ရန်ကုန်၊ ဘောလုံး
မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင်ရမည့် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပရန်စီစဉ်ထားကြောင်း အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှထုတ်ပြန်ထား သည်။
အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ်များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၉ရက်၊ ဒုတိယအဆင့်ကို ဇန်နဝါရီ ၂၆ ရက်နှင့် တတိယအဆင့်ကို ဖေဖော်ဝါရီ ၂ ရက်တို့တွင် ကျင်းပရန်စီစဉ်ထားပြီး အုပ်စုအဆင့်ပွဲစဉ်များကို ဖေဖော်ဝါရီ ၁၅ ရက်မှ မေ ၅ ရက်အထိ ကျင်းပရန်စီစဉ်ထားကြောင်း AFC မှ ထုတ်ပြန်ထားသည်။
သို့သော် လက်ရှိတွင် ပြိုင်ပွဲကာလများကို အကြမ်းဖျင်း စီစဉ်ထားခြင်းသာဖြစ်ပြီး COVID-19 ရောဂါ အခြေအနေပေါ်မူတည်၍ အပြောင်းအလဲဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ ပထမအဆင့်၊ ဒုတိယအဆင့်နှင့် နောက်ဆုံးအဆင့် ဟူသည့် အဆင့်သုံးဆင့်စလုံး အနိုင်ရရှိမှသာ အာရှချန်ပီယံလိဂ် အုပ်စုအဆင့်သို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်း အာရှချန်ပီယံလိဂ် အုပ်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိပါက ယခုနှစ် မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဧရာဝတီယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက် အသင်းအစား AFC Cup ခြေစစ်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အာရှချန်ပီယံလိဂ်တွင် ခြေစစ်ပွဲအောင်မြင်ခြင်းမရှိပါက 2021 AFC Cup အုပ်စုအဆင့် ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။ မြန်မာကလပ်အသင်းများအနေဖြင့် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်များကို ၂၀၁၅ ခုနှစ်မှစ၍ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး အမြင့်ဆုံးအဖြစ် ရန်ကုန်ယူနိုက်တက် အသင်းက ၂၀၁၉ အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ ပထမအဆင့်ကို အနိုင်ရရှိကာ ဒုတိယအဆင့်သို့ တက်ရောက် ခဲ့ဖူးသည်။
ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ်ခြေစစ်ပွဲကို ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ယှဉ်ပြိုင် ခဲ့ဖူးပြီး နှစ်ကြိမ်စလုံး ခြေစစ်ပွဲပထမအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
ကိုရဲ