တိုင်းစစ်ဌာနချုပ်များ၌ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း၊ လားရှိုးမြို့ရှိ လေးမျက်နှာမြတ်စွာဘုရားကြီး ဗုဒ္ဓဘိသေအနေကဇာတင်လှူခြင်း၊ ဆွမ်းတော်ကြီး လောင်းလှူပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲများပြုလုပ်

တိုင်းစစ်ဌာနချုပ်များ၌ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း၊ လားရှိုးမြို့ရှိ လေးမျက်နှာမြတ်စွာဘုရားကြီး ဗုဒ္ဓဘိသေအနေကဇာတင်လှူခြင်း၊ ဆွမ်းတော်ကြီး လောင်းလှူပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲများပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ -

     တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် တိုင်းစစ်ဌာနချုပ်များ၌ စုပေါင်းမဟာ ဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲများပြုလုပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို အဆိုပါမြို့ရှိ မြို့တော်ခန်းမ၌ လည်းကောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာ ဘုံကထိန်သင်္ကန်းဆက်ကပ် လှူဒါန်း ပွဲကို စစ်တွေမြို့ရှိ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမနှင့် စုပေါင်းမိုးပေါ်ကျကထိန်ကို အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယံ(အတုမရှိ) ကျောင်းတော်ကြီး၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ် မိသားစုများ၏(၂၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို တိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်ကြရာ ဆရာတော်ကြီးများအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများ အသီးသီး တက်ရောက်ကြသည်။

    ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက ဆရာတော်များထံမှ သီလများခံယူ ဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ကထိန်လျာမြတ်သင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ဆရာတော်များထံမှ  ကထိန်အနုမောဒနာတရားများ နာကြားကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။

    အဆိုပါ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးမှ ပဒေသာပင်များအား သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများသို့ မော်တော်ယာဉ် များဖြင့် အသီးသီး လှည့်လည်ပို့ဆောင်လှူဒါန်းခဲ့ကြသည်။

    ထို့အတူ ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများကို  ယနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီး ၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ရာပြည့် ကပ်ကျော်မင်္ဂလာစေတီတော်ကြီး၌လည်းကောင်း အသီးသီးပြုလုပ်ကြရာ  သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် မြို့မိမြို့ဖများက အသီးသီး ဆက်ကပ်လောင်းလှူခဲ့ကြသည်။

   ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီးအတွင်း တည်ထားကိုးကွယ်သည့် လေးမျက်နှာမြတ်စွာဘုရား ကြီး ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော် မြတ်ကြီး၌ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ မဟာဗောဓာရုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တ နာရဒနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြို့မပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ ကလျာဏ အမှူးပြုသော သံဃာတော်များကြွရောက်ချီးမြှင့်တော်မူကြပြီး မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ခွဲ(ရှမ်း/ မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပြီး မဟာဗောဓာရုံပရိယတ္တိ စာသင်တိုက် ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များနာယူကြည်ညိုကြကာ သံဃာတော် များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြို့မပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကြပြီး သံဃာတော်များအား အရုဏ်ဆွမ်းနှင့် ခဲဖွယ်များ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။