စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်နှင့် ရွှေဘိုမြို့တို့ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော်၊ နိုဝင်ဘာ - ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်နှင့် အဖွဲ့ဝင်များက မှော်တော်ကျေးရွာ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများ အသီးသီး ပြောကြားကြသည်။ ထို့နောက် ဝန်ကြီးချုပ် က ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ကန့်ဘလူခရိုင် အတွင်းရှိ ကျေးရွာ (၁၅)ရွာအတွက် နေကြာသီးနှံမျိုးစေ့ဖိုးငွေကျပ် ၇၅ သိန်းနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ တိုင်းမှူးက မှော်တော်ကျေးရွာ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအတွက် ဆန်(၃၀)အိတ်၊ ဆီ(၅၀)ပိဿာနှင့် စားသောက် ဖွယ်ရာများကို လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ရာ မှော်တော်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် မှော်တော် ကျေးရွာ ဘုန်းတော်ကြီး ကျောင်းအတွက် အလှူငွေကျပ် ၁၀ သိန်းနှင့် လှူဖွယ်ပစ္စည်း များကို လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ကန့်ဘလူ မြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ကန့်ဘလူမြို့ရှိ ရွှေဆည်မြိုင် အစည်းအဝေး ခန်းမ၌ တွေ့ဆုံ၍ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ(၄၃)ရွာအတွက် နေကြာသီးနှံမျိုးစေ့ဖိုးငွေ ၂၁၅ သိန်း၊ ယူနီဖောင်းများ၊ ဆန် ၅၀ အိတ်၊ ဆီ ၃၀ ဗူး၊ ဆား ၅၀ အိတ်၊ ပဲ ၅၀ အိတ်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် နေ့လယ်ပိုင်းတွင် ရွှေဘိုမြို့ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ရွှေဘိုမြို့ တပ်နယ် ခန်းမ၌ သွားရောက်တွေ့ဆုံ၍ ရွှေဘိုမြို့အတွင်းရှိ ကျေးရွာ ၁၆ ရွာအတွက် နေကြာ သီးနှံမျိုးစေ့ဖိုးငွေကျပ်သိန်း ၈၀ ၊ ယူနီဖောင်းများ၊ ဆန် ၂၀ အိတ်၊ ဆီ ၁၀ ပုံး၊ ကြက်ဉ ၁၂၀၀ လုံး၊ ခေါက်ဆွဲခြောက် ၁၅ ဖာနှင့်စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။