၂၀၂၁ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆု ရရှိသူတို့၏ ပီတိစကားသံများ

၂၀၂၁ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆု ရရှိသူတို့၏ ပီတိစကားသံများ

    ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံး အားထုတ်ရေးသား ပြုစုခဲ့ကြသော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုများကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ အမျိုးသားစာပေ တစ်သက်တာဆု ရရှိသူများအနက်မှ ဆရာကြီး တက္ကသိုလ်မြတ်သူနှင့် ဆရာကြီးမြင်းမူမောင်နိုင်မိုးတို့အား သွားရောက်တွေ့ဆုံမေးမြန်းပြီး ပီတိစကား ကြားသိခဲ့ရမှုအား စာဖတ်သူများအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်-

ဆရာကြီးတက္ကသိုလ်မြတ်သူ

    အခုရတဲ့ဆုက အမျိုးသား စာပေတစ်သက်တာဆုပါ။ စာရေးဆရာတွေ အားလုံးရဲ့ အန္တိမရည်မှန်းချက်ကြီးပါပဲ။ ကိုယ်ရပြီဆိုတော့   တကယ့်ကိုဝမ်းသာပါတယ်။ ဂုဏ်ယူပါတယ်။  ဒီဆုချီးမြှင့်တဲ့အတွက် နိုင်ငံတော်ကိုရော ပြန်ကြားရေးဝန်ကြီးဌာန ကိုရော နောက်စာပေ စိစစ်အကဲဖြတ်တဲ့ ပုဂ္ဂိုလ်တွေရော အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့်တော့  စာဖတ်ပရိသတ်ပြည်သူတွေကို အများကြီးကျေးဇူးတင်ပါတယ်။    သူတို့မြှောက်စားလို့ ကျွန်တော်တို့ ဒီအဆင့်ရောက်တာပေါ့။ ကျွန်တော်က အခု အသက် ၉၂ နှစ်ထဲမှာပါ။ ၁၉၄၆ က ကဗျာစရေးတာဆိုတော့ စာရေးသက်က ၇၇ နှစ်ရှိပြီဖြစ်ပါတယ်။

ကျွန်တော်က သတင်းတွေကိုကြည့်တယ်။ ပြည်တွင်းသတင်း၊ ပြည်ပသတင်းတွေကို တီဗွီကကြည့်တယ်။ သတင်းစာတွေ သတင်းလွှာတွေကနေ ဖတ်ပါတယ်။ သတင်းသမားက ကိုယ်လုပ်ခဲ့ရတဲ့ သတင်းတွေပေါ့။ လွယ်လွယ်မေ့မပစ်ဘူး။  တကယ့်သတင်း တကယ့်ဦးနှောက်ထဲ ဝင်ရမယ့် အဲဒါသတင်းအသိပဲ။ ဟိုသတင်းစာတိုက်က လာတယ်၊ သတင်းတွေတွေ့တယ်၊ ခေါင်းဖြတ်တယ်၊ တည်းတယ်၊ ထည့်တယ် ပြီးတော့ဘာမှ မသိတော့ဘူး ဆိုတာက သတင်းစာဆရာမဟုတ်ဘူး။ အဲ့တော့ သတင်းစာဆရာဆိုတာ သမိုင်းရဲ့ သက်သေ သတင်းစာများသည် သမိုင်းကို ပြောနေကြသည်လို့ လူထုဦးလှက ပြောပါတယ်။ သတင်းစာတွေကိုပြန်ကိုးကားရတာ။ သမိုင်းကိုကျွန်တော်တို့က ဖန်တီးတာ မဟုတ်ဘူး။  သမိုင်းကိုကျွန်တော်တို့က သက်သေပြုပြီးတော့ နေ့စဉ်ထည့်ရတာ။ အဲ့တော့ ကျွန်တော်ကတော့ သတင်းစာ ဆိုတာဟာ ပြည်သူတွေရဲ့နေ့စဉ်ဒိုင်ယာရီ မှတ်တမ်းပဲ။ ပြည်သူတွေ ဒီနေ့ဘာဖြစ်တယ်။ မနေ့ကဘာလုပ်ခဲ့တယ်။ ဒီနေ့ဘာလုပ်မယ်။ မနက်ဖြန်ဘာဆိုတာ သတင်းစာမှာကြည့်ရင် အကုန်ပေါ်တာပဲ။ ဒါကြောင့် စာနယ်ဇင်းတွေ မဂ္ဂဇင်းတွေ  ဝတ္ထုစာပေ ရသစာပေ သုတစာပေ သတင်းစာပေတွေ အကုန်လုံးသည်  ပြည်သူတွေကို အထောက်အကူပြုကြတဲ့ အရာတွေဖြစ်ပါတယ်။ ပြည်သူတွေကို အထောက်အကူပြုတဲ့ အရာမို့လို့ ပြည်သူတွေက အားပေးကြတာ ဖတ်ကြတာ တွေ့ကရာရှစ်သောင်းရေးရင်  ဘယ်သူမှ မဖတ်ပါဘူး။  ပြည်သူတွေအားပေးတဲ့ အတွက်လည်း ကျွန်တော်တို့ဒီလောက် ထိအောင်  စာပေသက်ရှည် လာတာပေါ့နော်။ ဒီလိုရအောင် ကြိုးစားရတယ်ဆိုတာကလည်း   ဒီလိုချီးမြှင့် ခံရလိမ့်မယ်လို့ ကျွန်တော်တို့ငယ်ငယ်က မျှော်လင့်လို့မရပါဘူး။ နောက်ဆုတွေရတော့လည်း ဆုကိုရည်ရွယ်တာ မဟုတ်တော့ဘူး။ ကိုယ့်တာဝန် ကိုယ်ထမ်းတာ၊ ကိုယ့်ဝါသနာ ကိုယ်ဖြည့်တာ ကိုယ့်စိတ်ဆန္ဒ ကိုယ်ဖြည့်တာ။ အဲလိုဖြည့်တဲ့ အတွက်   ပြည်သူရဲ့ မေတ္တာပြန်ရတာပါ။

    ဒါကြောင့်မို့လို့ အခုလိုပြည်သူတွေရဲ့မေတ္တာ ပြန်ရတဲ့အတွက် ကျွန်တော်တို့အောင်မြင်သော စာရေးသူဖြစ်လာတယ်။ အဲဒီအချိန်မှာ နိုင်ငံတော်က ကျွန်တော်တို့ကို ချီးမြှင့်တယ်။

ဂုဏ်ပြုတယ်  မြှောက်စားတယ်ပေါ့လေ။ အဲ့တော့ ကျွန်တော်တို့ ပိုအားရှိတယ်။ ပိုပြီးတော့  တိုင်းပြည်အတွက် ရေးချင်သားချင် ကြိုးစားချင်စိတ်တွေပေါက်လာပါတယ်။ ၁၉၉၅ ခုနှစ်က ကျွန်တော့်ကဗျာ ၇၅ ပုဒ် စုထုတ်တာ  ရွှေစောင်းသံ ကဗျာများနဲ့ အမျိုးသားစာပေဆု စရတယ်။ မဖောက်မပြန်မတိမ်းမယိမ်း လုပ်လာတာ နိုင်ငံတော် ကသိတဲ့အတွက် သမ္မတကြီးဦးသိန်းစိန် လက်ထက်မှာ စည်သူဘွဲ့ ချီးမြှင့်ခံရတယ်။

အခု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ လက်ထက်မှာ အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခံရတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ပခုက္ကူ ဦးအုန်းဖေ စာပေဆုက တစ်သက်တာ စာပေဆုရတယ်။ အခုဒီနှစ်တော့ နိုင်ငံတော်က ချီးမြှင့်တဲ့ အမျိုးသားစာပေဆု တစ်သက်တာဆု ကျွန်တော်တို့အဖို့တော့ ဒါအမြင့်ဆုံးပဲ။

ဒါကိုရတဲ့အတွက် ကျွန်တော်တို့က ဝမ်းသာလို့မဆုံးဘူး။ ဂုဏ်ယူလို့မဆုံးဘူး။ ကျေးဇူးတင်လို့  မဆုံးပါဘူး။

ဆရာကြီးတက္ကသိုလ်မြတ်သူသည် မြင်းခြံမြို့ဇာတိဖြစ်ပြီး  ၁၉၄၆ ခုနှစ်မှ စတင်ကာ   ကဗျာများရေးသားခဲ့သည်။ ယနေ့အထိ   ကဗျာပုဒ်ရေ သုံးရာကျော်လေးရာ၊ ဆောင်းပါးပုဒ်ရေ နှစ်သောင်း ငါးထောင်ကျော်နှင့် အကျိုးပြုသီချင်း ၁၅ ပုဒ် ရေးစပ်ခဲ့သည်။ ဆရာကြီးသည် ၁၉၉၅

ခုနှစ်တွင် အမျိုးသားစာပေဆု၊ ၁၉၉၇ ခုနှစ် တွင် တိုင်းကျိုးပြည်ပြု ဆောင်းပါးရှင်ဆု၊ ၂၀၀၇ ခုနှစ်တွင် လူမှုထူးချွန်(ဒုတိယ)၊ ၂၀၁၂ ခုနှစ် လွတ်လပ်ရေးနေ့တွင် စည်သူဘွဲ့၊  ၂၀၁၈ ခုနှစ်တွင်  ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆု၊ ၂၀၂၂ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့နှင့် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုများ ရရှိခဲ့သည်။

ဆရာကြီးမြင်းမူမောင်နိုင်မိုး

  ကျွန်တော်က ဒီနှစ်အမျိုးသားစာပေ တစ်သက်တာဆု ရရှိပါတယ်။ ဒီအမျိုးသား စာပေတစ်သက်တာဆု ဆိုတာကတော့ ကျွန်တော်တို့နိုင်ငံ အနေနဲ့ပေးတဲ့ စာပေဆု တွေထဲမှာ အမြင့်မားဆုံးဆုဖြစ်တဲ့အတွက် ကြောင့်မို့လို့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်တော့်အနေနဲ့ စာပေလောကမှာ လျှောက်လှမ်းနေခဲ့တာ အသက် ၁၃ နှစ်၊ ၁၄ နှစ်အရွယ်က စပြီးတော့ဖြစ်ပါတယ်။

ကဗျာတွေရေးတယ်။ ဝတ္ထုတွေရေးတယ်။ ဆောင်းပါးတွေရေးခဲ့တယ်။ အများဆုံးကတော့ ကဗျာပဲ ကျွန်တော်ရေးပါတယ်။ အခုထိ ရေးနေတုန်းပဲ ရှိပါသေးတယ်။ ဒီအတောအတွင်းမှာ ရေးခဲ့ပြီး ကဗျာပုဒ်ရေအနေနဲ့ကတော့ ကဗျာပုဒ်ရေ ၂၀၀၀  ဝန်းကျင်ခန့် ရှိပါလိမ့်မယ်။  ကဗျာပေါင်းချုပ် စာအုပ်အနေနဲ့ ကျွန်တော်ရှစ်အုပ် ထုတ်ခဲ့ဖူးပါတယ်။ ကဗျာရေးနည်းစာအုပ် ကဗျာစပ်ပုံ စပ်နည်းစုံဆိုတဲ့ စာအုပ်တစ်အုပ်လည်း ခုနစ်ကြိမ်လောက်ပြန်ပြီးတော့ ထုတ်ပြီးသားဖြစ်ပါတယ်။ ကဗျာပေါင်းချုပ်စာအုပ် တစ်အုပ်တစ်အုပ်မှာတော့ အပုဒ်ရေက ၈၀၊ ၉၀၊ ၁၀၀ ဝန်းကျင် အဲ့လိုပါပါတယ်။

ကျွန်တော်က အသက်ငယ်ငယ်လေးထဲက ကဗျာစာပေနဲ့ မွေ့လျော်ခဲ့တာပါ။ ပထမဦးဆုံး ကဗျာပေါင်းချုပ်က သံလွင်ကမ်းမှ ပန်းအိပ်မက်ဆိုတဲ့စာအုပ်နဲ့ ၁၉၈၁ ခုနှစ် အမျိုးသားစာပေဆု ရပါတယ်။ အမျိုးသား စာပေဆု ခုနစ်ကြိမ်ရခဲ့ဖူးပါတယ်။ အဲဒီ စာအုပ်ခုနစ်အုပ်ထဲမှာတော့ ကဗျာပုဒ်ရေကတော့ ၆၀၀၊ ၇၀၀ လောက်ပါပါတယ်။

ကျွန်တော်တို့က မြန်မာကဗျာစပ်ပုံစပ်နည်း အတိုင်းပဲ  လေးလုံးစပ်တို့  ဒွေးချိုးတို့ တြိချိုးတို့ လေးချိုးတို့ အချင်းကဗျာတွေ အချိုးကဗျာတွေ ဒီလိုကဗျာတွေပဲ ရေးဖြစ်ခဲ့ပါတယ်။ နိုင်ငံတော်က စာပေလောကတစ်ခုတည်း မဟုတ်ပါဘူး။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက် ပေးနေတာတွေ့ရတဲ့အတွက်ကြောင့်လည်း အင်မတန်မ ှကျေနပ်ဝမ်းသာကြည်နူးမိပါတယ်။

အဲ့ဒီလိုပဲ အခုစာပေနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင်လည်း နိုင်ငံတော်ကနေပြီးတော့မှ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု၊ ပခုက္ကူဦးအုန်းဖေစာပေဆု အဲ့လိုစာပေဆုတွေကို နှစ်စဉ် တကယ့်ကို ပွဲကြီးသဘင်ကြီးတွေ ကျင်းပပြီးတော့ ချီးမြှင့်ပေးနေတာဖြစ်ပါတယ်။ ဆုငွေတွေကိုလည်း အတတ်နိုင်ဆုံး တိုးတက်တိုးတက်ပြီးတော့မှ ချီးမြှင့်ပေးလာတာကိုလည်း ကျွန်တော်တို့ တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ စာပေလောကက  စာပေကိုလေ့လာ

ရေးသားတဲ့သူတွေ စာပေဖတ်ရှုတဲ့သူတွေ အတွက်လည်း ဒီလိုဆောင်ရွက်ပေးလို့ အင်မတန်မှ အားတက်ဝမ်းသာစရာလည်းဖြစ်ပါတယ်။ အမျိုးသား ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်း စောင့်ရှောက်ပေးပြီးသား ဖြစ်တဲ့အပြင် ကျွန်တော်တို့ယဉ်ကျေးမှု အမွေအနှစ်ပေါ့လေ။  ကျွန်တော်တို့ကဘာသာ သာသနာအမွေ    ယဉ်ကျေးမှုအမွေ မြေပိုင်နက်အမွေ အမျိုးသားရေး စိတ်ဓာတ်အမွေ စသည်ဖြင့် ဒီအမွေတွေကို ကျွန်တော်တို့ပြည်သူပြည်သားတွေနဲ့   မပျောက်ပျက်

အောင်ထိန်းသိမ်း စောင့်ရှောက်ရမှာဖြစ်တဲ့အတွက်ကြောင့် အခုလို နိုင်ငံတော်ပိုင်းဆိုင်ရာအနေနဲ့ ကျွန်တော်တို့စာပေလောကကို ဂရုတစိုက်နဲ့ ဂရုတစိုက် ဆိုတာထက် အလေးအနက်ထားပြီးတော့မှ ဆုတွေချီးမြှင့်ပေးနေတဲ့အပေါ်မှာ ကျွန်တော်တို့ စာပေသမားတွေဘက်ကလည်း ပြန်ပြီးတော့မှ စာပေတာဝန်ကျေပွန်ဖို့ လိုပါတယ်။

ဘာကြောင့်လည်းဆိုတော့ စာပေမြင့်မှ လူမျိုးတင့်မည်ဆိုတဲ့  စကားလည်း ရှိပါတယ်။  စာပေမျက်စိမြင်မရှိက မသိတရား အယူမှား၏လို့ဆိုခဲ့ကြပါတယ်။ စာပေမျက်စိထင်လင်းရှိမှ အသိဉာဏ်လင်း နေသို့ဝင်း၏ ဆိုတဲ့ ဆိုရိုးစကားတွေလည်း ရှိခဲ့ပါတယ်။

ဒါကြောင့်မို့လို့  ကျွန်တော်တို့က လူငယ်လူရွယ်တွေရဲ့ အကျင့်စာရိတ္တကောင်းမွန်ရေး၊ လူငယ်လူရွယ်တွေ   တိုင်းချစ်ပြည်ချစ်စိတ် ရှိလာအောင် ကိုယ့်ရပ်ရွာကိုယ့်မြို့နယ် ကိုယ့်ပြည်နယ် ကိုယ့်တိုင်းပေါ့လေ ကိုယ့်နိုင်ငံကို ချစ်ခင်မြတ်နိုးပြီးတော့  ဖွံ့ဖြိုးတိုးတက် လာစေအောင်  ဆောင်ရွက်တဲ့ အထဲမှာ ကိုယ်လည်း တစ်တပ်တစ်အား ပါဝင်ချင်လာအောင် အဲဒီလိုစိတ်ဓာတ်တွေဖြစ်ပေါ်လာအောင် ကျွန်တော်တို့ စာရေးဆရာတွေ၊ ကဗျာဆရာတွေက မိမိတို့ကျွမ်းကျင်ရာ ဘာသာရပ်နဲ့တိုက်တွန်းနှိုးဆော် အားပေးသင့်တယ်လို့ ထင်ပါတယ်။ ကဗျာနဲ့လွတ်လပ်ရေးကို ရအောင် လူငယ်တွေဆောင်ရွက်ချင်အောင် အားထုတ်ပြီး  ရေးသားခဲ့တဲ့ကဗျာတွေ အများကြီးရှိပါတယ်။ ဒီလိုပဲဝတ္ထုကောင်းတွေ ဆောင်းပါးကောင်းတွေလည်း အများကြီး ပေါ်ပေါက်ခဲ့တာရှိပါတယ်။ ဒီကနေ့လည်း စာရေးဆရာတွေ ဖန်တီးရေးသားနေကြတုန်းပဲ ဖြစ်ပါတယ်။ သုတရသနှစ်ဖက်စလုံး မျှတအောင် ရှာဖွေလေ့လာ စူးစမ်းပြီး ဖတ်ရှုမယ်ဆိုရင် ဒါအကျိုးရှိတဲ့ လုပ်ငန်းတွေကို လူငယ်တွေလုပ်ဆောင်ဖို့ မျက်စိပွင့်နားစွင့်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ စာဖတ်သူတွေ အပိုင်းကလည်းပဲ စာကောင်းပေမွန်တွေကို ဖတ်ရှုနိုင်အောင် စာဖတ်ဖို့အခွင့်အလမ်းတွေဖော်ဆောင်ပေးနိုင်မယ့် လူကြီးသူမတွေကလည်း  မိမိတို့မျိုးဆက်သစ်တွေကို စာကောင်းပေမွန်တွေနဲ့ နီးစပ်အောင် ကြံဆောင်ပေးရင်းနဲ့ စာပေရဲ့အနှစ်သာရ စာပေရဲ့အလင်းရောင်နဲ့ စာပေဆိုသည် ဘဝရှေ့ဆောင် မီးရှူးတန်ဆောင်ဆိုတဲ့ အလင်းရောင်ဆိုတဲ့  စကားအတိုင်းပဲ စာပေအလင်းရောင်ကို အသုံးပြုပြီးတော့မှ အကောင်းတွေကို ဆောင်သွားနိုင်ဖို့ မကောင်းတာတွေကို ရှောင်နိုင်ဖို့   အဲဒါလေးကိုအားလုံးကို တိုက်တွန်းပြောကြားချင်ပါတယ်။

ဆရာကြီးမြင်းမူမောင်နိုင်မိုးသည် စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့ဇာတိဖြစ်ပြီး စာပေလောကသို့ ၁၉၆၅ ခုနှစ် အသက် ၁၃ နှစ်အရွယ်တွင် စတင်ဝင်ရောက်ခဲ့သည်။ ၁၉၆၇ ခုနှစ် မေလထုတ်ရှေ့ဆောင် လူငယ်ဂျာနယ်ကဗျာပြိုင်ပွဲ၊ ဒုတိယဆုရ အလုပ်သမားကဗျာသည် ပထမဆုံးပုံနှိပ် ဖော်ပြခြင်းခံရသော စာမူဖြစ်သည်။ ယနေ့အထိ ကဗျာပုဒ်ရေ ၁၇၀၀ ခန့်နှင့် မဂ္ဂဇင်းဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ စာပဒေသာပုဒ်ရေ ၁၇၀ ခန့်ရေးသားခဲ့ပြီးဖြစ်သည်။

၁၉၈၁ ခုနှစ်တွင် သံလွင်ကမ်းမှ ပန်းအိပ်မက် စာအုပ်၊ ၁၉၉၁ ခုနှစ်တွင် နာဂတောင်တန်း ပွင့်တဲ့ပန်းစာအုပ်၊   ၁၉၉၈ ခုနှစ်တွင် ခယောင်းလမ်းနှင့် ပန်းသပြေစာအုပ်၊ ၂၀၀၁ ခုနှစ်တွင်   နွေမိုးဖျန်းပက် ပန်းတစ်ခက် စာအုပ်၊ ၂၀၀၃ ခုနှစ်တွင် လောကနီတိ ကဗျာများစာအုပ်၊ ၂၀၀၆ ခုနှစ်တွင် ဘ၀ ကျောင်းမှ စောင်းခတ်သံကဗျာများစာအုပ်၊ ၂၀၁၀ ပြည့်နှစ်တွင်  အလွမ်းသတင်းပန်းတစ်ခင်းကဗျာများ    စာအုပ်တို့ဖြင့်  အမျိုးသားစာပေဆု ခုနစ်ကြိမ်ရရှိခဲ့သည်။   ။

ဝန်းရံခ