အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ (၃၂)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန် အလှူ တော်မင်္ဂလာပြုလုပ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ (၃၂)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန် အလှူ တော်မင်္ဂလာပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၃

          အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိ ခန်းမ၌ ပြုလုပ်ရာ မုံရွာမြို့၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ သူရိယ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မုံရွာမြို့၊ မဟာဝိဇ္ဇာသိပ္ပံ ကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူကြသော သံဃာတော်များက ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များ  နာယူကြည်ညိုကြသည်။ ထို့နောက်တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊  ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ  ဘဒ္ဒန္တပညာဝံသထံမှ ကထိန်အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

          ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။