လားရှိုးမြို့၌ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ဖွင့်ပွဲ ကျင်းပပြုလုပ်

လားရှိုးမြို့၌ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ဖွင့်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ -

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖွင့်ပွဲကို နိုဝင်ဘာ ၆ ရက် ညနေပိုင်းတွင် လားရှိုးမြို့ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦး စေတီတော် ပရဝုဏ်အတွင်းရှိ မီးပုံးပျံကွင်း၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ (ရှမ်း၊ ကချင်၊ ဝ၊ ကိုးကန့်၊ လားဟူ၊ လီဆူ၊ မြောင်ဇီး၊ မုံဝန်း၊ ဗမာ) စာပေနှင့်ယဉ်ကျေးမှု အဖွဲ့မှ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တိုင်းမှူး နှင့် အဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသားပြည်သူများက စိန်နားပန် မီးပုံးပျံများ၊ ဆင်ရုပ်၊ ခိုဖြူရုပ် အစရှိသည့် တိရိစ္ဆာန်အရုပ်မီးပုံးပျံများ၊ ရိုးရာအလှမီးပုံးပျံများကို တပျော်တပါး လွှတ်တင်ခြင်း၊ ရောင်စုံမီးရှူးမီးပန်းများ ပစ်ဖောက်လွှတ်တင်ခြင်း၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက လူမျိုးစုလိုက် ရိုးရာအကအလှများဖြင့် စုပေါင်းကပြခြင်းများ အား ကြည့်ရှုအားပေးကြသည်။

   အဆိုပါ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်သည် လားရှိုးမြို့၏ (၄)ကြိမ်မြောက် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖြစ်ပြီး နိုဝင်ဘာ ၆ ရက်နေ့မှ ယနေ့အထိ မီးပုံးပျံများ လွှတ်တင်ခြင်း၊ ရောင်စုံမီးရှူးမီးပန်းများ ပစ်ဖောက်လွှတ်တင်ခြင်း၊ တိုင်းသားရိုးရာ အကများဖြင့် စုပေါင်းကပြခြင်း၊ နိုင်ငံကျော် အဆိုတော်များက တေးဂီတဖျော်ဖြေခြင်း တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက် ရှိကြောင်း သတင်းရရှိသည်။