ကျိုင်းတုံမြို့၏ (၅၀)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

ကျိုင်းတုံမြို့၏ (၅၀)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ -

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ (၅၀)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်း မဟာဘုံကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ သာသနာ့ဗိမာန်တော်၌ ပြုလုပ်ရာ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရနှင့် မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဝတ်အင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဂမ္ဘီရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။

   ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံသရာအေးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောသလ္လထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် များ ရွတ်ပွားချီးမြှင့် တော်မူသော ပရိတ်တရားတော်များ  နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး သာသနာ့ဝေပုလ္လ ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဇယ ထံမှ ကထိန်အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။

      ယင်းနောက် တိုင်းမှူးနှင့် အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။