အမျိုးသားနေ့အခြေခံ မျိုးချစ်စိတ်ဓာတ် ရှင်သန်ရန်

အမျိုးသားနေ့အခြေခံ မျိုးချစ်စိတ်ဓာတ် ရှင်သန်ရန်

(အမျိုးသားနေ့ ဂုဏ်ပြုဆောင်းပါး)

    သမိုင်းသည်  သွေးချွေးများဖြင့် အရင်းတည်လျက် ဖြစ်တည်မှုဆိုင်ရာ    အချက်အလက် အထောက်အထားများကို ဖော်ညွှန်းပြသသည့် သဘောကိုဆောင်သည်။ အတိတ်သမိုင်းတွင် ချန်ထားခဲ့ရမည့် အရာများလည်းရှိသည်။ သင်ခန်းစာအဖြစ် ယူဆောင်သွားရမည့် အရာများစွာလည်း ရှိပေသည်။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူတိုင်း  သမိုင်းကိုမြတ်နိုး တန်ဖိုးထားကြသည်။ နိုင်ငံနှင့် ယှဉ်သော အတိတ်သမိုင်းကို လွန်စွာစိတ်ဝင်စားကြသည်။ သမိုင်းအဖြစ် ထင်ကျန်သည့် လူပုဂ္ဂိုလ်နှင့် စာအုပ်စာပေများကို လက်လှမ်းမီသမျှ ရှာဖွေသိုမှီးကြသည်။ သမိုင်းထဲမှ ရရှိနိုင်သည့်  စေတနာ၊ မေတ္တာ၊ သစ္စာတရားတို့ကို ရှာဖွေကြသည်။ သမိုင်းသည် တန်ဖိုးထားသူများ၏ ခေတ်အဆက်ဆက် ရှင်သန်နေမည့်  ခိုင်မာသော ကမ္ပည်းကျောက်စာပမာတူသည်။  မြန်မာနိုင်ငံ၏ သမိုင်းဝင် နေ့စွဲများစွာရှိပေသည်။ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး လှုပ်ရှားမှုနေ့စွဲတစ်ခု ဖြစ်သည့်    အမျိုးသားနေ့သည် မမေ့စကောင်း၊ သတိရကောင်းသည့်နေ့တစ်နေ့ဖြစ်ပါသည်။

နယ်ချဲ့တို့သည်  မြန်မာလူမျိုးများ ပညာသင်ကြားရာတွင်  ပိတ်ပင် အတားအဆီးဖြစ်စေမည့် တက္ကသိုလ် အက်ဥပဒေသစ်ကို ပြဋ္ဌာန်းသည်။  ငွေကြေးမပြည့်စုံသူများ  ပညာသင်ကြားရန်   အခက်အခဲဖြစ်စေသော ဥပဒေ၊ ဖိနှိပ်တားဆီးသော ဥပဒေတစ်ရပ်ဖြစ်သည်။ မြန်မာလူမျိုးများ ပညာတတ် နည်းပါးစေရန်အကြံဖြင့် ဥပဒေတွင် ပညာသင်ကြားရန်   အခက်အခဲ၊   အကျပ်အတည်းဖြစ်စေသည့်   ပြဋ္ဌာန်းချက်များ ထည့်သွင်းရေးဆွဲခဲ့သည်။  တန်းတူပညာ သင်ကြားရေးဆိုင်ရာ အခွင့်အရေး ဆုံးရှုံးမှုဖြစ်သဖြင့်    အနယ်နယ်အရပ်ရပ်မှ ကောလိပ်၊ တက္ကသိုလ်အဆင့်၊ အထက်တန်း ကျောင်းအဆင့်မှ ကျောင်းသားများသည် ကျွန်ပညာရေးစနစ်ကို   သပိတ်မှောက်ရန်   သစ္စာဓိဋ္ဌာန်ပြု တိုက်ပွဲဝင်ခြင်းဖြစ်သည်။

မိမိနိုင်ငံ   မိမိတို့ကိုယ်တိုင်   ဖန်တီး တည်ဆောက်နိုင်သည့်ခေတ်ကို  လိုလားသူတိုင်း   နယ်ချဲ့အကြံ လက်မခံကြပေ။

အမျိုးချစ်သူများ၏   ပညာရေးအတွက် သင့်ရာနည်းဖြင့်  တွန်းလှန်ပုံက အောင်မြင်ခဲ့သည်။ မြန်မာလူမျိုးများ ပညာရေးတွင် လူရာမဝင်အောင် ကြံဆောင်သည့် အကြံများ ပျက်စီးခဲ့ရသည်။ ထိုမှတစ်ဆင့် နယ်ချဲ့အစိုးရ၏  ကျွန်ပညာရေးစနစ်ကို တော်လှန်ပြီး  အမျိုးသားကျောင်းများ ဖွင့်လှစ်နိုင်ရေး အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။

ဇာတိသွေး၊ ဇာတိမာန်ထက်သန်စွာ တိုက်ပွဲဝင်ခဲ့ကြသည့်   မျိုးချစ်သူရဲကောင်းများ နာမည်မသေ၊ နိုင်ငံတည်တံ့သရွေ့ ရှင်သန်နေသူများဖြစ်သည်။   အမျိုးသားရေး စိတ်ဓာတ်နိုးကြားစွာ  လှုပ်ရှားမှုအဖြစ် နိုင်ငံခြားဖြစ် ထုတ်ကုန်ပစ္စည်းများ မသုံးစွဲရေး၊ ပြည်တွင်းဖြစ်ကို အားပေးရေး လှုံ့ဆော် စည်းရုံးနိုင်ခဲ့ကြသည်။ ကျောင်းသားလှုပ်ရှားမှုမှသည် လွတ်လပ်ရေး ကြိုးပမ်းဆောင်ရွက်မှု၏ အရင်းခံရေသောက်မြစ်သဖွယ် ဖြစ်ခဲ့ပြီး  မြန်မာတို့၏  အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်မှုကို  ပြသနိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင်   အမျိုးသားနေ့ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျင်းပလေ့ရှိပြီး  ဂျီစီဘီအေ အထူးကွန်ဖရင့်က  နယ်ချဲ့ဆန့်ကျင်ရေးနှင့်  အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုဖြစ်သည့် မြန်မာသက္ကရာဇ်  ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင်  ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို  တက္ကသိုလ်ကျောင်းသားများ  သပိတ်မှောက်   ဆန့်ကျင်ခဲ့သည့်နေ့ကို အမျိုးသားနေ့အဖြစ်  သတ်မှတ်ရေးဆွေးနွေးခဲ့ရာမှ အတည်ပြုထွက်ပေါ်လာသော နေ့တစ်နေ့ဖြစ်သည်။   ကိုလိုနီနယ်ချဲ့ အစိုးရအပေါ် အောင်ပွဲခံသောနေ့လည်း ဖြစ်သဖြင့် အမျိုးသားအောင်ပွဲနေ့ဟုလည်း ခေါ်တွင်ကြသည်။ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုမှသည် လွတ်လပ်ရေးရသည့် နောက်ပိုင်း   ခေတ်အဆက်ဆက်တိုင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး နှိုးဆော်မှုအဖြစ်    ကျောင်းပိတ်ရက်၊    အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ် အသိပေးလျက်ရှိသည်။

နယ်ချဲ့အစိုးရ၏ ကျွန်ပညာရေးစနစ်ကို လက်မခံဘဲ သခင်ပညာ၊  အမျိုးသားပညာရေး အတွက် အုံကြွပေါက်ကွဲမှုကြီး ဖြစ်သဖြင့်    မြန်မာနိုင်ငံ၏ အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းမှုသမိုင်းတွင် ထင်ရှားသော ကျောင်းသားသပိတ် လှုပ်ရှားမှုကြီးဖြစ်သည်။   နိုင်ငံနှင့်အမျိုးသား ဟူသော ဝေါဟာရသည်   ဆက်စပ်နေသည်။ လူမျိုးရေးကိုထိပါးလျှင် ခေါင်းငုံ့ခံလိုစိတ်မရှိ အမျိုးသားရေးအတွက် နိုးကြားစိတ်အမြဲရှိကြသည်။ နယ်မြေပိုင်နက်နှင့် လူမျိုးသည် နိုင်ငံကိုအစဉ်သဖြင့် ကိုယ်စားပြုနေသည်။ နိုင်ငံ့အရေးသည် အမျိုးသားအရေး ကိစ္စဖြစ်သည်။ နိုင်ငံလုံခြုံရေးသည် အမျိုးသား လုံခြုံရေးကိစ္စဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအတွက် လုံခြုံရေးသည် အရေးကြီးသကဲ့သို့ အချုပ်အခြာတည်တံ့ရန် ကာကွယ်စောင့်ရှောက်ကြရမြဲဖြစ်သည်။ အချုပ်အခြာ အာဏာမရှိလျှင် တိုင်းနိုင်ငံ ထူထောင်ရာတွင်  အခက်အခဲမျိုးစုံတွေ့ကြုံနိုင်သည်။

ရိုးရာဓလေ့ထုံးတမ်းများ၊ အမျိုးသားရေး စရိုက်လက္ခဏာများလည်း  ကွယ်ပျောက်သွားနိုင်သည်။

မြန်မာသည် ကမ္ဘာတွင် ဝင့်ထည်နေရမည့်  ရွှေရောင်နိုင်ငံတစ်နိုင်ငံဖြစ်သည်။

နိုင်ငံ၏ပထဝီ အနေအထားအရ ရေခံမြေခံ ကောင်းမွန်ပြီး  ဘာသာ၊ သာသနာထွန်းကားရာ အောင်မြေမဟာဖြစ်သည်။ ကမ္ဘာ့မြေပုံ၊ အာရှမြေပုံများတွင် မြန်မာပါဝင်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးနှင့်  သံခင်းတမန်ခင်း ဆက်ဆံရေးရှိသောနိုင်ငံဖြစ်ခြင်းကြောင့်   အချုပ်အခြာအာဏာ တည်တံ့သော နိုင်ငံဟုဆိုနိုင်သည်။   အချုပ်အခြာအာဏာ တည်တံ့မှုမရှိလျှင် ကြိုးပမ်းရယူခဲ့သည့် လွတ်လပ်ရေးကြီး ဆုံးရှုံးသွားရမည်သာဖြစ်သည်။   ခေတ်သစ်နယ်ချဲ့ လက်အောက်မရောက်ရှိရေးက အမျိုးသားရေး   ဦးထိပ်ထားသူများ၏ တာဝန်ပင် ဖြစ်သည်။

အမျိုးသားအရေး  သွေးမအေးရန် လိုပေသည်။ သွေးချင်း အချင်းချင်း ရင်းနှီးချစ်ကြည်မှုကို တည်ဆောက်၍  သူ့ကျွန်ဘဝ မရောက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ တစ်မျိုးသားလုံး  စည်းလုံးညီညွတ်ခြင်းသည်  မင်္ဂလာရှိသည်။

စုစည်းမိသော ထင်းစည်းကြီးပမာတူသည်။

စည်းလုံးမှုရှိလျှင်  မည်သူမျှမတွန်းလှန်နိုင်ပေ။ ၁၉၂၀ ပြည့်နှစ် သပိတ်ကြီးသည် နိုင်ငံတစ်ဝန်းရှိ    ကျောင်းသားထုကြီး၏ စည်းလုံးမှုကိုပြဆိုခြင်းဖြစ်သည်။ အခွင့်ကောင်းယူလိုသူများ၏ သွေးထိုးခြင်းကို လက်မခံဘဲ အမျိုးသားအရေး   ဦးထိပ်ပန်ဆင် တိုက်ပွဲဝင်ခဲ့ခြင်းလည်း  ဖြစ်သည်။

တက်ကြွသော လုံ့လနှင့်ပြုသော  အလုပ်ဟူသမျှ အောင်မြင်ကြရမည်ဖြစ်သည်။ ကာယ၊   ဉာဏစွမ်းအားပြည့်အောင် လေ့ကျင့်ဆောင်ရွက်နိုင်ပေသည်။ အလေ့အကျင့်တူလျှင်  အတွေ့အကြုံသာသူကသာ အနိုင်ရလေ့ရှိသည်။

ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးသည် တစ်မိုးအောက်မှ မိသားစုများပမာတူသည်။ တစ်လှေတည်းစီး၊   တစ်ခရီးတည်း သွားသူများဖြစ်ခြင်းကြောင့် ပန်းတိုင်သည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးပင်ဖြစ်သည်။    နယ်မြေအကြားအလပ် မရှိ  စားဝတ်နေရေး ပြည့်စုံဖူလုံရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ပညာသင်ကြားခွင့် ရရှိရေး စသောအခြေခံရပိုင်ခွင့်များ ပြည့်မီရန်လိုအပ်သည်။  လွတ်လပ်ခြင်း၊ အခွင့်အရေး ပြည့်မီစွာရရှိခြင်းသည်  လူ့တန်ဖိုးနှင့်အညီ ရသင့်ရထိုက်သော အခြေခံစံနှုန်းများဖြစ်သည်။ အဆိုပါအခြေခံစံနှုန်းများ မဆုံးရှုံးစေရန်  လူတစ်ဦးချင်းစီ၏ အမျိုးသားရေးအမြင်၊   အမျိုးသားရေး အသိစိတ်ဓာတ်များဖြင့်   နိုင်ငံတော်ကို အစဉ်သဖြင့် ကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်သည်။

အနှစ်ချုပ်အားဖြင့် မြန်မာနိုင်ငံသည် တိုင်းရင်းသား သွေးချင်းများဖြင့် စုပေါင်းထားသည့် ပြည်ထောင်စုကြီးဖြစ်ပါသည်။

နိုင်ငံအခက်အခဲကြုံစဉ်ကာလ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြရာတွင် အတူတကွ လက်တွဲခဲ့ကြသည်။ ရန်စွယ်ဟူသမျှ ပူးပေါင်း တိုက်ထုတ်ခဲ့ကြသည်။    ညီညွတ်ခြင်း အင်အားသည် အစဉ်ထာဝရ ခိုင်မာနေမည်ဖြစ်သည်။  စကားသွင်ပြင် မတူညီသော်လည်း  စကားတည်ကြည်မှုဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်သွားရမည်ဖြစ်သည်။

တိုင်းရင်းသားများ လိုလားတောင့်တအပ်သည့် ထာဝရငြိမ်းချမ်းရေးသည် အေးအတူပူအမျ နေထိုင်လိုမှု၏   သင်္ကေတပြယုဂ်ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်သရွေ့   ပြည်ပရန်စွယ် အသွယ်သွယ်ကို ပူးပေါင်းအင်အားစွမ်းရည်များဖြင့် ကာကွယ်သွားနိုင်မည်ဖြစ်ပါကြောင်း ၁၃၈၄  ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင်ကျရောက်သည့်  (၁၀၂) နှစ်မြောက် အမျိုးသားနေ့ကို  ကြိုဆိုဂုဏ်ပြု ရေးသား လိုက်ရပါသည်။   ။

ထက်ဝေအောင်(စစ်ကိုင်း)