VUC အသင်းယှဉ်ပြိုင်မည့် အာရှဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ကျင်းပရန် လျာထား

ရန်ကုန်၊ ဖူဆယ်

မြန်မာဖူဆယ်ကလပ် VUC အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အာရှဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ပြန်လည်ကျင်းပရန်လျာထားကြောင်း အာရှဘောလုံးအဖွဲ့ချုပ် (AFC)မှ ထုတ်ပြန်ထား သည်။

မူလက အာရှဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ယခုနှစ် ဒီဇင်ဘာလအတွင်း ယူအေအီးနိုင်ငံ၌ကျင်းပရန် စီစဉ်ထားသော်လည်း အာရှနိုင်ငံများအတွင်း COVID-19 ရောဂါကူးစက်မှု အခြေအနေအရ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇူလိုင် ၁၄ ရက်မှ ၂၅ ရက်အတွင်း ယူအေအီးနိုင်ငံ၌ပင် ပြန်လည်ကျင်းပရန် လျာထားသော်လည်း COVID-19 ရောဂါအခြေအနေပေါ်မူတည်၍ အိမ်ရှင်နိုင်ငံ အပြောင်းအလဲရှိနိုင်ကြောင်း  အာရှဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

၂၀၂၁ အာရှဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းပေါင်း ၁၆ သင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုလေးခုခွဲ၍ ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို အာရှနိုင်ငံများ၏ ပြည်တွင်းဖူဆယ်လိဂ်ပြိုင်ပွဲ ချန်ပီယံအသင်းများသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ်သည်။ သို့သော် ၂၀၁၉ MFF ဖူဆယ်လိဂ်ချန်ပီယံ MIU အသင်းက အာဆီယံဖူဆယ် ချန်ပီယံ ရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် ဒုတိယဆုရရှိသည့် VUC အသင်းက အာရှ ဖူဆယ် ကလပ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်း ဖြစ်သည်။

VUC အသင်းသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့က ကျင်းပခဲ့သည့် အာရှဖူဆယ်ကလပ်ပြိုင်ပွဲတို့တွင်   ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ထိုင်းနိုင်ငံ၌ကျင်းပခဲ့သည့် ၂၀၁၉ အာရှဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဂျပန်ဖူဆယ်ကလပ် နာဂိုရာ အိုးရှင်းအသင်းက ချန်ပီယံဆုရရှိခဲ့သည်။

ယင်းပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ပြီး လာမည့်နှစ်တွင် (၁၁)ကြိမ်မြောက် ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

ကိုရဲ