တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ မသိုးသင်္ကန်းတော်များ ရက်လုပ် ဆက်ကပ်လှူဒါန်း

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ မသိုးသင်္ကန်းတော်များ ရက်လုပ် ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ -

            တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် တိုင်းစစ်ဌာနချုပ်များရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ မသိုးသင်္ကန်းများ ရက်လုပ်ဆက်ကပ် လှူဒါန်းပွဲများပြုလုပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြိုရှိ စူဠာမုနိလောကချမ်းသာ စေတီတော်ရင်ပြင်၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ရင်ပြင်တော်ရှိ မိုးကောင်းဓမ္မာရုံနှင့် ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူး ကံသာ ဆုတောင်းပြည့် ဘုရားကြီးတို့၌ လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ကြရာ ဆရာတော်ကြီးများ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရက္ကန်းပညာရှင်များ၊ စက်ချုပ်ပညာရှင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဖိတ်ကြား ထားသူများ အသီးသီး တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများက အခမ်းအနားများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တက်ရောက်လာကြ သူများက ရက်လုပ်ထားသော မသိုးသင်္ကန်းတော်များနှင့် ဘုရား၊ စေတီ၊ ပုထိုးများအား လှည့်လည်ပူဇော်ကြပြီး ဗုဒ္ဓရုပ်ပွားတော်များအား မသိုးသင်္ကန်းတော်များ ဆက်ကပ် လှူဒါန်းခြင်းနှင့် ဗုဒ္ဓါအဘိသေကအနေကဇာတင်ခြင်းများ ဆောင်ရွက်ကြသည်။ ထို့နောက်  ဆရာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော် မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်များထံမှ အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူး များနှင့် တာဝန်ရှိသူများက  မသိုးသင်္ကန်းရက်လုပ် လှူဒါန်းပူဇော်ပွဲတွင် ပါဝင်ခဲ့ကြသူ များအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ပြီး ဆရာတော်၊ သံဃာတော် များအား အရုဏ်ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။