မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ(ပြင်ဦးလွင်) (စတုတ္ထ)နေ့နှင့် ဆုချီးမြှင့် ပွဲကို ဆက်လက်ကျင်းပ
နေပြည်တော်၊ နိုဝင်ဘာ - ၁၇
မြန်မာနိုင်ငံတွင် ထူးချွန်သော ဂေါက်သီးရိုက် အားကစားသမားများ ပေါ်ထွက် လာစေရေးအတွက် မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေ တို့က စီစဉ်၍ Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့မှ အဓိက ကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ်၊ မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်) (စတုတ္တ)နေ့ကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ ချယ်ရီလွင် တပ်မတော် ဂေါက်ကလပ်၌ ပြုလုပ်သည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီး အား ကစားအဖွဲ့ချုပ် ဉက္ကဋ္ဌ ဦးကိုကိုအေး က ပြိုင်ပွဲကို အဓိက ကူညီပံ့ပိုးပေးသော Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်များသို့ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ရာ တာဝန်ရှိသူများက လည်းကောင်း၊ မြန်မာနိုင်ငံ ဂေါက်သီးအား ကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအောင်မြင့်ဦးနှင့် Mytel Operator မှ မန္တလေးတာဝန်ခံတို့က ပြိုင်ပွဲအား လက်ခံကျင်းပပေးသော ချယ်ရီလွင် တပ်မတော်ဂေါက်ကွင်းသို့ အမှတ်တရ လက်ဆောင်နှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် ဝါသနာရှင် အဆင့် (အမျိုးသမီး) ပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် ဝါသနာရှင်အဆင့် (အမျိုးသား)ပြိုင်ပွဲတွင် ဆုရရှိကြသူများကို မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် အထက်မြန်မာပြည် ဂေါက်သီးအဖွဲ့ချုပ် ဆပ်ကော်မတီဉက္ကဋ္ဌ ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ကြသည်။
ယင်းနောက် ပညာရှင်အဆင့်ပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက် (၉)ချက် လျော့ရိုက်ကာ စုစုပေါင်းရိုက်ချက်(၂၇၉)ချက်ဖြင့် ပထမဆုရရှိခဲ့သော သိန်းနိုင်စိုး (HAN Goft Academy) အား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး က ဂုဏ်ပြုဆုဖလားနှင့် ဆုကြေးငွေ ချက်လက်မှတ်ကို ပေးအပ်ချီးမြှင့်ကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။