သတ္တမအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို မြောက်ကိုရီးယား လုပ်ဆောင်နိုင်မည်လား

သတ္တမအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို မြောက်ကိုရီးယား လုပ်ဆောင်နိုင်မည်လား

    မြောက်ကိုရီးယားနိုင်ငံအနေဖြင့်  ၎င်းတို့၏ သတ္တမအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို လုပ်ဆောင်မည်ဆိုပါက ပြိုင်ဘက်ကင်းသည့် တုံ့ပြန်မှုများနှင့် တွေ့ကြုံရမည်ဖြစ်ကြောင်း  အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က သတိပေး ပြောကြားလိုက်သည်။

မြောက်ကိုရီးယားနိုင်ငံသည်   ၂၀၁၇ ခုနှစ်မှစ၍    ပထမအကြိမ်အဖြစ်    နျူကလီးယားဗုံး စမ်းသပ်မှုကို ပြန်လည်စတင်ရန် လုပ်ဆောင်နေသည်ဟု အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများက ယူဆနေပြီး အကယ်၍ မြောက်ကိုရီးယား အစိုးရအနေဖြင့် ထိုသို့လုပ်ဆောင်မည်ဆိုပါက ပြိုင်ဘက်ကင်းသော တုံ့ပြန်မှုများကို    တန်ပြန်လုပ်ဆောင်ရန်   လိုအပ်လာမည်ဖြစ်ကြောင်း   တောင်ကိုရီးယား လက်ထောက်   ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ချိုဟွမ်ဒုန်က အောက်တိုဘာ ၂၆ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားသည်။

အလားတူပင် မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယား စမ်းသပ်မှုတစ်ရပ်ကို ပြုလုပ်ရန်    အသင့်ဖြစ်နေပြီဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုက အစောပိုင်းတွင်  သတိပေးပြောကြားထား သည်။ ထို့ပြင်  မြောက်ကိုရီးယား အစိုးရသည် နျူကလီးယား လက်နက်ကို အသုံးပြု ခြင်းဖြင့် လက်ဦးမှုရယူ၍ ခုခံမည်ဟုပြောဆို ထားကြောင်း ယွန်ဆွတ်ယိုက လွှတ်တော် သို့ပြောကြားရာတွင် ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။

ထို့ပြင်   မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားစမ်းသပ်မှု တစ်ရပ်ကို  မည်သည့်အချိန်မျိုးတွင် မဆို လုပ်ဆောင်လာနိုင်ကြောင်း  အမေရိကန်ကလည်း သတိပေးထားသည်။ ထို့ကြောင့် မြောက်ကိုရီးယားအနေဖြင့် နျူကလီးယား စမ်းသပ်မှုကို ထပ်မံလုပ်ဆောင်မည်ဆိုပါက ယင်းနိုင်ငံ အပေါ်  ပြစ်ဒဏ်ချမှတ်ရန်  အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က စီစဉ်ထားပြီး အခြေအနေကို စောင့်ကြည့်လျက်ရှိသည်။ မြောက်ကိုရီးယားနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍    ပထမအကြိမ်အဖြစ်   နျူကလီးယား စမ်းသပ်မှုများ စတင်လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။  ထို့ကြောင့်   မြောက်ကိုရီးယားအနေဖြင့်   ရန်စမှုများကို  လုပ်ဆောင်ခြင်းမပြုရန်     အမေရိကန်က တောင်းဆိုကြောင်း၊ နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်ခြင်းသည် ဒေသတွင်း တည်ငြိမ်မှုကို  ပျက်ပြားစေနိုင်ကြောင်း  အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းက    မြောက်ကိုရီးယားအား တိုက်တွန်းပြောဆိုထားသည်။

မြောက်ကိုရီးယားနိုင်ငံသည်   ယခုနှစ် အတွင်း ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုများကို ထူးထူးခြားခြား ပိုမိုလုပ်ဆောင်လာပြီး ဂျပန်နိုင်ငံကိုကျော်၍ ပစ်ခတ်ခဲ့သည့်ဒုံးကျည် တစ်စင်းအပါအဝင်   စုစုပေါင်းဒုံးကျည် နှစ်ဒါဇင်ခန့်ကို  စမ်းသပ်ပစ်ခတ်ထားပြီးဖြစ် သည်။

ထို့ပြင် ယခုအခါ  မြောက်ကိုရီးယား အနေဖြင့်  ၎င်းတို့၏ ဒုံးကျည်စွမ်းဆောင် ရည်တိုးတက်မှုကို   တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ အပါအဝင် တခြားနိုင်ငံများအား   ပြသနိုင်ရေးအတွက်   စမ်းသပ်မှုတစ်ရပ်ကို ထပ်မံလုပ်ဆောင်ရန် စီစဉ်နေသည့် အခြေအနေတွင်ရှိနေသည်ဟု အများ ကသုံးသပ်ထားသည်။    အကြောင်းမှာ ဒေသတွင်း နိုင်ငံများဖြစ်သည့်   တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည် ၎င်းတို့၏ပိုင်နက်များအတွင်း   အမေရိကန်တပ်ဖွဲ့များကို   ဖြန့်ကြက်ထားခြင်းကြောင့်ဖြစ်သည်။   တစ်ချိန်တည်းမှာပင်   မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် အမေရိကန် ပင်မကုန်းမြေအထိ ပစ်ခတ်နိုင်သည့် တာဝေးပစ် ဒုံးကျည်များတွင် တပ်ဆင် နိုင်မည့် နျူကလီးယားထိပ်ဖူးများကို တိုးမြှင့် ထုတ်လုပ်ရန်   ကြိုးပမ်းနေသည်ဟုယူဆ ရသည်။

မြောက်ကိုရီးယားနိုင်ငံက လုပ်ဆောင်ခဲ့သည့် ဒုံးကျည်ပစ်ခတ်မှုများကို တုံ့ပြန်သည့် အနေဖြင့်  အမေရိကန်က  နျူကလီးယား စွမ်းအင်သုံး့ USS Ronald Reagan လေ ယာဉ်တင် သင်္ဘောအပါအဝင် စစ်ရေယာဉ် အများအပြားကို အသုံးပြု၍     တောင် ကိုရီးယား တပ်ဖွဲ့များနှင့်အတူ   စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို    စက်တင်ဘာလ အတွင်းက လုပ်ဆောင်ခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယား၏ ဒုံးကျည် ပစ်ခတ်မှုများ  ပြုလုပ်ပြီးနောက်ပိုင်းတွင် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား သုံးနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုသည် ယခင်ကထက်   ပိုမိုနက်ရှိုင်းလာသည်ဟုလည်း ဆိုနိုင်သည်။ ထို့ပြင် အဆိုပါသုံးနိုင်ငံကြား ရေငုပ်သင်္ဘော တိုက်ဖျက်ရေးစစ်ရေး လေ့ကျင့်မှုတစ်ရပ်ကိုလည်း စက်တင်ဘာလ အတွင်း၌ပင် လုပ်ဆောင်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏   ဒုံးကျည်စမ်းသပ်မှုနှင့်စပ်လျဉ်း၍ တောင်ကိုရီးယား အစိုးရက စိုးရိမ်မကင်းဖြစ်နေသည့်အပြင် ထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို  တုံ့ပြန်နိုင်ရေးအတွက် ဂျပန်၊  အမေ ရိကန်တို့နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ဆုံးဖြတ်ထားသည်။

ကိုရီးယားကျွန်းဆွယ်ပေါ်ရှိ   အခြေအနေသည်  လက်ရှိတွင်  တင်းမာလျက်ရှိသည်။  တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံသည်  ၎င်းတို့ကြားရှိ  အငြင်းပွား ရေပိုင်နက်အနီးတွင် အောက်တိုဘာ၂၄ ရက်က   အပြန်အလှန်သတိပေး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါအပြန်အလှန် ပစ်ခတ်မှုသည် မြောက်ကိုရီးယားကုန်တင် သင်္ဘောတစ်စင်းက    ဒေသစံတော်ချိန် နံနက် ၃ နာရီ ၄၂ မိနစ်တွင် နှစ်နိုင်ငံကြား ရှိ  ရေပိုင်နက်ကိုဖြတ်ကျော် ဝင်ရောက်ပြီးနောက် တောင်ကိုရီးယားရေတပ်က  ယင်းသင်္ဘောအား ရေပိုင်နက်အတွင်းမှ ပြန်လည် ထွက်ခွာရန် သတိပေးပစ်ခတ်ပြီး နောက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားရေတပ်၏  သတိပေးပစ်ခတ်မှု များကို  တုံ့ပြန်သည့်အနေဖြင့်  မြောက်ကိုရီးယား ကမ်းရိုးတန်းကာကွယ်ရေး တပ်ဖွဲ့က အမြောက်ဖြင့် ၁၀ ကြိမ်ခန့် ပြန်လည် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကိုရီးယားကျွန်းဆွယ် အခြေအနေသည် လက်ရှိတွင် အထိအခိုက်လုံး၀ မခံသည့်အခြေအနေတွင်ရှိနေပြီး   အမေ ရိကန်၊  တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည် မြောက်ကိုရီးယား၏ လုပ်ဆောင်မှုများကို   အနီးကပ်စောင့်ကြည့်လျက်ရှိပြီး လိုအပ်ပါက   တုံ့ပြန်မှုများ   လုပ်ဆောင်နိုင်ရန် သုံးနိုင်ငံကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသည်ဟုလည်း ဆိုနိုင်သည်။  ယင်း အခြေအနေမျိုးတွင်   မြောက်ကိုရီးယား နိုင်ငံအနေဖြင့်    မည်သို့ဆက်လက် လုပ်ဆောင်မည်ကို အမေရိကန်နှင့် ၎င်းတို့၏မဟာမိတ်များ အပါအဝင် ဒေသတွင်းနိုင်ငံ များကပါ  စိတ်ဝင်တစား စောင့်ကြည့်နေ မည်ဖြစ်ကြောင်း  ရေးသား တင်ပြလိုက်ရ ပါသည်။