မြိုင်ဆိုင်ဆင်နွှဲ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ

မြိုင်ဆိုင်ဆင်နွှဲ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ

    နေပြည်တော်ရှိ ဇေယျာသီရိ အားကစားကွင်းကြီးအတွင်း အရောင်အသွေးစုံ  တိုင်းတပ်မ အလံမျိုးစုံက ဆောင်းဦးလေနှင့်အတူ  တဖျပ်ဖျပ်ယိမ်းနွဲ့ လှုပ်ခတ်လျက်ရှိ၏။ ကိုဗစ်-၁၉  ရောဂါကြောင့် ရပ်နားထားခဲ့ရသည့်  ပြိုင်ပွဲကြီးမှာ ယခုနှစ်တွင် ပြန်လည် ကျင်းပတော့မည်ဖြစ်သဖြင့် အားကစား ဝါသနာရှင်များနှင့်    မိသားစုဝင်များကလည်း အားပါးတရ အားပေးရန် တပ်ရင်း အသီးသီးမှ ရောက်ရှိနေကြပြီဖြစ်၏။   တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများမှ တစ်ဆင့်  မြန်မာ့လက်ရွေးစင် အားကစားသမားအဖြစ် ရောက်ရှိပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်ပေါ်စေရန်အပြင်  အခြားသော ရည်ရွယ်ချက်များစွာဖြင့် ကျင်းပသော တပ်မတော်(ကြည်း၊ရေ၊လေ)  အားကစားပြိုင်ပွဲကြီးသည်ကား တပ်မတော်အတွက်သာမက တိုင်းပြည်အတွက်ပါ အကျိုးရလဒ်ကောင်းများ ရရှိစေသော ပွဲကြီးတစ်ခုပင်ဖြစ်ပေသည်။

    ယခုနှစ် တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲတွင် အားကစားနည်း ၁၀ မျိုးဖြင့် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရပါသည်။ ဘောလုံး၊ ပြေးခုန်ပစ်(ကျား/မ)၊   ဂျူဒို(ကျား/မ)၊  တိုက်ကွမ်ဒို၊  ဘော်လီဘော (ကျား/မ)၊ မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်း၊ ကရာတေးဒို၊ လက်ဝှေ့၊ သေနတ်ပစ် (ကျား၊မ) စသည့် အားကစားနည်းများဖြစ်၏။ တစ်ချိန်တစ်ခါက  ကျွန်းဆွယ်ပြိုင်ပွဲများနှင့် အာရှအိုလံပစ်ပြိုင်ပွဲများတွင်  တပ်မတော်ဂုဏ်နှင့်မြန်မာ့ ဂုဏ်ဆောင်ခဲ့ကြသော  အားကစားသမားများ ပေါ်ထွက်ခဲ့သည်ကို  သမိုင်းမှတ်တမ်းများအရ သိခဲ့ရပါသည်။ စာရေးသူတို့ ခေတ်တိုင် ကြားသိနေရသော ရေကူး တင်မောင်နီ၊ တာဝေးအပြေးဘုရင်ဟု တင်စားခံရသည့် ရှင်မွေဂန်း၊ လက်ဝှေ့သမားများဖြစ်ကြသည့် တင်ထွန်းနှင့်သိန်းမြင့်၊ ဘုရားပေးသော ခြေထောက်ပိုင်ရှင်ဟူ၍ တင်စားခံခဲ့ရသည့် ဗဟာဒူး၊ ဂိုး တင်အောင် အစရှိသူတို့သည် တစ်ခေတ်တွင်တစ်ခါ ပေါ်ခဲလှစွာ ထွက်ပေါ်ခဲ့သည့် တပ်မတော်ဂုဏ်ဆောင် မြန်မာ့အားကစားသမားများပင်ဖြစ်၏။

    အားကစားနည်းများကို လေ့လာကြည့်မည်ဆိုပါက နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို  အသက်ပေး တာဝန်ထမ်းဆောင်နေကြရသည့် တပ်မတော်သားများ အတွက် စစ်မြေပြင်   အထောက်အကူပြုစေမည့် ကစားနည်းများဖြစ်သည်ကို   တွေ့ရှိရပါသည်။

    ဘောလုံးအားကစားနည်း ရည်ရွယ်ချက်များထဲမှ ကောက်နုတ်တင်ပြရပါက  “တပ်မတော်သားများ ဘောလုံးအားကစားကို ကျယ်ပြန့်စွာကစားခြင်းဖြင့် စစ်မြေပြင် ကြံ့ခိုင်မှုကို အထောက်အကူပြုစေရန်”၊ “တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရွေးစင်များအဖြစ်  အဆင့်မြင့်တန်း ဘောလုံးပြိုင်ပွဲများတွင် ပါဝင်ကစားခွင့်ရရှိပြီး  စွမ်းရည် တိုးတက်လာသည်နှင့်အမျှ မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမားများအဖြစ်  နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများတွင် နိုင်ငံတော် ကိုယ်စားပြု ယှဉ်ပြိုင်နိုင်ကြစေရန်”ဟူသော ရည်ရွယ်ချက်များကို လေ့လာမှတ်သားခဲ့ရပါသည်။

    မြန်မာ့သိုင်းပညာရပ်သည်လည်း အဖိုးတန် သမိုင်းအမွေအနှစ် ပညာရပ် တစ်ခုပင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် နယ်ချဲ့တိုင်းတစ်ပါးများအား အမိမြေပေါ်မှ မောင်းထုတ်ခဲ့ရာတွင် မြန်မာ့ဓားစွမ်းကို ပိုင်ပိုင်နိုင်နိုင် အသုံးချလျက် တိုက်ပွဲဝင်ခဲ့သောကြောင့်ပင်ဖြစ်ပါသည်။ ဇာတိသွေးဇာတိမာန် အပြည့်ဖြင့် ဖျတ်လတ်တက်ကြွစွာ ရဲရဲဝံ့ဝံ့ယှဉ်ပြိုင် တိုက်ခိုက်ရသော မြန်မာ့သိုင်းပညာရပ်မှာ မြင်ရသူတိုင်းအတွက် မျိုးချစ်စိတ်နှင့် တိုင်းပြည်ချစ်စိတ်များ တဖွားဖွား ခံစားစေမိသည်အထိ အစွမ်းထက်လှပါသည်။

    အားကစားပြိုင်ပွဲများတွင် တစ်ဦးချင်းပြိုင်ပွဲနှင့် အုပ်စုလိုက် ယှဉ်ပြိုင်ရသော   ပြိုင်ပွဲများပါဝင်ပြီး အချို့ပြိုင်ပွဲများတွင် အမျိုးသမီးများပါ ပါဝင်သည်ကို တွေ့ရှိရ၏။    နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာတွင်  တပ်မတော်သားများနည်းတူ  ပါရမီဖြည့်ဖက်များ၏ အခန်းကဏ္ဍကပါ အရေးကြီးသည့်အတွက်  ယခုကဲ့သို့ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ခြင်း ဖြစ်ပါသည်။  မည်သည့်နေရာတွင်မဆို  တစ်ဦး ကောင်းတစ်ယောက်ကောင်းဖြင့်  ဆောင်ရွက်၍ မရသောကြောင့် အသင်းအဖွဲ့စိတ်ဓာတ်ကို ဖြစ်ပေါ်စေမည့်    ယခုလို   အုပ်စုလိုက်ယှဉ်ပြိုင်ရသည့် အားကစားနည်းများကို ထည့်သွင်းယှဉ်ပြိုင်စေခြင်းပင် ဖြစ်ပါသည်။ လက်ဝှေ့၊ ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒို ပြိုင်ပွဲများသည် တစ်ဦးချင်း နည်းစနစ် ကျွမ်းကျင်မှု၊ ကိုယ်ကာယကြံ့ခိုင်မှုတို့အပေါ် မူတည်ပြီး ယှဉ်ပြိုင်ရသော်လည်း ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲများမှာမူ  အသင်းအဖွဲ့ဖြင့် ယှဉ်ပြိုင်ရသော ကစားနည်းများဖြစ်ကြ၏။ အားကစားနည်းတိုင်းသည် ကိုယ်ကာယကြံ့ခိုင် သန်မာမှုအပြင်   အချင်းချင်း ချစ်ခင်စည်းလုံးမှုကိုပါ ဖြစ်ပေါ်စေပါသည်။ အသင်းအဖွဲ့ စိတ်ဓာတ်ကိုလည်း    မွေးဖွားစေပါသည်။ အသင်းအဖွဲ့လိုက် ကစားရသည့်အခါတွင် တစ်ဦးကောင်း၍ မရတော့ဘဲ အားလုံးညီညွတ်ကြဖို့ လိုအပ်လာပါသည်။ ကိုယ်တာဝန်ယူရသည့် နေရာအလိုက် တာဝန်ကျေဖို့ဖြစ်လာပါသည်။ စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရမည်ဟူသော အသိတရား တစ်ခုကို အားကစားပွဲများမှ ပေးစွမ်းခဲ့ပါသည်။

    အားကစားကဏ္ဍအား   အပေါ်ယံကြည့်ရုံဖြင့် မလုံလောက်ပါချေ။   အားကစား၏ နောက်ကွယ်တွင် မမြင်နိုင်သော   စွမ်းအားများ ရှိနေပါသည်။ ယနေ့ကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားသော အရေးပေါင်းများစွာ ကဏ္ဍစုံတွင် သူ့ထက်ငါ အပြိုင်အဆိုင်ဖြစ်နေကြသည်။ ထိုအထဲတွင် အားကစားကဏ္ဍသည်လည်း    သိသိသာသာ နေရာယူလာခဲ့ပါသည်။ အားကစားအောင်မြင်မှု၏   အသီးအပွင့်များကို သိမြင်နားလည်လာကြသော နိုင်ငံ့ခေါင်းဆောင်များသည် မိမိတို့နိုင်ငံ၏ အားကစားကဏ္ဍ ဖွံ့ဖြိုးစေဖို့ ရေတိုရေရှည်စီမံချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြသည်။ အားကစားပုံရိပ် မြင့်တက်လာခြင်းသည် နိုင်ငံတော်အတွက် စီးပွားရေး အခွင့်အလမ်းကောင်းများ ဖန်တီးပေးနိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပေသည်။ အားကစားသည် ခေတ်သစ်ကမ္ဘာကြီးအား   တစ်နည်းတစ်ဖုံဖြင့်   လွှမ်းမိုးလာလျက် ရှိနေပါသည်။

    တပ်မတော်အနေဖြင့် တပ်မတော် အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့၊ တပ်မတော်အားကစားနှင့် ကာယပညာကော်မတီများ  ဖွဲ့စည်းထားရှိပြီး တပ်မတော်အားကစား အဆင့်အတန်း  တိုးတက် မြင့်မားလာအောင် စဉ်ဆက်မပြတ်ကြိုးပမ်း အကောင်အထည်ဖော်လျက် ရှိနေသည်ကို နှစ်စဉ် ကျင်းပလျက် ရှိသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများအပြင်  တိုင်းစစ်ဌာနချုပ်များ အလိုက် ယှဉ်ပြိုင်နေကြသည့် ပြိုင်ပွဲများက သက်သေထူလျက် ရှိပါသည်။ တပ်မတော်အတွင်း အားကစားဝါသနာပါသည့် ရွက်ပုန်းသီးဝါသနာရှင်များကို စနစ်တကျမြေတောင်မြှောက်ပြီး နိုင်ငံတော်အတွက် အားထားရသည့် အားကစားသမားကောင်းများ ဖြစ်စေရေး ပုံဖော်ပေးလျက်ရှိနေပါသည်။

    တစ်ချိန်တစ်ခါက နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများ ပေါ်ထွက်ခဲ့သကဲ့သို့ မျက်မှောက်ကာလတွင်လည်း ပေါ်ထွက်နေဆဲဖြစ်သည်ကို ကျင်းပပြီးစီးခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးများမှ တစ်ဆင့်   တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ အနီးစပ်ဆုံး ယှဉ်ပြိုင်ခဲ့သည့်  (၃၁)  ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် တပ်မတော်သားများနှင့် ယင်းတို့၏ ပါရမီဖြည့်ဖက်များက နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်များ ဆွတ်ခူးပေးနိုင်ခဲ့သည်မှာ ယနေ့ကျင်းပပြုလုပ်လျက်ရှိသည့် တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲကြီး၏ အသီးအပွင့်များ ပင်ဖြစ်ပါသည်။ ထိုကဲ့သို့ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် တပ်မတော်သားများကို နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြုမှုများ ပြုလုပ်ပေးသကဲ့သို့ တပ်မတော်အနေဖြင့်လည်း  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ဂုဏ်ပြုချီးမြှင့်မှုများ ပြုလုပ်ပေးခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။

    မြန်မာနိုင်ငံတွင် ၁၉၉၆ ခုနှစ်၌ အားကစားဝန်ကြီး ဌာနမှ မူဝါဒ(၃)ရပ် ချမှတ်ခဲ့ရာ (၁)-မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်၊ (၂)- တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အမျိုးသား အားကစားလှုပ်ရှားမှုကို တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး စိတ်ပါဝင်စားစွာဖြင့် လူထုအားကစား(Mass Sport)  ကို ပါဝင်လှုပ်ရှားကြရမည်၊ (၃)- နိုင်ငံတကာ အလယ်၌ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို အားကစားနည်းဖြင့် မြှင့်တင်နိုင်မည့် ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် (Excellent Sport) အားကစားသမားများ  လူရည်ချွန်များ မွေးထုတ်ပေးရမည်ဟု  မှတ်သားရသကဲ့သို့ အားကစားဆိုင်ရာ ခံယူချက်(၃) ရပ်မှ နံပါတ်တစ် အချက်အား “အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်ပါသည်” ဟု ဖော်ပြထားသည်ကို လေ့လာသိရှိရပါသည်။

    တပ်မတော်သည်   ထိုသို့နိုင်ငံတော်မှ ချမှတ်အကောင်အထည် ဖော်လျက်ရှိသည့် အားကစား အောင်မြင်မှုဆိုင်ရာ ရည်မှန်းချက်များ၊ ခံယူချက်များအား မိမိတို့တတ်စွမ်းသည့်ဘက်မှ ခေတ်အဆက်ဆက် ကြိုးပမ်း အကောင်အထည် ဖော်ပေးခဲ့ပါသည်။ ထူးချွန်သည့် အားကစားသမားများ ပေါ်ထွက်စေရေးအတွက် တပ်ရင်းတပ်ဖွဲ့များမှ အခြေခံကောင်းသည့် အားကစားသမားများနှင့် အားကစား ဝါသနာပါသူများကို လေ့ကျင့်ပျိုးထောင် ပေးလျက်ရှိပါသည်။ ကစားသမားများအတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံအဆောက် အဦများမှအစ  အဆင့်မီ  အားကစားကွင်းများ၊ လေ့ကျင့်ရေး အဆောက်အအုံများ ရရှိရေးဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ အားကစားသမားများ အာဟာရပြည့်ဝစွာ စားသောက်ရေး၊ နေထိုင်ရေးများ အပြင် နည်းပြကောင်းများ ရရှိစေရေးအတွက်ပါ အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိနေပါသည်။

    ထိုကဲ့သို့ ရေရှည်စီမံချက်များဖြင့်  ပျိုးထောင် လေ့ကျင့်ပေးခဲ့ခြင်း  အကျိုးကျေးဇူးများကြောင့် မြန်မာ့တပ်မတော် အားကစားသမားများသည် ဒေသတွင်း အားကစားပြိုင်ပွဲများတွင်သာမက  ကမ္ဘာ့အဆင့် စစ်ရေးစွမ်းရည်ပြိုင်ပွဲများတွင်လည်း နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်များစွာကို  ရယူပေးနိုင်ခဲ့ကြသည်ကို ဝမ်းမြောက် ဂုဏ်ယူဖွယ်တွေ့မြင်ခဲ့ရပါသည်။ ဝင်ရောက်ယှဉ်ပြိုင်သမျှ ပြိုင်ပွဲတိုင်းတွင် တပ်မတော်သားကောင်းပီပီ မဆုတ်မနစ်သော ဇွဲလုံ့လဝီရိယတို့ဖြင့် ယှဉ်ပြိုင်ခဲ့ကြလေသည်။  ထိုသို့ယှဉ်ပြိုင်သည့် အားကစားသမားများကို မြင်တွေ့ရခြင်းမှ တစ်ဆင့် ယင်းတို့၏ သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာများကို အခြားသောနိုင်ငံများက မှတ်တမ်း တင်သွားတတ်ကြပါသည်။ မျက်မှောက်ကာလတွင် အားကစားပွဲများကိုဗဟိုပြုလျက် နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားရေး ကိုယ်ခံစွမ်းအားများ မည်မျှတောင့်တင်း ခိုင်မာကြောင်းကို သုံးသပ်လျက် ရှိနေကြပါသည်။

    မည်သို့ပင်ဆိုစေကာမူ သစ္စာလေးချက် ဦးထိပ်ရွက်ထားပြီး အစဉ်အလာ(၁၂)ရပ်အတိုင်း ပြုမူကျင့်ကြံနေထိုင်ကြသော တပ်မတော်သားများပီပီ ယနေ့ယှဉ်ပြိုင်ကြတော့မည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲကြီးတွင် မိမိတို့ယှဉ်ပြိုင်ကြမည့် အားကစားကဏ္ဍများ အလိုက် ရေကုန်ရေခန်း ယှဉ်ပြိုင်ကြပြီး တပ်မတော်လက်ရွေးစင်များမှ တစ်ဆင့် နိုင်ငံ့လက်ရွေးစင်များဖြစ်အောင်  ကြိုးစားသွားကြမည်မှာ   မြေကြီးလက်ခတ် မလွဲပင်ဖြစ်ပါကြောင်း တင်ပြရင်း ၂၀၂၂ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲကြီးအား  ဂုဏ်ပြုကြိုဆို လိုက်ရပါသည်။   ။

နွေကံ့ကော်(မြို့လှ)