တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ဆက်လက် အကျိုးသက်ရောက်စေမည့် အမေရိကန်၏ ရပ်တည်ချက်များ

တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ဆက်လက် အကျိုးသက်ရောက်စေမည့် အမေရိကန်၏ ရပ်တည်ချက်များ

တရုတ်နှင့်အမေရိကန်တို့ကြား အငြင်းပွားမှုသည် မည်သည့်နိုင်ငံ၏ အကျိုးစီးပွားကိုမျှ    ဖြစ်ပေါ်စေခြင်း မရှိသောကြောင့် နှစ်နိုင်ငံကြား  ပူးပေါင်းဆောင်ရွက်မှုကိုသာ  ဆက်လက်လုပ်ဆောင်ရန်  တရုတ် သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အား တိုက်တွန်းလိုက်သည်။

အကယ်၍    အမေရိကန်အနေဖြင့် တရုတ်နိုင်ငံအပေါ် ထိန်းချုပ်ရန် သို့မဟုတ် ဖိနှိပ်ရန် ကြိုးပမ်းလာပါက မျှော်မှန်းထားသည်နှင့် ဆန့်ကျင်သည့်ရလဒ်ကိုသာ ထွက်ပေါ်စေမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖျင်က နိုဝင်ဘာ ၁၄  ရက်တွင် ဂျိုးဘိုင်ဒင်နှင့်မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့သည့် တွေ့ဆုံပွဲ ၌ပြောကြားခဲ့ခြင်း ဖြစ်သည်။ သမ္မတရှီကျင့်ဖျင်နှင့်  ဂျိုးဘိုင်ဒင်တို့နှစ်ဦးသည်  အင်ဒို နီးရှားနိုင်ငံ    ဘာလီကျွန်း၌ကျင်းပသည့်  G20  ထိပ်သီးဆွေးနွေးပွဲ၏   ဘေးပန်းဆွေးနွေးပွဲတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ခေါင်းဆောင်နှစ်ဦး၏ ဆွေးနွေးမှု များသည် အပြုသဘောဆောင်ကြောင်း  တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့်ကြေညာ ချက်တွင် ဖော်ပြထားသည်။

တရုတ်နှင့်အမေရိကန်တို့သည်    ဘုံအကျိုးစီးပွားများကို  ဝေမျှခံယူထားခြင်းကြောင့်  နှစ်နိုင်ငံကြားရှိ  တင်းမာမှုများသည်   ကမ္ဘာ့အင်အားကြီးနိုင်ငံများကြား ထိပ်တိုက်တွေ့ဆုံမည့်အန္တရာယ်ကို   ဖြစ်ပေါ် လာစေနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။ တစ်နည်းအားဖြင့် ဆိုရပါမူ နှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေးအငြင်းပွားမှု၊ တရုတ်(တိုင်ပေ) အရေးနှင့် အမေရိကန်၏  အင်ဒို-ပစိဖိတ်မဟာဗျူဟာ စသည့် ကိစ္စရပ်များကို တရုတ်အစိုးရက ရည်ညွှန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု  ယူဆနိုင်သည်။  အဘယ်ကြောင့်ဆိုသော် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်တွင် စတင်ခဲ့သည့်  ကုန်သွယ်ရေးအငြင်းပွားမှုသည် လက်ရှိအချိန်ထိ  ဖြေရှင်းနိုင်ခြင်း မရှိသေးသည့်အပြင် တရုတ်(တိုင်ပေ)အရေးတွင် အမေရိကန်က ဝင်ရောက် စွက်ဖက်နေသောကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာ ဖော်ဆောင်မှုကို တရုတ်အစိုးရက အနီးကပ်စောင့်ကြည့် လျက်ရှိသည်။

ထို့ကြောင့် တရုတ်နှင့်အမေရိကန်တို့ အနေဖြင့်   နှစ်နိုင်ငံကြားဆက်ဆံရေးကို လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက် ရှိစေရေးနှင့် နှစ်နိုင်ငံစလုံး၏အကျိုးစီးပွား တိုးတက်စေရေးလုပ်ဆောင်ရန်   လိုအပ်ကြောင်း သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

လက်ရှိတွင်  တရုတ်နှင့်  အမေရိကန်တို့သည် နိုင်ငံရေးနှင့်စီးပွားရေးတွင် မတူ ကွဲပြားသည့်စနစ်များကို ချမှတ်ကျင့်သုံး လျက်ရှိသော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံကြား  ကွဲပြားမှုများကို  အသိအမှတ်ပြု၍ အပြန်အလှန်လေးစားရန်   အရေးပါလှသည်။ သို့မှသာ တရုတ်နှင့် အမေရိကန် တို့အနေဖြင့်   ငြိမ်းချမ်းစွာ   အတူယှဉ်တွဲ နေထိုင်နိုင်မည်ဖြစ်သည်။

တရုတ်နှင့်အမေရိကန်တို့ကြား ဆက်ဆံ ရေးကို ထိပ်တိုက်ရင်ဆိုင်မှုနှင့် ယှဉ်ပြိုင်မှု တို့ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုရန် မသင့်လျော်ဟု တရုတ်အစိုးရက ယူဆနေပြီး နှစ်နိုင်ငံစလုံး အကျိုးရှိစေမည့်  ပူးပေါင်းဆောင် ရွက်မှုများကိုသာ   လုပ်ဆောင်ရမည်ဟု တရုတ်နိုင်ငံက   ယုံကြည်လျက်ရှိသည်။ ထို့ပြင်  တရုတ်နိုင်ငံသည်   မိမိဘာသာ ရပ်တည်နေသည့် အစဉ်အလာရှိသောနိုင်ငံဖြစ်ပြီး   နိုင်ငံအပေါ်လုပ်ဆောင်လာမည့် ထိန်းချုပ်မှုနှင့် ဖိနှိပ်မှုတို့သည် တရုတ်နိုင်ငံနှင့်   တရုတ်ပြည်သူတို့၏စိတ်ဓာတ်နှင့်    ပြင်းပြသော စိတ်ဆန္ဒကိုသာ ပိုမိုခိုင်မာလာစေမည် ဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးသည် တွေ့ဆုံပွဲတွင် တရုတ်(တိုင်ပေ)  အရေးနှင့်စပ်လျဉ်း၍လည်း အချေအတင် ဆွေးနွေးခဲ့ကြသည်။တရုတ်(တိုင်ပေ)သည် တရုတ်ပြည်မကြီး၏ ခွဲထုတ်၍မရနိုင်သော အစိတ်အပိုင်း ဖြစ်သောကြောင့် ၎င်းအရေးသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားဖြစ်သည်ဟု တရုတ်က ယူဆနေသည်။ ထို့ကြောင့် တရုတ်-အမေရိကန်ဆက်ဆံရေးတွင်     တရုတ်(တိုင်ပေ)  အရေးသည်  အထိအခိုက်မခံ သည့်အရေးကိစ္စတစ်ခုအဖြစ်    တည်ရှိနေသည်။   တရုတ်အစိုးရသည်   တရုတ်(တိုင်ပေ)ကို  ပြည်မကြီးနှင့်  ပြန်လည်ပေါင်းစည်းရန် စီစဉ်ထားသည်။ ထို့ကြောင့် တရုတ် (တိုင်ပေ)ကို ပြည်မကြီးမှခွဲထွက်ရန် ကြိုးပမ်းသည့် မည်သည့်လုပ်ဆောင်ချက်မျိုးမဆို တရုတ်နိုင်ငံ၏ အခြေခံအကျိုးစီးပွားကို လျော့ပါးစေမည် ဖြစ်သည်။

ထို့ပြင် တရုတ် (တိုင်ပေ)က လွတ်လပ် ရေးကြေညာခြင်းနှင့် ဒေသတွင်းတည်ငြိမ် အေးချမ်းမှုတို့သည်    ညှိ၍မရနိုင်သော အရာများဖြစ်သည်ဟု တရုတ်က ခံယူထားသည်။ တစ်နည်းအားဖြင့် ဆိုရပါမူ တရုတ်(တိုင်ပေ)ကို  ပြည်မကြီးမှခွဲထွက်၍ လွတ်လပ်သည့်နိုင်ငံအဖြစ် ကြိုးပမ်းမည့် မည်သည့် လုပ်ဆောင်ချက်မျိုးကိုမဆို  တရုတ်အစိုးရက တားဆီးသွားမည် ဖြစ်သည်။ ထိုသို့ကြိုးပမ်းခြင်းသည်  ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို လျော့ပါးစေမည်ဟု    ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။  အကြောင်းမှာ တရုတ်(တိုင်ပေ) တိုက်ခိုက်ခံရပါက အမေရိကန်က ခုခံကာကွယ်ပေးမည်ဟု  ဂျိုးဘိုင်ဒင်က  အစောပိုင်းတွင် ထပ်လောင်းပြောကြားခဲ့ခြင်းကြောင့် ဖြစ်သည်။

ကမ္ဘာ့အင်အား အကြီးဆုံးနှစ်နိုင်ငံကြား ပြိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍   အမေရိကန် အစိုးရအနေဖြင့် ၂၁ ရာစုကို အမေရိကန်- တရုတ်နှစ်နိုင်ငံကြား  ပြိုင်ဆိုင်မှုတစ်ရပ်အဖြစ် ရှုမြင်ကြောင်း၊ ထို့ကြောင့် အမေရိကန်က ပြိုင်ဆိုင်မှုကို ဆက်လက်လုပ် ဆောင်မည်ဖြစ်ပြီး   နှစ်နိုင်ငံကြားတွင် ပဋိပက္ခဖြစ်ပွားမည့် အဖြစ်မျိုးကို ရှောင်ရှား မည်ဟု  ဂျိုးဘိုင်ဒင်က  ဆက်လက်ပြော ကြားခဲ့သည်။  အမေရိကန်အစိုးရသည် ပြီးခဲ့သည့်လ အတွင်းက ကွန်ပျူတာ chip များကို တရုတ်နိုင်ငံသို့တင်ပို့မှုအား ပိတ် ပင်ခဲ့သည်။  အမေရိကန်၏  အဆိုပါ လုပ်ဆောင်ချက်သည် တရုတ်နှင့်ပြိုင်ဆိုင်နေ သည့်    အမေရိကန်စွမ်းဆောင်ရည်ကို တိုးမြှင့်လိုက်ခြင်းဖြစ်ပြီး ယင်းလုပ်ဆောင် ချက်အပေါ်  တရုတ်အစိုးရက  ပြစ်တင် ဝေဖန်ခဲ့သည်။

ခေါင်းဆောင်နှစ်ဦးကြား   တွေ့ဆုံမှုသည်  အပြုသဘောဆောင်သည့်  ရလဒ် တချို့ကို   ထွက်ပေါ်စေခဲ့သည်ဟု ဆိုနိုင်သော်လည်း   တရုတ်နှင့် အမေရိကန်တို့သည် တစ်နိုင်ငံအပေါ် တခြားတစ်နိုင်ငံက သုံးသပ်ရှုမြင်ပုံမှာ ပြောင်းလဲလာခြင်းမရှိ သေးကြောင်း    တရုတ်နှင့် အမေရိကန်ဆိုင်ရာ အထူးကျွမ်းကျင်သူ တစ်ဦးဖြစ်သူ ရောဘတ်ဒါးလေက ပြောကြားထားသည်။

တစ်နည်းအားဖြင့်ဆိုရပါမူ ခေါင်းဆောင်များသည် ၎င်းတို့ရည်ရွယ်ခဲ့သည့်ပန်းတိုင်ကို    ယခုကျင်းပခဲ့သော ဆွေးနွေးပွဲ၌     ရောက်ရှိအောင် အပြည့်အဝလုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဟု ဆိုနိုင်သည်။ ထို့ပြင် အမေရိကန်၏  တရုတ်(တိုင်ပေ)အပေါ်   ဆက်လက်ထောက်ခံနေမှုနှင့်  တရုတ်ကို  ပြိုင်ဘက်နိုင်ငံအဖြစ် ဆက်လက် သဘောထားနေသည့် ရပ်တည်ချက်များသည် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ဆက်လက် အကျိုးသက်ရောက်စေမည် ဖြစ်ကြောင်း    ရေးသားတင်ပြလိုက်ရပါသည်။       ။              

ဇေယျဘုန်း

Ref: Politico, RT