(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လားရှိုးမြို့၌ ပြည်သူ့ဥယျာဉ်တော်ကြီး ဖွင့်ပွဲ ကျင်းပပြုလုပ်
နေပြည်တော်၊ နိုဝင်ဘာ - ၆
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီ တော်ကြီး၏ ပရဝုဏ်အတွင်းရှိ ပြည်သူ့ဥယျာဉ် တော်ကြီး ဖွင့်ပွဲကို နိုဝင်ဘာ ၄ ရက် ညနေပိုင်းတွင် အဆိုပါ စေတီတော်ကြီး၏ ပရဝုဏ်၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာတိုင်းမှူးက အမှာစကားပြောကြားပြီး တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ၊ မြို့မိမြို့ဖများနှင့်အတူ ရန်တိုင်းအောင်ပြည်သူ့ဥယျာဉ်တော်ကြီးမုဒ်ဦးအား ဖဲကြိုဖြတ်ဖွင့်လှစ်ပေး၍ ကမ္မည်းကျောက်စာတိုင်အား အမွေးနံ့သာရေများဖြင့် ပက်ဖျန်းခဲ့သည်။ ထို့နောက် တိုင်းမှူးက ပန်းပွားအက အဖွဲ့များနှင့် ဘင်ခရာအဖွဲ့တို့ကို ဂုဏ်ပြုဆုတော်ငွေများ ချီးမြှင့်၍ အဆိုပါဥယျာဉ်အတွင်းရှိ ရှုခင်းများ၊ ဌာနဆိုင်ရာများ နှင့် မြို့မိမြို့ဖများမှ စုပေါင်းပြုလုပ်သော စတုဒီသာမဏ္ဍပ်များနှင့် ဖျော်ဖြေပွဲများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။