(၄၃)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(၄၃)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော်၊  နိုဝင်ဘာလ ၉ ရက်

(၄၃)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (43rd ASEAN SENIOR OFFICIALS MEETING ON DRUG MATTERS)ကို အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့ထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့(၇)ဦး တက်ရောက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သော မလေးရှားနိုင်ငံ အခြေစိုက် ဩစတြေးလျနိုင်ငံသံရုံး၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ရုရှားနိုင်ငံ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံးကိုယ်စားလှယ်များမှ လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ Online စနစ်ဖြင့်လည်းကောင်း၊ ကိုယ်စားလှယ်ပေါင်း (၁၀၄) ဦး အသီးသီး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မလေးရှားနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ Secretary General YBhg. Dato’ Sri Wan Ahmad Dahln bin Haji Abdul Aziz နှင့် မလေးရှားနိုင်ငံ၊ အမျိုးသား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့(NADA) ညွှန်ကြားရေးမှူးချုပ် Mr. Sutekno AhMad Belon တို့မှ အမှာစကားပြောကြား၍ စတင်ဖွင့်လှစ်ခဲ့ပြီး အာဆီယံဒေသအတွင်း မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးနှင့်ပတ်သက်၍ တားဆီးနှိမ်နင်းရေး လုပ်ငန်း၊ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာ ပေးရေးလုပ်ငန်း၊ ဆေးကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို အပြန်အလှန် ဆွေးနွေးခဲ့သည်။

အာဆီယံကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များမှ သက်ဆိုင်ရာ နိုင်ငံများအလိုက် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို တင်ပြဆွေးနွေးကြသည်။ မြန်မာနိုင်ငံအနေဖြင့် INCB ၊ UNODC ရန်ကုန်မြို့အခြေစိုက် UNODC ၊ AFP ၊ DEA ၊ NNCC ၊ ONCB တို့နှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်မှု များကြောင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်စွာ ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများ အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ (၇)ကြိမ်မြောက် အာဆီယံ-တရုတ်ဆွေးနွေး ညှိနှိုင်းခြင်း အစည်းအဝေးတွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်မှ တရုတ်နိုင်ငံနှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး (၄၄)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ပြီး မြန်မာကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။