အီတလီစီးရီးအေပြိုင်ပွဲ ပွဲစဉ် (၁၅) တွင် အူဒီးနိစ်အသင်းကို အနိုင်ရရှိပြီးနောက် နာပိုလီအသင်း ရှုံးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့
အီတလီစီးရီးအေပြိုင်ပွဲ ပွဲစဉ် (၁၅) အဖြစ် ကစားသည့်ပွဲစဉ်တွင် နာပိုလီအသင်းက အိမ်ကွင်း၌ အူဒီးနိစ် အသင်းကို ၃ ဂိုး- ၂ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး အမှတ်ပေး ဇယားထိပ်ဆုံးမှ ဦးဆောင်လျက်ရှိကြောင်း သိရသည်။
နာပိုလီအသင်းသည် ယခုဘောလုံးရာသီတွင် နည်းပြစပယ်လက်တီ၏ဦးဆောင်မှုနှင့်အတူ ပုံစံ ကောင်းများ ပြသလျက်ရှိကာ အီတလီစီးရီးအေပြိုင်ပွဲ၌ ၁၅ ပွဲကစားပြီးချိန်တွင် လက်ချီအသင်းနှင့်ပွဲစဉ်၌ တစ်ဂိုးစီ သရေရလဒ်၊ ဖီအိုရင်တီးနားအသင်းနှင့် ကစားသည့်ပွဲစဉ်၌ ဂိုးမရှိသရေရလဒ် အဆိုပါနှစ်ပွဲ သာ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး ကျန်ပွဲစဉ် ၁၃ ပွဲကို အနိုင်ရရှိအောင် ကစားနိုင်ခဲ့သည်။
နာပိုလီအသင်းသည် စီးရီးအေပြိုင်ပွဲတွင် ၁၅ ပွဲ ကစားခဲ့ရာ သွင်းဂိုး ၃၇ ဂိုးသွင်းယူနိုင်ပြီး ဥရောပ ထိပ်တန်းလိဂ် ငါးခုတွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ပီအက်စ်ဂျီအသင်းတို့ပြီးလျှင် တိုက်စစ်အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေကာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် လည်း အုပ်စုခြောက်ပွဲကစားခဲ့ရာ လီဗာပူးအသင်း ကိုသာရှုံးနိမ့်ပြီး ကျန်ပွဲစဉ်အားလုံးကို အနိုင်ရရှိထားသည်။
နာပိုလီအသင်းသည် ပွဲစဉ် (၁၅) အပြီးတွင် ရမှတ် ၄၁ မှတ်ဖြင့် ထိပ်ဆုံးမှရပ်တည်နေကာ အမှတ်ပေး ဇယား အဆင့် (၂) နေရာမှ လာဇီယိုအသင်းကို ၁၁ မှတ်အထိ ဖြတ်တောက်ထားနိုင်ကြောင်း သိရသည်။
Ref;Footballitalia