Naypyitaw State Academy ကို ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့ကဲ့သို့ ထိပ်တန်း တက္ကသိုလ်ဖြစ်အောင် ဆောင်ရွက်မည်
နေပြည်တော် နိုဝင်ဘာ ၁၆
တက္ကသိုလ်ကျောင်းအပ် လက်ခံမှုများကို ယခင်က နိုဝင်ဘာ ၁၈ ရက် နောက်ဆုံးထား အပ်နှံရန်သတ်မှတ်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် နောက်ကျနေသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်း အပ်နှံနိုင်ရေးအတွက် နိုဝင်ဘာ လကုန်အထိ စနေ၊ တနင်္ဂနွေရက်တို့အပါအဝင် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလနောက်ပိုင်းတွင် ကျောင်းအပ်လက်ခံမည် မဟုတ်ကြောင်း ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်များရှိ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သင်ကြားသင်ယူရေးသည် အရေးကြီးကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကို သင်ကြား သင်ယူမှုအောင်မြင်အောင် ဆရာ၊ ဆရာမများ အနေဖြင့် စိတ်သစ်ကိုယ်သစ်ဖြင့် ဝိုင်းဝန်း လက်တွဲကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ တက္ကသိုလ် အသီးသီးရှိ ကွန်ပျူတာဌာနများက မိမိတို့ကျောင်းရှိ အရာထမ်း၊အမှုထမ်းများ၏ ကိုယ်ရေးအချက်အလက် များကို လစဉ် update ဖြည့်သွင်းဆောင်ရွက် ထားကြရမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့် ညံ့သူကိုတော်လာအောင်၊ တော်သူကို ပိုမိုထူးချွန်ထက်မြက် လာအောင် ပြုစုပျိုးထောင် သင်ကြားပေးစေလိုကြောင်း၊ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ အနေဖြင့် စာသင်ခန်းများတွင် သင်ကြားသင်ယူနေမှုများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ သင်ကြား သင်ယူမှု ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တက္ကသိုလ်များအတွက် ခွဲဝေရရှိထားသည့် သင်ထောက်ကူပစ္စည်းများကို အကျိုးရှိ ထိရောက်အောင် သုံးစွဲဆောင်ရွက်ကြစေလိုကြောင်း၊ သုံးစွဲမှု မှတ်တမ်းများကိုလည်း စနစ်တကျ ထားရှိကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တက္ကသိုလ် ပညာသင်နှစ်အစမှစတင်၍ ကျောင်းသား၊ ကျောင်းသူများကို စေတနာအပြည့်ဖြင့် အမှန်တကယ်တတ်အောင် သင်ကြားပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က စိန်ရတု လွတ်လပ်ရေးနေ့ပြခန်း များတွင် တက္ကသိုလ်များ၏ သိပ္ပံပြခန်းများ ထိရောက်စွာပြသရေး၊ အသေးစား၊ အငယ် စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ (MSME) ကို အထောက်အကူပြုမည့် အသုံးချ ဘာသာရပ်များ တိုးချဲ့ဖွင့်လှစ်ရေး၊ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုလျှင် အနည်းဆုံး တက္ကသိုလ်တစ်ခုတွင် ပါရဂူတန်း ဖွင့်လှစ်ရေး၊ အသုံးချသုတေသန ဆောင်ရွက်ရေး အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့က တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ်စဉ် ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များကို ရှင်းလင်းပြောကြားသည်။
ထိုမှတစ်ဆင့် ပြန်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Naypyitaw State Academy သို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့ခန်းတွင်း လေ့ကျင့်သင်ယူနေမှုများနှင့် ဘာသာရပ်ဌာနအသီးသီးတွင် သင်ကြားသင်ယူနေမှုများကို လှည့်လည် ကြည့်ရှုကာ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံပြီး မိမိသင်ယူလေ့လာသော ပညာရပ်များကို ရှင်းလင်းစွာ နားလည် တတ်မြောက်အောင် တက်ကြွစွာ သင်ယူလေ့လာကြရန်မှာကြားကာ အားပေး စကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ် အစည်းအဝေးခန်းမ၌ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် တွေ့ဆုံ၍ Naypyitaw State Academy ကို ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့ကဲ့သို့ ထိပ်တန်း တက္ကသိုလ်ဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ရာ ဆရာ၊ ဆရာမ အရည်အသွေး၊ ကျောင်း သား၊ ကျောင်းသူ အရည်အသွေး တိုးတက်ရေး ပိုမိုကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ သွားလာရေးမှစ၍ လိုအပ်သည်များဖြည့် ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်ကို ပညာရေး မြို့တော်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ရာ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်က အားထားရသည့် အရည်အသွေးပြည့်ဝသော ပညာတတ်များဖြစ်အောင် ပြုစုပျိုးထောင် သင်ကြားပေးကြစေလိုကြောင်း မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။