ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် ဆက်လက်ယှဉ်ပြိုင်
နေပြည်တော် အောက်တိုဘာ ၃၁
မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့ညနေ
၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ကချင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကချင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်သည်။
ယမန်နေ့က ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ တနင်္သာရီတိုင်းဒေသကြီး အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မကွေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၆ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့်အတွက် ကချင်ပြည်နယ်အသင်းနှင့် တွေ့ဆုံခြင်းဖြစ်သည်။
ပြိုင်ပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီးများဖြစ်ကြသောဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေး မှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြသည်။
နိုဝင်ဘာ၂ ရက်တွင် တတိယလုပွဲ ပွဲစဉ်ကို ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည် ဖြစ်ကြောင်း သိရသည်။
ကျော်လွင်