုံး/ဌာနများနှင့် အရပ်ဘက်တက္ကသိုလ်များမှ စာတမ်းရှင်များအနေဖြင့် Social Distancing နှင့်အညီ သက်ဆိုင်ရာ စာတမ်းဖတ်ခန်းများတွင် တက်ရောက်ဖတ်ကြားခဲ့သည်။ သက်ဆိုင်ရာနယ်ပယ်အလိုက် အခန်း ၆ ခန်းတွင် စာတမ်းစုစုပေါင်း ၁၀၂ စောင် ပိုစတာကဏ္ဍတွင် ၂၃ စောင်နှင့် နိုင်ငံတကာမှ Keynote Speaker လေးဦး တင်သွင်း ဖတ်ကြားခဲ့ ကြသည်။
Keynote Speaker များအဖြစ် မြန်မာနိုင်ငံမှ ဆရာမကြီး ဒေါက်တာ ရင်ရင်နွယ်က Multifunction Hall ကြီး၌ ကိုယ်တိုင် တက်ရောက်ဖတ်ကြားခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့မှ ပါမောက္ခကြီးများက Online မှ Virtual Conferencing စနစ်ဖြင့် အထူးစာတမ်းလေးစောင်ကို ဖတ်ကြားခဲ့ကြသည်။
ကွန်ဖရင့်အတွက် ကြိုတင်ပြင်ဆင်ခြင်း
နိုင်ငံတကာအဆင့် ကွန်ဖရင့်တစ်ခု အောင်မြင်စွာဆောင်ရွက်နိုင်ဖို့ ဆိုသည်က လွယ်ကူသည်တော့မဟုတ်ပေ။ စာတမ်းဖတ်ပွဲမတိုင်မီ လေးလခန့်အလိုကပင် ဦးစီးကော်မတီအပါအဝင် သက်ဆိုင်ရာကော်မတီအလိုက် ဆောင်ရွက်ဖွယ်ရှိသည်များကို စတင် ဆောင်ရွက် ခဲ့ရပေသည်။ အထူးသဖြင့် စာတမ်းများဆိုင်ရာဆပ်ကော်မတီအနေဖြင့် အရည်အသွေးပိုမိုကောင်းမွန်သော သုတေသန စာတမ်းများ ရရှိရေးအတွက် စစ်ဘက်တက္ကသိုလ်/ဌာနများ၊ အရပ်ဘက်တက္ကသိုလ်များနှင့် ချိတ်ဆက်ကာစာတမ်းများတောင်းခံခြင်း၊ လက်ခံခြင်း၊ စိစစ်ခြင်းနှင့် အကြောင်းပြန်ခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ရသည်။ ကြိုတင်ပြင်ဆင် အောင်ပွဲဝင်ဆိုသည့်အတိုင်း ကွန်ဖရင့်ပွဲကြီးမတိုင်မီကပင် ဦးစီးကော်မတီအပါအဝင် ကော်မတီအားလုံးက မိမိတို့လုပ်ငန်းစဉ်များကို ပြီးပြည့်စုံမှုရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။
ဆဋ္ဌမမြောက်ခြေလှမ်း သို့မဟုတ် CSTD-2022
သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၂)ကို ယခုနှစ်တွင် အောက်တိုဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့၌ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ယခင်နှစ်များနည်းတူ နယ်ပယ်ကြီး ခြောက်ခု ဖြင့်သာ ဖတ်ကြားခဲ့သော်လည်း အရည်အသွေးရော အရေအတွက်ပါ တိုးတက်လာသည့် စာတမ်းရှင်များအား ဂုဏ်ပြုသောအားဖြင့် Information Technology နယ်ပယ်တွင် အခန်း တစ်ခန်းထပ်တိုး၍ စုစုပေါင်းအခန်း ခုနစ်ခန်းခွဲကာ ဖတ်ကြားခဲ့သည်။
နှစ်ရက်တာထိုကာလ
ကွန်ဖရင့်၏ ပထမနေ့တွင် သတ်မှတ်ထားသော နံနက်ပိုင်းအစီအစဉ်များ အတိုင်း ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းနှင့် မိန့်ခွန်းပြော ကြားခြင်း၊ တက်ရောက်လာသော ဧည့်သည်တော်ကြီးများနှင့် Photo Session ရိုက်ကူးခြင်း၊ Science and Engineering Poster များအား လိုက်လံလေ့လာကြည့်ရှုခြင်း၊ မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် အထူး စာတမ်းများ ဖတ်ကြားခြင်းအဖြစ် မြန်မာနိုင်ငံမှ ဆရာမကြီး ဒေါက်တာရင်ရင်နွယ် က Multifunction Hall ကြီး၌ ကိုယ်တိုင် တက်ရောက်ဖတ်ကြားခဲ့ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဒေါက်တာ Peng Yang က Online မှ Video Conferencing ဖြင့် တက်ရောက်ဖတ်ကြားခဲ့သည်။ Keynote Speaker များ၏ ပညာရပ်နှင့် အတွေ့အကြုံများက တက်ရောက်လာသော ဧည့်သည်တော်များ၊ ပါမောက္ခများနှင့် ဘွဲ့လွန် သင်တန်းသားများအတွက် အလွန်အဖိုး တန်လှပြီး အကျိုးရှိလှသည်။ သိလိုသူများကမေး၊ ပညာရှင်များကပြန်ဖြေလိုက်နှင့် ကွန်ဖရင့် ကျင်းပရာ Multifunction Hall ကြီးမှာ အသက်ဝင်လှပါဘိ။
နေ့လယ်ပိုင်းတွင်တော့ သက်ဆိုင်ရာနယ်ပယ်နှင့် အခန်းလိုက် Panel Paper ၇ စောင်နှင့် စာတမ်းစုစုပေါင်း ၅၆ စောင် ဖတ်ကြားခဲ့သည်။ ပထမနေ့ စာတမ်းဖတ်ပွဲများပြီးဆုံးချိန်တွင် ဧည့်သည်တော်ကြီးများ၊ အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခကြီး များနှင့် စာတမ်းရှင်များကို ဦးစီးကော်မတီ၏စီစဉ်မှုဖြင့် မဟာအံ့ထူးကံသာဘုရားကြီးနှင့် ပြင်ဦးလွင်မြို့၏ အထင်ကရနေရာများကို Sight Seeing အစီအစဉ်အနေဖြင့် လိုက်ပါပို့ဆောင်ခဲ့သည်။
ကွန်ဖရင့်ကြီး၏ ဒုတိယနေ့ နံနက်ပိုင်း၌လည်း သက်ဆိုင်ရာနယ်ပယ်နှင့်အခန်းလိုက် Panel Paper ၇ စောင်နှင့် စာတမ်း စုစုပေါင်း ၂၈ စောင် ဖတ်ကြားခဲ့သည်။ ဒုတိယနေ့ နေ့လယ်ပိုင်းတွင်ကား သက်ဆိုင်ရာနယ်ပယ်နှင့် အခန်းလိုက် စာတမ်းစုစုပေါင်း ၂၁ စောင် ဖတ်ကြားခဲ့သည်။ သက်ဆိုင်ရာ စာတမ်းဖတ်ခန်းများတွင် Moderator များ၏ ဦးဆောင်မှုဖြင့် စာတမ်း ဖတ်ကြားသူများ ကလည်း မိမိတို့နယ်ပယ်အလိုက် သုတေသနတွေ့ရှိချက်များကို ဝေေ၀ဆာဆာဖြင့် တင်ပြခဲ့ပြီး ဒိုင်လူကြီးများ၊ ဧည့်သည်တော်ကြီး များ၊ လေ့လာသူ ဘွဲ့လွန်သင်တန်းသားများနှင့် ဗိုလ်လောင်းများ၏ မေးခွန်းများကို စာတမ်းရှင်များက ပြန်လည်ရှင်းလင်းတင်ပြ နေပုံများကပင် စာတမ်းဖတ်ပွဲ၏ သရုပ်သကန်ကို သက်ဝင်လှုပ်ရှားစေခဲ့သည်က အမှန်။ ကွန်ဖရင့်ကြီး၏ ဒုတိယနေ့ နေ့လယ်ပိုင်း တွင်ကား အထူးစာတမ်းနှစ်စောင်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ MUCTR တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ကရီဗိုဘိုဒိုရော့ယူရီ ရိုမန်နိုဗစ်ချ်နှင့် SMTU တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ကီရီလ်ဗွီရော့ဇ်ဒက်ချ်ဘန်စကီးတို့က Online မှ Video Conferencing ဖြင့် တက်ရောက် ဖတ်ကြားခဲ့သည်။ အမေး/အဖြေအတွက် သတ်မှတ်ထားသောအချိန်သည် ပညာရှင် များနှင့် တက်ရောက်လာသူ များအတွက် မျက်စိတစ်မှိတ်လို ဖြစ်နေသည့်အတွက် စာတမ်းဖတ်ပွဲခန်းမ ပြင်ပတွင်လည်း ဟိုနေရာတစ်စုသည်နေရာတစ်စု ဆက်လက် ဆွေးနွေးနေကြသည်မှာလည်း ကွန်ဖရင့်၏ ပြယုဂ်တစ်ခုအလား။
အထူးစာတမ်းများဖတ်ကြားပြီးနောက် ဆုပေးပွဲအခမ်းအနားနှင့် ပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။ သက်ဆိုင်ရာ နယ်ပယ်အလိုက် အကောင်းဆုံး စာတမ်းဆု ခုနစ်ဆုနှင့် ပိုစတာထူးချွန်ဆု နှစ်ဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ဤသည်ကပင်လျှင် တပ်မတော်မှ ဦးစီးဆောင်ရွက်နေသော သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်ကြီးတွင် အရပ်ဘက်တက္ကသိုလ်များမှ တစ်နှစ်ထက်တစ်နှစ် ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်လာနေသည်ကို တွေ့ရှိရသည်။
ထို့ကြောင့် ယခုနှစ်တွင် Keynote Speaker စာတမ်းလေးစောင်၊ Panel Speaker စာတမ်း ၁၄ စောင်နှင့် သက်ဆိုင်ရာ နယ်ပယ် အလိုက် စာတမ်းစုစုပေါင်း ၁၀၅ စောင် ဖတ်ကြားခဲ့ပြီး ကွန်ဖရင့်ကြီးတစ်ခုလုံးအနေဖြင့် စာတမ်းစုစုပေါင်း ၁၂၃ စောင်ကို အောင်မြင်စွာ ဖတ်ကြားနိုင်ခဲ့ပါသည်။ အရပ်ဘက်တက္ကသိုလ်/ဌာနများမှ စိစစ်ရွေးချယ်ပြီး စာတမ်း ၃၇ စောင်ဖတ်ကြားခဲ့ သည့်အတွက် စာတမ်းအားလုံး၏ ၃၁ ရာခိုင်နှုန်းခန့်ရှိပါသည်။ ဤသည်ကပင်လျှင် အဆင့်မြင့်ပညာရေးနယ်ပယ်တွင် တပ်မတော် တက္ကသိုလ်များနှင့် အရပ်ဘက်တက္ကသိုလ်များ၏ နက်ရှိုင်းသောဆက်ဆံရေးကို ပြသရာရောက်နေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် သိပ္ပံနှင့်နည်းပညာဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးကွန်ဖရင့် အောင်မြင်စွာကျင်းပနိုင်ဖို့ အရပ်ဘက်တက္ကသိုလ်များက တက်ရောက်ပြီး စာတမ်းဖတ်ကြားခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ လုပ်ဆောင်ပေးခဲ့ကြသည့် ပါမောက္ခချုပ်များ၊ ပါမောက္ခ များနှင့် စာတမ်းရှင်များ အားလုံးကို ကျေးဇူးတင်အသိအမှတ်ပြုဂုဏ်ပြုသော အားဖြင့် ဂုဏ်ပြုလက်ဆောင်များကိုလည်း ပေးပို့ချီးမြှင့်ခဲ့သည်။
မြဲမြံဆက်ချီ CSTD
စစ်တက္ကသိုလ်အဆင့်မြင့်စာပေပညာဗဟိုဌာနမှာကျင်းပတဲ့ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်ကြီးသည် တစ်နှစ် ထက်တစ်နှစ် အရှိန်ရလာလေပြီ။ မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ တက္ကသိုလ်အသီးသီးက သုတေသနဆောင်ရွက်ချက်တွေ၊ ပညာရပ် ဆိုင်ရာ တွေ့ရှိမှုအသစ်တွေကလည်း နှစ်စဉ်အောက်တိုဘာလရောက်လေတိုင်း ဆောင်းကြိုပန်းများပမာ အချိန်မှန်မှန် ဖူးပွင့်တတ် လာပြီ။ ဇွန်၊ ဇူလိုင်လတို့ရောက်လေတိုင်း စာတမ်းတွေ ဘယ်တော့ပို့ရမလဲ၊ ကျွန်တော်/ကျွန်မတို့ တက္ကသိုလ်ကို Paper တွေဖတ်ဖို့ Invitation ပို့ပြီးပြီလား စသည်ဖြင့် တက္ကသိုလ်အသီးသီးမှ ပညာရှင်တွေက စုံစမ်းတတ်လာကြလေပြီ။
နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် အကျိုးပြုမယ့် သုတေသနဆိုင်ရာ ဖော်ထုတ်ချက်များကို လက်ဆင့်ကမ်းမျှဝေပေးဖို့၊ လက်တွေ့ နယ်ပယ်မှာအသုံးချဖို့စတဲ့ ရည်ရွယ်ချက်ကောင်းများစွာနဲ့ နှစ်စဉ်ပြုလုပ်နေတဲ့ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်ကြီးဟာ အခုဆိုရင် ခိုင်မာသည်ထက် ခိုင်မာလာပြီ ဖြစ်ပါသည်။ အစကောင်းခဲ့တဲ့ ဒီကွန်ဖရင့်ကြီးကို (၆)ကြိမ်မြောက် သကြားရတုမှသည် ရတုအဆက်ဆက်တိုင်စေဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။
CSTD-2022 ထိတိုင် လာရောက်ဖတ်ကြားခြင်း မပြုရသေးတဲ့ နယ်ပယ် အသီးသီးမှ ပညာရှင်များကိုလည်း နောင်နှစ် နောင်နှစ်တွေမှာ ကျင်းပမယ့် ကွန်ဖရင့်ကြီးမှာ စာတမ်းတွေ ကိုယ်တိုင်ဝင်ရောက်ဖတ်ကြားရင်း အေးချမ်းလှတဲ့ တောင်လှေကားမြို့ လေးကို တစ်ခေါက်တစ်ခါအရောက်လှမ်းလာဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ ။
ဗိုလ်ရှု