နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၁/ ၂၀၂၂) သို့တက်ရောက်အမှာစကားပြောကြား
နေပြည်တော် နိုဝင်ဘာ ၁၅
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၂) ကို ယနေ့မွန်းလွဲ ၁ နာရီခွဲ တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဌ၊ ဒုတိယ ဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များ နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် အသင်းအဖွဲ့များမှတာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့အချိန်အခါ တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖွံဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများပါစီးပွားရေး အရ၊ လူမှုရေးအရ တိုက်ရိုက်အကျိုးသက်ရောက်မှု ကိုခံစားခဲ့ရကြောင်း၊ အထူးသဖြင့် ကမ္ဘာ့စီးပွားရေးသည် အဆိုးရွားဆုံးအခြေအနေသို့ ကျရောက်ခဲ့သကဲ့သို့ တစ်ဦးချင်း ဝင်ငွေများလည်း ကျဆင်းသွားခဲ့ကြောင်း၊ လူသန်းပေါင်းများစွာသည် အလွန်ဆင်းရဲ သည့် အခြေအနေသို့ ကျရောက်ခဲ့ရကြောင်း၊ အဆိုးရွားဆုံးထိခိုက်ခဲ့သည်မှာ ကမ္ဘာ့ ကုန်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ လူသုံးကုန်ပစ္စည်း တင်ပို့မှုနှင့် ပြင်ပဘဏ္ဍာငွေ ကိစ္စရပ်များ ထိခိုက်နစ်နာအကြီးမားဆုံးဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် ကဏ္ဍအသီးသီးရှိ လုပ်ငန်းများရပ်နားရခြင်း၊ အနည်းဆုံးနှင့်အကျဉ်းဆုံး လုပ်ငန်းပြန်စ နေရခြင်းစသည့် အကန့်အသတ်များကြောင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုကို လည်း ထိခိုက်ခဲ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် အခြားနိုင်ငံများနှင့်အတူ ခံစားခဲ့ရကြောင်း၊ အထူးသဖြင့် ငွေကြေး အရင်းအနှီးအားနည်းသည့် MSME လုပ်ငန်းများ ပိုမိုထိခိုက်ခံစားခဲ့ရပြီး ယခုအချိန်တွင် နိုင်ငံတော်က ကိုဗစ် ၁၉ ကြောင့်ထိခိုက်ခဲ့ရသည့် လုပ်ငန်းများကို ကဏ္ဍအလိုက် ချေးငွေများထုတ်ချေးထားပြီး ချေးငွေကာလကိုလည်း သက်တမ်းထပ်မံတိုးမြှင့် ပေး ထားကြောင်း၊ နိုင်ငံ့စီးပွားရေး လုပ်ငန်းအားလုံး၏ ၉၉ ရာခိုင်နှုန်းသည် MSME လုပ်ငန်းများဖြစ်ပြီး နိုင်ငံ့စီးပွားရေးအတွက် အဓိက မောင်းနှင်အားလည်းဖြစ်ကြောင်း။
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ SME Member Card ထုတ်ပေးထားသည့်လုပ်ငန်းပေါင်း ၄၀၉၂၉ ခုရှိပြီး ပုဂ္ဂလိကစက်မှု လုပ်ငန်းဥပဒေအရ မှတ်ပုံတင်ထားသည့် လုပ်ငန်းများအနက် အသေးစားနှင့် အလတ် စားလုပ်ငန်း သတ်မှတ်ချက်ဖြင့် ကိုက်ညီသောလုပ်ငန်းများသည်လည်း ၄၅၀၀၀ ကျော် ရှိကြောင်း၊ ထို့ပြင်အခြားဝန်ကြီးဌာန ၁၃ ခုရှိ ဦးစီးဌာနများ၌ မှတ်ပုံတင်ထားသည့် လုပ်ငန်း ၂၅၃၀၀၀ ကျော် ရှိသည်ကို စာရင်းများအရသိရကြောင်း၊ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် MSME များ၏အခန်းကဏ္ဍသည် များစွာ အရေးကြီးကြောင်း၊ မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများဆက်လက်ရှင်သန်နေရန်နှင့် လုပ်ငန်းများ လည်ပတ် နေရန် အထူးလိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ၏အားသာချက်ပေါ် အခြေခံပြီး အသုံးချတတ်မည်ဆိုပါက အခွင့်အလမ်းကောင်းများ ရရှိလာနိုင်ကြောင်း၊ အခွင့် အလမ်းအနေဖြင့် တစ်ကမ္ဘာလုံးတွင်စားသောက်ကုန် ဆိုင်ရာထုတ်ကုန်များ လိုအပ် နေသည့်အတွက် နည်းပညာကောင်းများသုံးစွဲပြီး အန္တရာယ်ကင်းရှင်းသော တန်ဖိုးမြှင့် ထုတ်ကုန်များ၊ ဆန်းသစ်တီထွင်သည့် ထုတ်ကုန်များထုတ်လုပ်လာနိုင်ရေး၊ ကမ္ဘာ့ တန်ဖိုးမြှင့်ကွင်းဆက်နှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းထုတ်လုပ်မှု ကွန်ရက်များသို့ ဝင်ရောက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းကြရန်လိုအပ်ကြောင်း။
ကပ်ရောဂါကြောင့် စားသုံးသူများ၏ အပြုအမူနှင့် လိုအပ်ချက်များလည်း ပြောင်းလဲလာသည့် အတွက် MSME များအနေဖြင့် ဈေးကွက်သုတေသနရလဒ်များကို လေ့လာဆောင်ရွက်ရန်နှင့် ဒီဂျစ်တယ်နည်းပညာကို မဖြစ်မနေသုံးစွဲနိုင်ရန် လိုအပ်လာ ပြီ ဖြစ်ကြောင်း၊ သို့သော် MSME များအနေဖြင့် လက်ရှိအချိန်ထိ ဒီဂျစ်တယ်နည်းပညာ ကို ထုတ်လုပ်မှုပိုင်း၊ ဈေးကွက်မြှင့်တင်ရေးပိုင်းနှင့် ကုန်သွယ်ငွေလွှဲသည့် နေရာများ တွင် ကျွမ်းကျင်စွာသုံးစွဲရန်ခက်ခဲနေဆဲဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် MSME များ အခွင့်အရေးများလက်ဝယ်ရရှိနိုင်ရန်နှင့် စိန်ခေါ်မှုများကို အတူတကွ ဖြေရှင်းပေး နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာ နှင့်ပတ်သက်၍ e-ID စနစ်မှစ၍ E- Goverment အထိသွားရောက်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါစနစ်များ ပြီးစီးသည့်အချိန်တွင် MSME လုပ်ငန်းများ၏ ဈေးကွက်သုတေသနလုပ်ငန်း၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့်ဆောင်ရွက်ရသည့်လုပ်ငန်း၊ ထုတ်လုပ်မှုအပိုင်း၊ ဈေးကွက်မြှင့်တင်ရေးနှင့် ရှာဖွေရေးအပိုင်း၊ ကုန်သွယ်ငွေလွဲမှု အပိုင်းများသည် အစိုးရမှလက်ရှိဆောင်ရွက်နေသည့် E-Goverment စနစ်တွင် အလို အလျောက်ပါဝင် သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် MSME အေဂျင်စီဖွဲ့စည်းပြီး လိုအပ်သည့် လုပ်ထုံးလုပ်နည်း များအားလုံး ပြီးစီးချိန်တွင် မှတ်ပုံတင်ထားခြင်းမရှိသေးသည့် MSME လုပ်ငန်းများကို ဒီဂျစ်တယ်စနစ်ဖြင့် Online မှ မှတ်ပုံတင်ပေးနိုင်ရေး အေဂျင်စီများကလည်း ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင်လည်း အေဂျင်စီများနှင့်ပတ်သက်၍ တရားဝင်ဖွဲ့စည်းဆောင်ရွက်သွားရန် ဆွေးနွေးဆုံးဖြတ် သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဒစ်ဂျစ်တယ်နည်းပညာဖြင့် မိမိတို့လုပ်ငန်းများကို မှတ်ပုံ တင်ထားမှသာလျှင် နိုင်ငံတော်က ပံ့ပိုးပေးမည့် ငွေကြေးအရင်းအနှီးနှင့် အခွန်အခ သက်သာခွင့် အပါအဝင် အထောက်အပံ့အားလုံးကို ရယူခံစားခွင့်ရှိမည်ဖြစ်ကြောင်း။
ထို့ပြင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်း အဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် မိန့်ကြားသွားသကဲ့သို့ MSME လုပ်ငန်းများအတွက် အဓိကကျသောလိုအပ်ချက်များဖြစ်သည့် ကုန်ကြမ်း၊ သွင်းအားစု၊ ကျွမ်းကျင်လုပ်သား၊ အရင်းအနှီးစသည့် အချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ အားလုံး ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းသွားရန်လိုကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်များအတွင်း MSME လုပ်ငန်းရှင်များ နှင့် တွေ့ဆုံရာတွင် လုပ်ငန်းရှင်များ၏ တင်ပြချက်များအနေဖြင့် ကဏ္ဍ ၇ ခုတွင် စုစုပေါင်း ၉၅ ချက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ အဆိုပါတင်ပြချက်များကို တစ်ချက် ချင်း ဆက်လက် အကောင်အဖော်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
မိမိတို့လုပ်ငန်းကော်မတီသည် MSME ဗဟိုကော်မတီမှချမှတ်သည့် မူဝါဒ များနှင့် MSME လုပ်ငန်းလုပ်ကိုင်သူများကြား ပေါင်းကူးသဖွယ် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်မှု၊ လုပ်ငန်းရှင်များ၏ လက်တွေ့လိုအပ်ချက်၊ အခက်အခဲ၊ လိုအပ်သည့်အကြံဉာဏ် နည်းပညာပေးခြင်း၊ လက်ခံခြင်း၊ ဖြည့်ဆည်းပေးခြင်း စသည် တို့ကို အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်ပေးရမည့် ကော်မတီတစ်ခုဖြစ်ကြောင်း၊ သို့ဖြစ်၍လည်း ဝန်ကြီးဌာနအများစုအပါအဝင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံ ဘဏ်များအသင်း၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ် ငန်းရှင်များအသင်း၊ မြန်မာ အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းတို့မှ တာဝန်ရှိသူတို့ဖြင့် ကျစ်လျစ်စွာ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီအဖွဲ့ဝင်တိုင်းသည် နိုင်ငံတော် ၏ စီးပွားရေးကဏ္ဍလျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရေး MSME ဗဟိုကော်မတီနှင့် MSME လုပ်ငန်းရှင်များအား အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များအပေါ် ပေးထား သည့် လုပ်ငန်းတာဝန်များကြားမှ အားသွန်ခွန်စိုက် ကြိုးပမ်းထမ်းဆောင်ကြရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးလျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ကြရမည့်ကော်မတီဖြစ်၍လည်း တာဝန်ဝတ္တရားများ ကြီးမားသကဲ့သို့ အဆိုပါတာဝန် ဝတ္တရားများ ကျေပွန်စွာထမ်းဆောင်နိုင်စေရေး အတွက်လည်းလုပ်ငန်းကော်မတီဝင် အားလုံးမှ တက်ညီလက်ညီဝိုင်းဝန်းပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း။
၎င်းအပြင် ဒေသဆိုင်ရာ အေဂျင်စီများအနေဖြင့် လစဉ်လုပ်ငန်း ဆောင်ရွက် ချက်များကို လုပ်ငန်းကော်မတီသို့ ပေးပို့တင်ပြသွားရမည်ဖြစ်ပြီး လုပ်ငန်းကော်မတီမှ တစ်ဆင့် ဗဟိုကော်မတီသို့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း၊ ဒေသအသီးသီးရှိ အလား အလာ ကောင်းသည့် ကုန်ကြမ်းများ၊ လယ်ယာ/ သား/ ငါး ထွက်ကုန်များကို နည်းပညာ စက်ပစ္စည်းအကူအညီဖြင့် ကုန်ကြမ်း အဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖြစ်ပေါ်ရေး၊ တန်ဖိုးကွင်းဆက် မြှင့်တင်နိုင်ရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်ပြီး နိုင်ငံ့ GDP ကို မြှင့်တင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် က သက်ဆိုင်ရာ အမှာစာများကို ဖတ်ကြားတင်ပြသည်။
ယင်းနောက် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ညွန်ကြားရေးမှူးချုပ်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ က အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍများ အလိုက်ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် လုပ်ငန်းကော်မတီတွဲဖက်အတွင်းရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က အစည်းအဝေးဆုံးဖြတ်ချက်များကို အတည် ပြုချက်ရယူနိုင်ရန် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ရှင်းလင်း ဆွေးနွေး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြား သည်။
ထို့နောက် စက်မှုဝန်ကြီးဌာန၊ မူဝါဒနှင့်ပြည်ပရေးရာဌာန၊ နည်းပညာနှင့် ဈေးကွက်မြှင့်တင်ရေးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနပြခန်းများ ကို ကြည့်ရှုရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ ကြကြောင်းသတင်းရရှိသည်။