စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၁
    
နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း သွားလာမှုများကန့်သတ်ချက်များကြောင့်  စားရေးအခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် COVID-19  ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်း ဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများနှင့် ရဲတပ်ဖွဲ့မှူးရုံးတို့၌ ပေးအပ်လျက်ရှိသည်။
    
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊  ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ရှိ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တပ်နယ်အသီးသီးမှ တာဝန်ရှိသူများ က ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို အသီးသီးသွားရောက်ပေးအပ်ကြပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
    
အလားတူ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင် စုစုပေါင်း ၂၈၅ ဦးတို့အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းဖြစ်သည့် Sergical Mask ၁၀၀၀၀ ခု၊ Hand Gel ၂၀ ဘူးတို့ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များက အေးချမ်းဖြိုးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။