တိုင်းစစ်ဌာနချုပ်များ၌ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲများပြုလုပ်

တိုင်းစစ်ဌာနချုပ်များ၌ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲများပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၆

          တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် တိုင်းစစ်ဌာနချုပ်များ၌ စုပေါင်းမဟာ ဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲများပြုလုပ်လျက်ရှိရာ ယနေ့တွင် နေပြည်တော် တိုင်းစစ်ဌာနချုပ်၏ (၁၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေးခန်းမ၌လည်းကောင်း၊ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို တိုင်းစစ်ဌာနချုပ်ရှိ မဟာသန္တရံသီ စေတီတော်မြတ်ကြီးဓမ္မာရုံ၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ (၃၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ တို့၌ ကျင်းပပြုလုပ်ရာ ဆရာတော်ကြီးများ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် စေတနာရှင်အလှူရှင် များနှင့် ဖိတ်ကြားထားသူများ အသီးသီး တက်ရောက်ကြသည်။

          ဦးစွာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တက်ရောက်လာကြသူများ က ဆရာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ကထိန်လျာမြတ် သင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်များထံမှ  ကထိန်အနုမောဒနာတရားများ နာကြားကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် တိုင်းမှူးများနှင့် တက်ရောက်လာကြ သူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများဆက်ကပ် လှူဒါန်း ခဲ့ကြသည်။

          အဆိုပါ တိုင်းစစ်ဌာနချုပ်အသီးသီးမှ စုပေါင်းမဟာ ဘုံကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲတွင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/တပ်ဖွဲ့များမှ ပဒေသာပင်များအား သက်ဆိုင်ရာ ဘုန်းတော်ကြီး ကျောင်းများသို့ မော်တော်ယာဉ်များဖြင့် အသီးသီး လှည့်လည်ပို့ဆောင်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။