တောင်ငူမြို့ရှိ ရတနာဂုဏ်မြင့် ဘုန်းတော်ကြီးကျောင်း၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

တောင်ငူမြို့ရှိ ရတနာဂုဏ်မြင့် ဘုန်းတော်ကြီးကျောင်း၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ -

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ရတနာဂုဏ်မြင့် ဘုန်းတော်ကြီးကျောင်း၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့တွင် အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ ရတနာဂုဏ်မြင့် ဘုန်းတော်ကြီးကျောင်း ဦးစီးပဓာနနာယက ရွှေလင်းယုန် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ ဘန္ဒန္တ အရဝိန္ဒာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများ၊ ကထိန်အလှူရှင်များ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရွှေလင်းယုန် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သံဃာတော်များအား ကထိန်လျာမြတ် သင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြပြီး ရွှေလင်းယုန် ဆရာတော်ထံမှ ကထိန်အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

      ယင်းနောက် တိုင်းမှူးနှင့် အလှူရှင်များသည် သိမ်ဆင်း သံဃာတော်များအား ပစ္စည်းလေးပါး လှူဖွယ်ဝတ္ထုများ လောင်းလှူပူဇော်ကြပြီး နေ့ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ကြကြောင်း သတင်း ရရှိသည်။