ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သော ရောဂါများ

ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သော ရောဂါများ

တမာပင်ကြီး

အင်္ဂလိပ်အမည် - Margosa or Nim tree

မျိုးရင်း - Meliaceae (တမာမျိုးရင်း)

ရုက္ခဗေဒအမည်- Azadirachta indica A. Juss

အဓိကဆေးဖက်ဝင်ပုံ

ယားနာ၊ အဖျားရောဂါ၊ အဆစ်အမျက်ကိုက်ရောဂါ၊ သွားနာရောဂါ၊ အစာမကြေရောဂါ၊ ဆီးချို ရောဂါများအတွက် ဆေးဖက်ဝင် အသုံးပြုသည်။

ပေါက်ရောက်သည့်ဒေသ

မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ပေါက်ရောက်သည်။

ဆေးဖက်ဝင်အစိတ်အပိုင်း

အပွင့်၊ အစေး၊ အဆီ၊ အခေါက်၊ အရွက်၊ အသီး၊ အခက်အရိုး။

အပင်ပုံသဏ္ဌာန်

အပင်ဖြောင့်သော    အမြဲစိမ်းသစ်မာပင်မျိုးဖြစ်သည်။  အမြင့်ဆုံးပေ ၅၀ ထိ  ရှိတတ်သည်။ အခေါက်မွဲပြာရောင်ရှိ၍ ကြမ်းသည်။

အရွက်သည် ငှက်မွေးရွက်ပေါင်းဖြစ်၍ ရွက်လွှဲထွက်သည်။ အလျား ၁၅ လက်မရှည်သည်။ ရွက်မြွှာများ မျက်နှာချင်းဆိုင် ထွက်သည်။ လှံစွပ်ပုံရှိသည်။ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းသွယ်သည်။ ရွက်နားခွေးသွား စိပ်ရှိ၏။

အပွင့်ငယ်သည်။ ချိုမွှေးခါးသက်သော အနံ့ရှိ၍ ဖြူဝါဝါအရောင်ရှိ၏။ တပေါင်းလမှ ကဆုန်လအထိ ပွင့်သည်။

အသီးရှည်မျောမျောပုံရှိသည်။ အစေ့တစ်စေ့သာပါသည်။ အစေ့အနီ ဖျော့ရောင်ရှိသည်။ အသီးအရောင်မှာ နုစဉ်စိမ်း၍ မှည့်လျှင် အဝါနုရောင်ရှိ၏။ ကဆုန်၊ နယုန်တွင် သီးသည်။

ဆေးကျမ်းများအဆို

အရသာနှင့်အကျိုးသွား။  ။ ခါး၏။ သတ္တိကို အေး၏။ ဝိပါက၌ စပ်၏။ ချုပ်၏။ ဒေါသသုံးပါးလုံးကို နိုင်၏။

ဂုဏ်နှင့်စွမ်းရည်။ ။ အနာကို  သုတ်သင်တတ်၏။

ကလေးများအတွက် လွန်စွာအကျိုးပြု၏။ ၎င်းအပြင်ပိုး၊အော့အန်ခြင်း၊ အနာပေါက်၊ဖောရောင်၊ အဆိပ်၊ နူနာ၊ နှလုံး၊ ပူပန်ခြင်း၊ အဖျား၊ ချောင်းဆိုး၊ ရေငတ်၊ နှုတ်မမြိန်၊ သွေးဖောက်ပြန်၊ ဒူလာသရောနာများ၌ အသုံးဝင်၏။

ဆေးဖက်ဝင်အသုံးပြုပုံ

၁။      ယားနာရောဂါဖြစ်လျှင် တမာရွက် သို့မဟုတ် တမာအခေါက်ကို ပြာချပြီး အုန်းဆီဖြင့်လိမ်းပေးပါက သက်သာစေသည်။

၂။ သွားနာ၊ သွားနဲ့၊ သွားပိုးစား၊ သွားအခြေမခိုင်၊ သွားဖုံးရောဂါများမှ ကာကွယ်ရန်အတွက် တမာရွက်ပြုတ်ရည်ကို နေ့စဉ်ငုံထွေးပေးခြင်းဖြင့် သက်သာစေနိုင်သည်။

၃။      တမာရိုးကိုထိပ်မှဖွာအောင် ပြုလုပ်ပြီး သွားပွတ်တံအဖြစ် အသုံးပြုနိုင်သည်။ တမာရိုးကိုလည်း တဖြည်းဖြည်း ကိုက်ဝါးခြင်းဖြင့် ဒန်ပူအဖြစ် ရှေးကသံဃာတော်များ သုံးစွဲကြသည်။  တမာရိုးသည် သွားကိုလည်း ဖြူစေနိုင်သော အာနိသင်ရှိသည်။

၄။      အညာတမာခေါ် စားတမာကိုအရွက်ခူးပြီး အချဉ်တည်၍ စားသုံးသောအခါ လေနာရောဂါ၊ လိပ်ခေါင်း ရောဂါ၊ ဆီးချိုရောဂါသမားများနှင့် သင့်တော်သည်။

၅။      တမာအစေ့အဆန်ကို ဆေးဖော်၍ သုံးစွဲလျှင် ပိုးကြောင့်ဖြစ်သော ရောဂါများ  ပျောက်ကင်းစေနိုင်သည်။

၆။      တမာစေ့မှကြိတ်၍ ရသောအဆီကို နူနာနှင့် ပိုးနာ၊ ဝဲစွဲနာများ ကုသရာတွင် အသုံးပြုနိုင်သည်။

၇။      တမာပွင့်ကို အခြောက်လှန်းပြီး လက်ဖက်ခြောက်နှင့် ရော၍ ရေနွေးစိမ်သောက်လျှင် သည်းခြေအားနည်း သောရောဂါနှင့်လေပူနာများကို သက်သာပျောက်ကင်းစေနိုင်သည်။ ဆီးချိုရောဂါသမားများအတွက်လည်း ဆီးချို အလွန်မတက်စေရန် အထောက်အကူပြုသည်။

၈။      ငှက်ဖျား၊ ချမ်းတုန်ဖျားများဖြစ်လျှင် တမာခေါက်ကို သွေး၍ ဆားလှော်နှင့် ရောသောက်လျှင် အဖျား ပျောက်စေနိုင်သည်။

၉။      ဝဲခြောက်စွဲလျှင် တမာရွက်ကို ညက်အောင်ထောင်းပြီး  ယားနာပေါ်တွင်အုံ၍  စည်းပေးပါ။ တမာရွက်ပြုတ်ရည်ဖြင့်လည်း ရေချိုးပေးပါ။ သက်သာ ပျောက်ကင်းစေနိုင်သည်။

၁၀။    လေဖြတ်၊ လေဖျန်း၍  ခန္ဓာကိုယ်ခြေလက် လေးဆွဲမသန်စွမ်းသူများသည် အကြောများ ပြန်လည်သန်စေရန်အတွက် တမာရွက်ပြုတ်ရည် စိမ်ပေးခြင်း၊ တမာရွက်ပြုတ်ရည်ဖြင့် ရေချိုးပေးခြင်း နေ့စဉ်ပြုလုပ်ပါက အကြောများ ပြန်လည်သန်စွမ်းစေနိုင်သည်။

၁၁။    မျက်စိယားလျှင်၊ မျက်ရည်ပူကျလျှင် တမာရွက်ကို ရေစိမ်ထားပြီး  ၎င်းရေဖြင့်  မျက်စဉ်းခတ်ပေးလျှင် မျက်စိယားသက်သာစေနိုင်သည်။ မျက်ရည်ပူကျခြင်းမှလည်း သက်သာစေနိုင်သည်။

၁၂။    ပူသောရာသီတွင် မိတ်များထွက်ပါက တမာခေါက်ကို ဆားအနည်းငယ်နှင့် ရောသွေးလိမ်းပေးပါက မိတ်ယားခြင်းမှ သက်သာစေနိုင်သည်။

၁၃။    တမာခေါက်၊ တမာရွက်တို့ကိုပြာချပြီး ဆားလှော်နှင့်ရော၍ သွားတိုက်ပေးပါက သွားကိုက်၊ သွားနာ၊ သွားဖုံးနာရောဂါအမျိုးမျိုး ပျောက်ကင်းစေနိုင်သည်။

တရုတ်စကား

အင်္ဂလိပ်အမည် - Plumeria flower

မျိုးရင်း - Apocynaceae (ဆယ့်နှစ်ရာသီမျိုးရင်း)

ရုက္ခဗေဒအမည် - Plumeria Acutifolia Poir.

အဓိကဆေးဖက်ဝင်ပုံ

အပွင့်ကို  သလိပ်ကြေဆေး၊  အဆစ်ရောင် လေးဖက်နာပျောက်ဆေးအဖြစ်  အသုံးပြုသည်။

အခေါက်နှင့် အကိုင်းမှထွက်သော နို့နှစ်ရောင်အစေးကို ဝမ်းနုတ်ဆေးဆီအဖြစ် အသုံးပြုသည်။ ဝမ်းဗိုက် ရောင်ရောဂါ၊ လေထိုးလေအောင့်ရောဂါများ အတွက်လည်း ဆေးဖက်ဝင် အသုံးပြုသည်။

ပေါက်ရောက်သည့်ဒေသ

မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင်  သဘာဝအလျောက် ပေါက်ရောက်သည်။ တောင်ပေါ်ဒေသများတွင် အနည်းငယ်ပေါက်ရောက်သည်။

ဆေးဖက်ဝင်အစိတ်အပိုင်း

အပွင့်၊ အစေး၊ အရွက်တို့ကို ဆေးဖက်ဝင် အသုံးပြုသည်။

အပင်ပုံသဏ္ဌာန်

အပင်။  ။ အပင်ငယ်မျိုးဖြစ်သည်။ အပင်ကြီးလျှင် ပေ ၂၀ ခန့်ထိမြင့်သည်။ အခေါက်များထူပြီး မွဲပြာရောင်ရှိသည်။  ပင်စည်ကို ခြစ်မိလျှင် အစေးများထွက်သည်။

အရွက်။        ။ အလျား ၆ လက်မမှ ၁ ပေခန့်အထိ ရှည်လျားသော အရွက်များရှိသည်။ ရွက်ရင်းသိမ်၍ အပြားကြီးပြီး  ရွက်ထိပ်ဖျားချွန်သည်။  ရွက်နားညီသည်။  ရွက်ညှာရှည်၍ အလယ်တွင် မြောင်းသို့မဟုတ် အစင်းကြောင်းပါရှိသည်။

အပွင့်။  ။ အချင်း ၂ လက်မခန့်အထိရှိသည်။ ပွင့်ဖက် ငါးခုပါရှိသည်။ အနံ့မွှေးကြိုင်သည်။ အလယ်တွင် အဝါနုရောင်၊ အစိမ်းရောင်၊ ပန်းရောင်အမွေးနုလေးများရှိသည်။ အပြင်ဘက်တွင် ပန်းရောင်ရှိသည်။ ကဆုန်လ၊ နယုန်လတို့တွင် ပန်းပွင့်သည်။

အသီး။   ။ ချွန်၍ ဦးချိုသဏ္ဌာန်ရှိသော အသီးတောင့်သီးသည်။ နှစ်ခုတွဲသီးသည်။ တွဲလောင်းကျ၍ သီးပြီး အလျား ၈ လက်မခန့်ရှိသည်။ အစေ့ကိုတွေ့ရခဲသည်။ ဝါခေါင်နှင့် တော်သလင်းလတို့တွင် သီးသည်။ 

ဆေးကျမ်းများအဆို

တရုတ်စကားသည် မြန်မာဆေးကျမ်းများ အလိုအရ စပ်၊ ခါး၊ ဖန်သောအရသာရှိသည်။ ပူသော သတ္တိရှိသည်။ ဆီး၊ ဝမ်းကိုရွှင်စေသည်။ သလိပ်နှင့် လေကို ကြေစေသည်။ နူနာ၊ အနာပေါက်၊ ဝမ်းဗိုက်နာ ရောဂါတို့ကို ပျောက်ကင်းစေနိုင်သည်။

ဆေးဖက်ဝင်အသုံးပြုပုံ

၁။      ဝမ်းချုပ်၍ စမြင်းခံရောဂါ၊ စမြင်းထိုးရောဂါ ဖြစ်လျှင် တရုတ်စကားပွင့်ကို အခြောက်ဖြစ်စေ၊ အစိုဖြစ်စေ မန်ကျည်းမှည့်နှင့် ရောပြုတ်ပြီး အသုပ်ပြုလုပ်စားလျှင် ဆီး၊ ဝမ်းကိုမှန်စေ၍ စမြင်းကိုကြေစေသည်။ လေ သလိပ်ကိုလည်း နိုင်သည်။

၂။      တရုတ်စကားရွက်ကိုနုချိန်တွင် ခူးယူပြီး ပြုတ်၍ အတို့အမြှုပ်ပြုလုပ်စားခြင်းဖြင့် ဝမ်းဗိုက်နာ၊ လေထိုးလေအောင့်နာ၊ အစာမကြေရောဂါများ ပျောက်ကင်းစေနိုင်သည်။

၃။      နာတာရှည် အဆစ်ရောင်၊ လေးဖက်နာရှိသူများသည် တရုတ်စကားပွင့်ကို အခြောက်ခံ၍ သိမ်းထားပြီး ရေနွေးဖြောပြီး အသုပ်ပြုလုပ်၍ မကြာခဏ စားသုံးပေးခြင်းဖြင့် လေးဖက်နာ သက်သာပျောက်ကင်းစေနိုင်သည်။

၄။      နှလုံးရောဂါ၊ အမောရောဂါ၊ နှလုံးရောဂါ ရှိသူများသည် တရုတ်စကားပင် တစ်မျိုးဖြစ်သော အကြော်ပင်မှ အပွင့်ကို ပြုတ်၍ သုပ်စားခြင်းဖြင့် နှလုံးအမောရောဂါ သက်သာပျောက်ကင်းစေနိုင်သည်။

၅။      တရုတ်စကားပင်တစ်မျိုးဖြစ်သော အကြော်ပင်မှ ပွင့်သောအပွင့်ဖြူများကို နေဖြင့်အခြောက်လှန်းပြီး တစ်နေ့လျှင် တစ်ပွင့်မှနှစ်ပွင့် ရေနွေးစိမ်သောက်ပေးလျှင် အသံဝင်ရောဂါ ပျောက်ကင်းစေနိုင်သည်။

၆။      တရုတ်စကားပင်မှထွက်သော အစေးကိုခံယူထားပြီး  ရွေးစေ့ခန့်  အလုံးလေးများ ပြုလုပ်ပါ။ တစ်နေ့လျှင် တစ်လုံးနှစ်လုံး စားပေးခြင်းဖြင့် ဝမ်းဖောဝမ်းရောင်ရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အူရောင်ရောဂါများ သက်သာပျောက်ကင်းစေနိုင်သည်။

၇။      တရုတ်စကားခေါက်ကို အခြောက်လှန်းထားပြီး သွေးလိမ်းလျှင် ယားနာ၊ နှင်းခူအခြောက်နာများ သက်သာ ပျောက်ကင်းစေနိုင်သည်။    ။

ကြည်လွင်မြင့်(မုဒြာ)