မြန်မာ့လက်မှု ယွန်းထည်ပစ္စည်းများ ရောင်းအား ကောင်းမွန်လာသည့်အတွက် ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေ
မြန်မာ့လက်မှုထည်ဖြစ်သည့် ယွန်းထည်ပစ္စည်းများ ရောင်းအား ကောင်းမွန်လာသည့်အတွက် ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေနေကြောင်း မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသမှ ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရ သည်။
“ပွင့်လင်းရာသီ ရောက်လာပြီဖြစ်လို့ ပုဂံကို ခရီးသွားတွေ တော်တော်လာကြတယ်။ ခရီးသွားတွေများလာပြီး ယွန်းထည် ရောင်းအားကောင်းလာတဲ့အတွက် ဒေသခံယွန်းထည် လုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့ အဆင်ပြေလာကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင် ကာလတွေတုန်းကဆို ခရီးသွားတွေတော်တော်လာကြတယ်” ဟု ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသမှ ယွန်းထည်လုပ်ငန်း လုပ်ကိုင် သူတစ်ဦးကပြောသည်။
ခရီးသွားလုပ်ငန်းကို အမှီပြု၍ ရောင်းချနေရသည့် ယွန်းထည်များမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလမှစတင်ကာ ရောင်းအားကျဆင်းခဲ့ပြီး လုပ်ငန်းများ ခေတ္တရပ်နားခဲ့ရသည့်အတွက် ယွန်းထည်လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်သူများမှာလည်း လယ်ယာကိုင်းကျွန်း လုပ်ငန်းများအပြင် တခြားသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ပြောင်းလဲ လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။
ယခုနှစ်ပွင့်လင်း ရာသီမှစတင်ကာ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ခရီးသွား လာရောက်မှု များပြားလာသည့် အတွက် ယွန်းထည်ပစ္စည်းများ ရောင်းအားပြန်လည် ကောင်းမွန်လာကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ ပုံမှန်လည်ပတ်ပြီး ယွန်းထည် ပစ္စည်းများကို ပြန်လည် ထုတ်လုပ်လာသည့် အတွက် ဒေသခံများအနေဖြင့် အလုပ်အကိုင်ရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလာကြကြောင်း သိရသည်။
ယွန်းထည်ပစ္စည်းများတွင် အမျိုးအစား ၈၀ ခန့်ရှိသည့်အနက် ယွန်းဆွမ်းအုပ်နှင့် ယွန်းလက်ဖက်အုပ် စသည်တို့ကို အဝယ် များပြီး ဈေးနှုန်းများ အနေဖြင့် အနည်းဆုံး ငွေကျပ် ၁၈၀၀ မှစတင်ကာ သိန်းဂဏန်း အထိ အစားစားရှိကြောင်း၊ ယွန်းထည် ပစ္စည်းများကို ပြည်တွင်းခရီးသွားများထက် နိုင်ငံခြားခရီးသွား ဧည့်သည်များက အမှတ် တရပစ္စည်းအဖြစ် ပိုမိုဝယ်ယူကြကြောင်း သိရသည်။