ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်း

ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်()မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ -

      ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

     ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်၊ ပိန္နဲတောင်ကျေးရွာရှိ ဓမ္မဆာယကျောင်းတိုက်၊  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ရှိ မဏိရတနာရာမကျောင်းတိုက်၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း(၄)ကျောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း(၇)ကျောင်း၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရကိ္ခတ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတိုက်၊ အောင်လံမြို့နယ်၊ မန်ကျည်းကုန်းရပ်ကွက်ရှိ ဓမ္မစင်္ကြာကျောင်းတိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတလည်မြို့၊ ဇင်းကုန်းကျေးရွာရှိ သဒ္ဓမ္မဥ္ဇီဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင် များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

    ထို့ပြင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ဖန်ခါးမြေ ဘိုးဘွားရိပ်သာနှင့် နတ်မောက်မြို့နယ်၊ ပင်ကျားထူးကျေးရွာရှိ မြတ်ဂုဏ်ပြည့် ဘိုးဘွားရိပ်သာတို့မှ အဘိုး၊ အဘွားများအား အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ မကွေးတပ်နယ်နှင့် တောင်တွင်းကြီး တပ်နယ်တို့မှ နယ်မြေခံတပ်မတော်သားများက အလှူငွေများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ သွားရောက် လှူဒါန်းပြီး နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။

     အလားတူ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်း မိသားစုများက နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့ရှိ  ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များမှ သံဃာတော် များအား ဆွမ်းဆန်တော်နှင့် စားသောက်ဖွယ်ရာများ အသီးသီး သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။