အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ (၃၂)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ (၃၂)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ -

        အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ခန်းမ၌ ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ မဟာဗောဓာရုံကျောင်း ဆရာတော် ဘဒ္ဒန္တနာရဒ နှင့် နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ မြို့မ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ကလျာဏ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

       ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာဗောဓာရုံကျောင်း ဆရာတော်ထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသော မေတ္တသုတ်ပရိတ် တရားတော်များ  နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ကထိန်လျာမြတ် သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မြို့မ ပရိယတ္တိ စာသင်တိုက် ဆရာတော်ထံမှ ကထိန်အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

      ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

    အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တန့်ယန်းတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက တန့်ယန်းမြို့ရှိ ဆင်များရှင် တောရတပ်ဦးကျောင်းတိုက်၌ ကထိန်လျာမြတ် သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။