နေပြည်တော်၊ ယာဉ်တိုက်မှု
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး နွားထိုးကြီးမြို့နယ် ပြင်စည်အမြန်လမ်းမကြီး ရဲစခန်းအပိုင်၌ အောက်တို ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရှေ့မှမောင်းနှင်နေသော တွဲယာဉ်အား ၁၂ ဘီးယာဉ်က အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်ရောက်တိုက်မိမှု ဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၂၆/၂) နှင့် (၃၂၆/၃)အကြားတွင် မန္တလေးမှ နေပြည်တော်သို့ ယာဉ်မောင်း မြတ်ဇော်ဦး မောင်းနှင်လာသော ယာဉ်အမှတ်၊ KYH-6K/--- NISSAN DIESEL ၁၂ ဘီး အပြာ/ခဲရောင်ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့မှ ယာဉ်မောင်း ကျော်သူမောင်းနှင်သည့် ယာဉ်အမှတ် YGN-7E/--- FOTON အဖြူရောင် တွဲယာဉ်အား နောက်မှ ဝင်ရောက် တိုက်မိပြီး လမ်း၏ ဝဲဘက်လမ်းလယ်ကျွန်းတွင် ကာရံထားသော ဘာရီယာကတ်တုံးများအား ဆက်လက် တိုက်မိပြီး ရပ်တန့်သွားသည်။
ယာဉ်မတော်တဆမှုဖြစ်ပွားရာသို့ ပြင်စည်အမြန်လမ်းမကြီး ရဲစခန်းမှ စခန်းမှူးဦးစီးတပ်ဖွဲ့ဝင်များ၊ အမြန် လမ်းမကြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းဆောက်လုပ်ရေး(ပြင်/ထိန်း) အဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ FOTON တွဲယာဉ်ပေါ်ပါရှိသူများမှာ ထိခိုက်ဒဏ်ရာမရရှိသော်လည်း
NISSAN DIESEL ၁၂ ဘီးယာဉ်မောင်း မြတ်ဇော်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် နွားထိုးကြီးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းမြတ်ဇော်ဦးအား ပြင်စည်အမြန်လမ်းမကြီးရဲစခန်းက ယာဉ်(ပ) ၂၈/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၇/၂၇၉ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင်(နေပြည်တော်)