ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၁
    
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များ အလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။
    
ထိုသို့ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နှင့် မဘိမ်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ပြည်သူ့ဆေးရုံနှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီး၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ကုန်းမြင့်တိုက်နယ်ပြည်သူ့ ဆေးရုံ၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ပြည်သူ့ ဆေးရုံ၊  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့် မိတ္ထီလာမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများနှင့် မကွေးတိုင်းဒေသကြီး၊ မကွေးပြည်သူ့ဆေးရုံကြီးသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ တပ်မတော်စက်ရုံအသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။