ဘေးကင်းရန်ကင်းအန္တရာယ်ကင်းကြပါစေ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်)

ဘေးကင်းရန်ကင်းအန္တရာယ်ကင်းကြပါစေ

နိုင်ငံအချို့တွင် အန္တရာယ်အမျိုးမျိုးနှင့် မတော်တဆမှုဘေးတို့ ရင်ဆိုင်ကြုံတွေ့နေရသည်မှာ လူသားချင်းစာနာထောက်ထားမှုအရ လွန်စွာစိတ်မကောင်းဖွယ်ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသို့ အင်အားပြင်းနာဂျေး မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် အောက်တိုဘာ ၃၁ ရက်အထိ သေဆုံးသူ ၁၀၁ ဦးအထိရှိသည်။ သေဆုံးသူများကို ကယ်ဆယ်ရေးသမားများက မြေပြိုမှုကြောင့်ဖြစ်ပွားနေသော ပေါင်ရင်းအထိမြုပ်သည့် ရွှံ့ညွန်များကြားတွင် သစ်သားချောင်းများကို အသုံးပြုကာ ရုပ်အလောင်းများကို ဆက်လက်ရှာဖွေလျက် ရှိသည်။ နာဂျေးမုန်တိုင်းသည် အောက်တိုဘာ ၂၈ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ဝင်ရောက်တိုက်ခတ် ခြင်းဖြစ်ပြီး နိုင်ငံတောင်ပိုင်း အင်ဒါနာအိုကျွန်းစုရှိ ကျေးရွာအများအပြားပျက်စီးကာ ရုတ်တရက်ရေကြီး မှုများနှင့်မြေပြိုမှုများကြောင့် သေဆုံးသူများပြားရခြင်း ဖြစ်ကြောင်းသိရှိရသည်။ အဆိုပါမုန်တိုင်းကြောင့် လက်ရှိအချိန်ထိ လူ ၆၆ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် အများအပြား ဒဏ်ရာရရှိထားကြောင်း အမျိုးသားသဘာဝ ဘေးအန္တရာယ်ဌာနက ထုတ်ပြန်ထားသည်။

သဘာဝဘေးအန္တရာယ်ကဲ့သို့ပင် မတော်တဆမှုအန္တရာယ်သည်လည်း လူသားတို့အတွက် ဝမ်းနည်းဖွယ် အဖြစ်ဆိုးကြုံရသည်။ အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရက်ပြည်နယ်ရှိ လူသွားကြိုးတံတားတစ်ခု ပျက်ကျမှုတွင် သေဆုံးသူဦးရေ ၁၃၂ ဦးအထိ မြင့်တက် လာပြီဖြစ်ကြောင်းသိရှိရသည်။ လက်ရှိတွင် တာဝန်ရှိသူများသည် လူပေါင်း ၁၇၇ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ အဆိုပါ ကြိုးတံတားသည် ဗြိတိသျှတို့၏ လက်ထက်က တည်ဆောက်ခဲ့သော တံတားဖြစ်ပြီး အောက်တိုဘာ ၃၀ ရက် ညနေပိုင်းက ပျက်ကျခဲ့ခြင်းဖြစ်သည်။

တံတားပျက်ကျချိန်တွင် တံတားပေါ်၌ လူ ၇၀၀ ကျော်ရှိနေခဲ့သည်။ တံတားပျက်ကျမှုကြောင့် လူရာပေါင်းများစွာမှာ ဂူဂျာရက် ပြည်နယ် မြို့တော်ဂန်ဒီနာဂါမြို့အနောက်ဘက် ၂၄၁ ကီလိုမီတာအကွာ မော်ဘီမြို့ရှိ မက်ချ်ဟူးမြစ်အတွင်းသို့ ထိုးကျသွားခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်တွင် သေဆုံးသူအရေအတွက်မှာ နိုဝင်ဘာ ၁ ရက်အထိ ၁၃၂ ဦးရှိလာပြီဖြစ်ကြောင်း ဒေသတွင်းအစိုးရအဖွဲ့မှ ဝန်ကြီး တစ်ဦးက ပြောကြားကြောင်း သိရှိရသည်။

တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်၌ကျင်းပသည့် Halloween ပွဲတော်၌လူအုပ်ပြိုကျမှုဖြစ်ပွား၊ ၁၅၃ ဦးသေဆုံး ဟူသော သတင်း တစ်ပုဒ်ကို အောက်တိုဘာ ၃၁ ရက်သတင်းစာများတွင် ဖော်ပြပါရှိသည်။ တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်ရှိ အီတာဝန် ခရိုင်၌ အောက်တိုဘာ ၂၉ ရက်ညက လူအုပ်ပြိုကျမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၅၃ ဦးသေဆုံးပြီး ၁၃၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ လူငယ်အများအပြားသည်  Halloween  ပွဲတော်ဆင်နွှဲရန် သွားရောက်လျက်ရှိစဉ် အဆိုပါ လူအုပ်ပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူအများစုမှာ ဆယ်ကျော်သက်နှင့်အသက် ၂၀ အရွယ်များဖြစ်ကြောင်းသိရှိရသည်။

တောင်ကိုရီးယားအစိုးရက ကိုဗစ်-၁၉ ရောဂါကန့်သတ်ချက်များကို ဖြေလျှော့ပေးပြီးနောက် သုံးနှစ် အတွင်း ဆိုးလ်မြို့၌ ပထမဆုံးအများပြည်သူပါဝင်ဆင်နွှဲသည့် Halloween  ပွဲတော်ဖြစ်သည်။သေဆုံးသူ များတွင် နိုင်ငံခြားသား ၁၉ ဦးပါဝင်ကြောင်း သိရသည်။ အဆိုပါ လူအုပ်ပြိုကျမှုဖြစ်စဉ်သည် ကြောက်စရာကောင်းသော ဖြစ်ရပ်ဆိုးဖြစ်ကြောင်းနှင့် လက်ရှိအချိန်မှ စပြီးအခင်း ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်သည်အထိ နိုင်ငံတော်အစိုးရက ဝမ်းနည်းဖွယ်ကာလအဖြစ် သတ်မှတ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတက ၎င်း၏မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

အောက်တိုဘာ ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံတွင်ဖြစ်ပွားခဲ့သော လူပေါင်း ၁၃၁ ဦးအထိ သေဆုံး မှုသည်လည်း ဝမ်းနည်းဖွယ် ကောင်းသည့် ဖြစ်ရပ်ဟု ဆိုနိုင်သည်။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၌ ပြီးခဲ့သည့် သီတင်းပတ်က ဘောလုံးပြိုင်ပွဲတွင် ကွင်းအတွင်း ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့သည်။ ထိုဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်း ၁၃၁ ဦးရှိခဲ့ကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က အတည်ပြုပြောခဲ့သည်။ ကမ္ဘာ့အဆိုးရွားဆုံး ကွင်းအတွင်းရုန်းရင်းဆန်ခတ်မှုတစ်ခုဖြစ်ကြောင်း၊ အင်ဒိုနီးရှားလိဂ်ပြိုင်ပွဲတစ်ခု၌အရီမာ မာလန်းအသင်းက ပါဆီဘာရာဆာရာဘာရာအသင်းကို ရှုံးနိမ့်ပြီးနောက် မာလန်းမြို့ရှိ ကန်ဂျာရူဟန်ကွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်းသိရှိရသည်။

အသက်ကိုဉာဏ်စောင့်ဆိုသည့်စကား၊ သတိဆိုသည် ပိုသည်မရှိဆိုသည့်စကားတို့အတိုင်း အရာရာတွင်ဉာဏ်နှင့်ယှဉ်ကာ သွားလာ နေထိုင်ကြရမည်ဖြစ်သည်။ ဤသည်မှာ မြန်မာနိုင်ငံပြည်သူများအတွက် သတိပြုဆင်ခြင်ဖွယ်ကောင်းလှသော ဖြစ်ရပ်များကို ကောက်နုတ် တင်ပြခြင်းဖြစ်သည်။ လူသားတိုင်းတွင် လောဘ၊ ဒေါသ၊ မောဟများ ကိုယ်စီထိန်းသိမ်းကြမည်ဆိုပါက ကြီးမားသော ရန်ပွဲများဖြစ်ပေါ်လိမ့်မည်မဟုတ်ပေ။ ကိုယ်ချင်းစာတရား၊ ယဉ်ကျေးသိမ်မွေ့မှုစိတ်ထားတို့နှင့်အညီ ကျင့်ကြံနေထိုင်ကြရမည် ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် လူသားအပေါင်း ဘေးကင်းရန်ကင်း အန္တရာယ်ကင်းစေရေးမှာ လူသားတို့ကိုယ်တိုင် သတိပြုနေထိုင် ရမည်သာဖြစ်ပါကြောင်း။    ။