မစားသင့်သော အုန်းသီးအဆီ(အုန်းဆီ)

မစားသင့်သော အုန်းသီးအဆီ(အုန်းဆီ)

    သန့်ရှင်းလတ်ဆတ်သော အုန်းဆီသည် စားချင့်စဖွယ် ရနံ့လေးရှိနေပါသည်။ ထို့ကြောင့် အဘိုးအဘွားတို့ခေတ်က ပဲလှော်ကို အုန်းဆီဖြင့်သုပ်၍ စားခဲ့ကြသလို သွားနှင့်ခံတွင်း မွှေးပျံ့သန့်ရှင်းစေရန်အတွက်ကိုလည်း အုန်းဆီကို သွားပွတ်ဆေးအဖြစ် သုံးခဲ့ကြပါသည်။ တချို့နိုင်ငံများတွင်လည်း ယနေ့ ထက်တိုင် စားဖွယ်အချို့တွင် အုန်းဆီသုံး၍ စီမံချက်ပြုတ်လျက်ရှိကြသည်။ အထူးသဖြင့် အာဖရိက၊ အာရှနှင့် တောင်အမေရိကတို့တွင် အုန်းဆီကို စားဖွယ်တစ်မယ်အဖြစ် အသုံးပြုကြသည်။

သို့သော်   ကျန်းမာရေးရှုထောင့်မှကြည့်ပါက အုန်းဆီကို လုံးဝမစားအပ်ပေ။

လူတို့  ရွေးချယ်စားသုံးလိုက်သော ဆီထဲတွင် ကိုလက်စထရောအဆီဓာတ် ပါဝင်မှုများပါက ကျန်းမာရေး ထိခိုက်ပြီး အသက်အန္တရာယ်ရှိနိုင်ပါသည်။ လူမျိုးဘာသာမရွေး စားသုံးဆီများကို နိစ္စဓူ၀ စားသုံးနေကြရာ ထိုစားသုံးဆီများကို ဆီနှင့်အဆီဟူ၍ အခြေခံ နှစ်မျိုး ခွဲခြားစိတ်ဖြာကြည့်ပါက-

-    မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ဝါစေ့ဆီ၊ ဖွဲနုဆီ၊ ပြောင်းဖူးဆီ၊ပဲပုပ်စေ့ဆီတို့က “မပြည့်ဝဆီ” ဖြစ်ပြီး ကိုလက်စထရော အဆီဓာတ် ပါဝင်မှုနည်းသော ဆီဖြစ်ပါသည်။

-   အုန်းဆီ၊ ဝက်ဆီ၊ အမဲဆီ၊ ထောပတ်တို့က “ပြည့်ဝဆီ” ဖြစ်ပြီး  ကိုလက်စထရော အဆီဓာတ်မြင့်မားစွာပါရှိနေသော ဆီဖြစ်ပါသည်။

အရွယ်ရောက်ပြီးသော ကျန်းမာရေး ကောင်းမွန်သူ တစ်ဦးတွင် သွေးထဲရှိ ကိုလက်စထရောပါဝင်မှုနှုန်းမှာ ၂၀၀ မှ ၄၀၀ မီလီဂရမ်သာ ဖြစ်ပါသည်။  ၎င်းပမာဏထက် များနေပါက ကျန်းမာရေးကို ဘေးဖြစ်စေသည်။ သို့သော် ပြည့်ဝဆီဖြစ်စေ၊ မပြည့်ဝဆီဖြစ်စေ မည်သည့်ဆီ အမျိုးအစားကိုမဆို သင့်တင့်မျှတရုံသာစားပါ။

အထက်ဖော်ပြပါ အုန်းဆီ၊ ဝက်ဆီ၊ အမဲဆီ၊ ထောပတ်တို့အပြင်  ကိုလက်စထရော အဆီဓာတ် မြောက်မြားစွာပါရှိသော အစားအစာများမှာ နို့ကရင်မ်၊ တိရစ္ဆာန်များ၏ အသည်း၊ ကျောက်ကပ်၊ ဦးနှောက် နှင့် ကြက်ဥ၊ ဘဲဥ၊ ငုံးဥအပါအဝင် ဥမျိုးစုံတို့၏ အဝါရောင် အနှစ်များဖြစ်ကြသည်။   အကယ်၍ အဆီစားလွန်ကဲပါက  အဝလွန်ပြီး သွေးကြောမာခြင်းရောဂါ၊  သွေးတိုးရောဂါ၊  နှလုံး၊  ဦးနှောက်နှင့် အဆုတ်ထဲတွင် သွေးကြောပိတ်ရောဂါများ ဖြစ်စေပါသည်။ ထို့ပြင် အဆီစားလွန်ကဲခြင်း၏ ဘေးထွက်ဆိုးကျိုးအဖြစ် သွေးထဲတွင် ကိုလက်စထရောဓာတ်နှင့် ထရိုင်ဂလစ်စရိုက်အဆီဓာတ်တွေ များလာပြီး သွေးတိုးရောဂါဖြစ်ခြင်း၊  နှလုံးသွေးကြောကျဉ်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ နှလုံးအဆီပိတ်ခြင်း၊ လေဖြတ်ခြင်းများဖြစ်ကာ နာတာရှည်ရောဂါဆိုးကြီးများ၏ နှိပ်စက်ခြင်းကိုခံရကာ လူ့ဘဝသက်တမ်း တိုတောင်းစေပါသည်။ 

ထို့ကြောင့် ဘဝသက်တမ်းစေ့ နေထိုင်နိုင်ရန်အတွက် ပြည့်ဝဆီပါဝင်မှု အလွန်များသော ဆီနှင့်အဆီတို့ကို အထူးရှောင်ရှားရပါမည်။

မစားသင့်သော အုန်းသီးအဆီ(အုန်းဆီ)

ယနေ့ လူ့ပတ်ဝန်းကျင်တွင်   Saturated Fat ခေါ် ပြည့်ဝဆီများပါဝင်သော အုန်းဆီ၊ ဝက်ဆီ၊ အမဲဆီ၊   ထောပတ်  စသည့်အဆီလေးမျိုးကို တွေ့မြင်နေကြရသည်။ အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့ (AHA) မှ  သုတေသီများက  ၎င်းအဆီလေးမျိုးကို အခြေခံ၍ အစားအစာများ စားသုံးခြင်းနှင့်   နှလုံးအပေါ်  အကျိုးသက်ရောက်မှုကို စမ်းသပ်မှု ခုနစ်မျိုး ပြုလုပ်ခဲ့ကြသည်။

အုန်းဆီပါဝင်နေသော စမ်းသပ်မှုအုပ်စု ခုနစ်မျိုးစလုံးမှာ မကောင်းသော ကိုလက်စထရော LDL    များပါရှိနေကြောင်း တွေ့ရသည်။ ထို့ကြောင့် စမ်းသပ် မှုရလဒ်အဖြစ် ပြည့်ဝဆီများထဲတွင်   အုန်းဆီကို အစာအာဟာရအဖြစ် တစ်စက်ကလေးမျှပင် မစားသင့်ကြောင်း အဖြေထွက်ရှိပါသည်။ အထူးသဖြင့် အုန်းဆီထဲရှိ ကိုလက်စထရောများက သွေးထဲတွင်များပြားလာပြီး သွေးကြောပိတ်ဆို့စေကာ နှလုံးရောဂါ နှင့် လေဖြတ်ခြင်းကို ဖြစ်ပွားစေပါသည်။ 

AHA ၏ ပြောကြားချက်အရ -

-   အုန်းဆီတွင်   ပြည့်ဝဆီပါဝင်မှု   ၈၂  ရာခိုင်နှုန်း၊ 

-   ထောပတ်တွင်  ပြည့်ဝဆီပါဝင်မှု  ၆၃ ရာခိုင်နှုန်း၊

-   အမဲဆီတွင်  ပြည့်ဝဆီပါဝင်မှု  ၅၀ ရာခိုင်နှုန်း၊

-   ဝက်ဆီတွင်   ပြည့်ဝဆီပါဝင်မှု  ၃၉ ရာခိုင်နှုန်း ရှိကြောင်းသိရပါသည်။

ထို့ကြောင့် အုန်းဆီက အခြားသောဆီများထက် ပြည့်ဝဆီပါဝင်မှု ပိုမိုများပြားနေသဖြင့် ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ကြောင်း အမေရိကန်ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူများက  သတိပေးပြောကြားထားပါသည်။

မသုံးသင့်သော အုန်းဆီ

အုန်းသီးအဆီ(အုန်းဆီ)ကို စားသုံးရန် မသင့်သကဲ့သို့ ခန္ဓာကိုယ်၏ တချို့နေရာအတွက်လည်း မသုံးသင့်ပေ။

-   လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ပမာဏရှိသော   အုန်းဆီထဲတွင် ၁၁၇ ကယ်လိုရီ ပါဝင်နေပါသည်။ ထို့ကြောင့် ကိုယ်အလေးချိန် လျှော့ချလိုသူများ အုန်းဆီနှင့် အုန်းနို့များကို လုံးဝမစားပါနှင့်။

-    သွားနှင့်ခံတွင်းအတွက် အုန်းဆီဖြင့် သွားများကိုပွတ်တိုက်ခြင်းက ထူးထူးခြားခြား သန့်ရှင်းစင်ကြယ်မှု မဖြစ်စေနိုင်ပါ။

-   ထိခိုက်ရှနာ၊ ပွန်းပဲ့နာနှင့် အရေပြားနီရဲ အင်ပျဉ် ထခြင်းအတွက် အုန်းဆီ မလိမ်းပါနှင့်။ အနာကျက်ခဲယဉ်းစေပါသည်။

-   အုန်းဆီထဲမှာ UV ကာကွယ်နိုင်သော အစွမ်းသတ္တိ လွန်စွာနည်းပါးနေပါသည်။ ထို့ကြောင့်   ခြေထောက်နှင့် လက်မောင်းများပေါ် နေလောင်ဒဏ်   ကာကွယ်ရန်အတွက် အုန်းဆီ လိမ်းခြင်းကလည်း အကျိုးအာနိသင် ထိရောက်မှုမရနိုင်ပါ။ 

-   ခြေထောက် ချေး(ဂျီး)ချွတ်ရာတွင် လည်းကောင်း၊ ခြေဖနောင့် ကွဲအက်ရာတွင် လည်းကောင်း တခြားသော ပန်းရနံ့ဆီများကို  ရေနွေးထဲတွင်  ဆီအစက်ချ၍သုံးခြင်းဖြင့် ရလဒ်ကောင်းစေပါသည်။ သို့သော် ၎င်းနည်းအတွက် အုန်းဆီကို သုံး၍ အကျိုးမရှိစေပါ။

သုံးသင့်သော အုန်းဆီ

အဆိုးအကောင်း ဒွန်တွဲလျက်ရှိသော လောကဓမ္မတာအရ အုန်းဆီကလည်း လူသားတို့အတွက် အထောက်အပံ့ကောင်းများစွာ ပေးစွမ်းနိုင်ပါသည်။ 

-   ငယ်ထိပ်ကို အုန်းဆီလိမ်းပေးခြင်းဖြင့် ဦးခေါင်း           တစ်ခုလုံး ပေါ့ပါးလန်းဆန်းသွားကာ မှတ်ဉာဏ်ရည်အားကောင်းစေပါသည်။

-   နားရောဂါ အမျိုးမျိုးအတွက် နားထဲသို့ အုန်းဆီစစ်စစ် ထည့်ခြင်းဖြင့် သက်သာပျောက်ကင်းစေပါသည်။  ထို့ကြောင့် ရှေးလူကြီးများက “နားမှာ   ဆီ”  ဟု ဆိုရိုးစကားရှိပါသည်။

-   အိမ်ထောင်ရှင် အမျိုးသမီးများ ညအိပ်ရာဝင်ခါနီး ချက်(ဝမ်းဗိုက်)မှာ  အုန်းဆီ လိမ်းပေးခြင်းဖြင့် သန္ဓေအောင်နိုင်စွမ်း မြင့်မားကာ ကိုယ်ဝန်ရရန် အထောက်အကူဖြစ်စေပါသည်။ (ဂွမ်းကို အုန်းဆီထဲမှာနှစ်ပြီးနောက် ချက်ထဲတွင် ခဏထားပါ။ ၁၅  မိနစ်ခန့်ကြာအောင် ပွတ်သပ်နှိပ်နယ်ပေးပါ)

-   ကလေးမွေးဖွားပြီးနောက်  ဗိုက်ကြောပြတ်ခြင်း အတွက်ကိုလည်း အုန်းဆီလိမ်းပေးနိုင်ပါသည်။

-   ဗိုက်ရစ်ပြီးနာခြင်းနှင့်  အမျိုးသမီးများ ရာသီလာစဉ် နာကျင်ခြင်းအတွက် ဝမ်းဗိုက်တွင် အုန်းဆီစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ။  

-   အမျိုးသားများ  အုန်းဆီလိမ်းပြီး  မုတ်ဆိတ်ရိတ်ခြင်းဖြင့်   မျက်နှာဓားရှခြင်းမှ  ကြိုတင်ကာကွယ်ရာရောက်ပါသည်။

-   ဦးခေါင်း  ဗောက်ထသူများက  ဆံသားနှင့်ဦးရေပြားထဲသို့ အုန်းဆီစိမ့်ဝင်သွားအောင် နှိပ်နယ်၍လိမ်းပါ။ 

-   မျက်ကွင်းညိုခြင်း အတွက် ညအိပ်ရာမဝင်ခင် မျက်ကွင်းတစ်ဝိုက် အုန်းဆီအနည်းငယ်မျှ ပုံမှန်လိမ်းပေးခြင်းဖြင့်  ပျောက်ကင်းအောင် ကုသနိုင်ပါသည်။   ။

ပေါက်ပေါက်