ဆားလင်းကြီးမြို့နယ်၊ လက်ပန်တောင်းကျေးရွာ ရှေးဟောင်းသမိုင်းဝင်ကျွန်းဆင်မင်းနှင့် ရွှေစည်းခုံစေတီတော်(၁၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယအလှူတော်မင်္ဂလာပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၁
    
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်တောင်းကျေးရွာရှေးဟောင်း သမိုင်းဝင် ကျွန်းဆင်မင်းနှင့်ရွှေစည်းခုံစေတီတော် (၁၈)ကြိမ် မြောက်ဗုဒ္ဓပူဇနိယအလှူတော် မင်္ဂလာနှင့်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော် ဓမ္မာရုံ၌ပြုလုပ်ရာ သာယာကုန်းကျေးရွာ၊ ဓမ္မရောင်ခြည် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာယက အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဓမ္မရောင်ခြည်ကျောင်းတိုက်ဆရာ တော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက်  တိုင်းမှူးက အဂ္ဂမဟာသီရိ သုဓမ္မမဏိဇောတဓရ(လူမှုထူးချွန်) ဒေါက်တာ သာရင်မြတ် မိသားစုမှလှူဒါန်းသည့် သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းသည်။
    
ယင်းနောက် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် လက်ပန်တောင်းဆရာတော်နှင့် အလှူရှင်များက လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁၀၀ ကို မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်၊ မဟာသုန္ဒရာရာမ ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက မဟာဂန္ထဝါစကပဏ္ဍိတ သာသနဓဇဓမ္မစရိယ မဟာဂန္ဓာရာမိကဓမ္မာစရိယ ဇေယျာလူမှုထူးချွန်ပထမအဆင့် လက်ပန် တောင်းဆရာတော် ဘဒ္ဒန္တအာဝုဓ က  ပေးအပ်လှူဒါန်းရာ တိုင်းမှူးကလက်ခံရယူသည်။ ဆက်လက်၍ တိုင်းမှူးက လက်ပန်တောင်း ကျေးလက်ကျန်းမာရေးဌာနအတွက် Personal Protective Equipment (PPE) ဝတ်စုံ ၂၀ စုံနှင့် Face Mask၂၀ ဘူးတို့ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
    
၎င်းနောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက လက်ပန်တောင်းဆရာတော် ထံမှ ရေစက်ချအနုမောဒနာတရားနာယူကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း သည်။
    
ထို့ပြင် လက်ပန်တောင်းကျေးရွာရှိ အသက် ၇၀ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား ၇၀ ဦးကို တစ်ဦးလျှင် ၂၀၀၀၀ ကျပ်စီနှင့် ကျေးရွာနေပြည်သူများ အတွက် ဆန်၊ ဆီ၊ ဆားနှင့် ကြက်ဥတို့ကို လက်ပန်တောင်းဆရာတော်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ပေးအပ်လှူဒါန်း ရာ အဘိုးတစ်ဦးနှင့်ကျေးရွာ တာဝန်ရှိသူတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။