မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်- ၁၀၀၀)၌ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၁

Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေ သည့်ကာလအတွင်း ပြည်သူ့ဆေးရုံများရှိ သွေးလှူဘဏ်များ၌ သွေးမျိုးစုံလိုအပ်လျက်ရှိကြောင်း သိရှိရသဖြင့် သံဃာတော်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက စုပေါင်းသွေးလှူဒါန်း ပေးလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ အမျိုးသားသွေးဌာနအတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မင်္ဂလာဒုံတပ်နယ်မှ အရာရှိ၊ စစ်သည် ၄၄ ဦးတို့က မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး(ခုတင်- ၁၀၀၀)ရှိ ရုပ်ရှင်ရုံခန်းမ၌ စုပေါင်းသွေးလှူဒါန်းကြသည်။

သွေးလှူဒါန်းနေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။

အဆိုပါ သွေးလှူဒါန်းမှုနှင့် ပတ်သက်၍ ဝမ်းသာပီတိစကားသံများကို ယခုလို ကြားသိခဲ့ရပါသည်-

“ရည်ရွယ်ချက်ကတော့ အခုဒီ COVID-19 ရောဂါကပ်ဆိုးကျရောက်နေတဲ့ ကာလမှာ ဆေးရုံတွေမှာလိုအပ်တဲ့ သွေးလုံလောက်မှု ရှိစေရန်အတွက် ကျွန်တော်တို့က စုပေါင်းသွေးလှူဒါန်းခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် ရန်ကုန်တပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုတွေ အနေနဲ့ ခုလိုမျိုးသွေးလှူဒါန်းတာဟာဆိုရင် ကိုးကြိမ်မြောက်ဖြစ်ပါတယ်။

လက်ရှိ COVID-19 ကျရောက်နေတဲ့ကာလမှာ ဆေးရုံတွေမှာလိုအပ်နေတဲ့ သွေးလုံလုံလောက်လောက် ရရှိစေရေးနဲ့ သွေးလိုနေတဲ့ လူနာတွေကို အချိန်မီသွေးသွင်းကုသနိုင်ရေးအတွက် လှူဒါန်းရခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့က အတိုင်းမသိဝမ်းသာပါတယ်။ ဘာလို့လဲဆိုတော့ သွေးကအသက်၊ အသက်ကသွေးဖြစ်တဲ့အတွက် ကျွန်တော်တို့ တပ်မတော်သားတွေအနေနဲ့ အရာရှိ၊ စစ်သည်၊ မိသားစုများအနေနဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲကသွေးကို တကယ်လိုအပ်တဲ့ လူနာတွေဆီ လှူဒါန်းခွင့်ရတဲ့အတွက် အတိုင်းအဆမရှိဝမ်းသာပါတယ်၊ ဂုဏ်လည်း ဂုဏ်ယူပါတယ်”ဟု ဗိုလ်ကြီးဝင်းမြင့်အောင်က ပြောသည်။

“အဓိကကတော့ ဆရာမတို့ တစ်ယောက်ချင်း လာထောက်ပံ့တဲ့ အချိန်မှာသိပ်ပြီးတော့ မလုံလောက်နိုင်တော့ဘူး ဆိုတဲ့အခြေအနေ ကျရင်တော့ စုစည်းပြီးသား အင်အားရှိထားတဲ့ တပ်မတော်ကို ဆရာမတို့ အမြဲတမ်းအကူအညီ တောင်းခဲ့ရတယ်။ အခုလှူတာ ကိုးကြိမ် မြောက်ရှိပါပြီ။ နှစ်နဲ့ကြည့်ရင်တော့ လေးနှစ်လောက်ရှိပါပြီ။ လှူဒါန်းနေတဲ့ သူများရဲ့ လှူဒါန်းမှုကိုကြည့်ပြီးတော့   သူများတွေ မုဒိတာပွားနိုင်အောင်၊ သူများတွေ ကြည်နူးနိုင်အောင် ပြီးရင်တကယ် လှူဒါန်းသွားတဲ့ ဒီသွေးလှူရှင်တွေအနေနဲ့လည်း သူတို့ရဲ့ ကိုယ်ထဲကသွေးကို ထောက်ပံ့ခဲ့တယ်။ ပြီးရင်သူတို့ရဲ့ တာဝန်ယူပေးထားပြီးတော့ ခွင့်ပြုပေးထားတဲ့ ဦးဆောင်လုပ်ပေးတဲ့ လူတွေရဲ့ ဦးဆောင်ပေးတဲ့ စေတနာတွေကိုလည်း အကုန်လုံးပေါင်းတဲ့ စေတနာတွေ၊ ဝီရိယတွေရဲ့ အကျိုးတွေကြောင့် ဆရာမတို့ပြည်သူတွေ ဒီကပ်ရောဂါကြီးက နေပြီးတော့ ကျန်းကျန်း မာမာပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း နဲ့   ကျော်လွှားနိုင်ပါစေလို့  ဆုတောင်းပါတယ်”ဟု ဒေါက်တာသီတာအောင်(ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားသွေးဌာန) က ပြောသည်။