COVID-19   ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား ဆက်လက်လက်ခံပြီး လိုအပ်သည့်ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၂၀    
တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာများကို လက်ခံ ကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိလျက်ရှိပြီး စက်တင် ဘာ ၂၅ ရက်မှစတင်၍ အတည်ပြုလူနာများကို လူမျိုး၊ ဘာသာမရွေးလက်ခံကာ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။  ယနေ့အထိ မှော်ဘီမြို့နယ်၊ တပ်မတော် ဆေးဘက်ဆိုင်ရာပညာသင်ကျောင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သံဃာတော် ၁၆ ပါးနှင့် အရပ်သား ၄၄ ဦး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာ သာသနာနွယ်ဝင်သီလရှင် ၅ ပါး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာသံဃာတော် ၁၂၆ ပါး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခို ရေးစခန်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာအရပ်သား ၅၀၂ ဦးနှင့် လှည်းကူးမြို့နယ်၊ ရဲမွန်မြို့၊ နယ်မြေခံသင်တန်းကျောင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအရပ်သား ၂၇၄ ဦးတို့ကို အသီးသီးဆက်လက်လက်ခံကုသပေးလျက်ရှိပြီး အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။    
ထိုသို့လက်ခံကုသမှုများဆောင်ရွက်ပေးပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ သည့် မှော်ဘီမြို့နယ်၊ တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင် ကျောင်းမှ အတည်ပြုလူနာ သံဃာတော် ၆ ပါး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ အတည်ပြုလူနာ အရပ်သား ၁၈ ဦးတို့ကို ယနေ့တွင် သက်ဆိုင်ရာရပ်ကွက်များသို့ တပ်မတော်နှင့် တာဝန် ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးကြသည်။    
ထို့ပြင် သီးသန့်စောင့်ကြည့်ရမည့်သူများကိုလည်း လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ ၆၈၈ ဦး၊ ရွှေညောင်မြို့ တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည်သူ ၈၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၃၁ ဦးတို့ကို အသီးသီးလက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ သီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။    
အလားတူ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နန်းဦးကျောင်းတိုက်ရှိ COVID-19 ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သော သံဃာတော် ၁၀ ပါးနှင့် ရှင်သာမဏေ ၃ ပါး တို့က ရောဂါပိုးကူးစက်ခြင်း ရှိ/မရှိ စစ်ဆေးပေးရန် ဆက်သွယ်လာသဖြင့် ယနေ့နေ့လယ်ပိုင်း တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့က အဆိုပါကျောင်းတိုက်သို့ သွားရောက်၍ သံဃာတော်များနှင့် ရှင်သာမဏေများ၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် တို့ကိုရယူပြီး လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ရန် မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ်တွင် ကြိုတင်ပြင်ဆင်ထားသည့် ကုတင်-၂၀၀ ဆံ့ တပ်မတော် COVID-19 လူနာများ ကုသရေးဌာန(မန္တလေး)သို့ တပ်မတော်မော်တော်ယာဉ်များဖြင့် ပင့်ဆောင်ကာ စတင်လက်ခံ ကုသဆောင်ရွက်ပေးလျက်ရှိသည်။    
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် စောင့်ကြည့်သူများ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။